Monday, September 28, 2009

ကြိုတင် အသိပေးခြင်း

သံဃာတော်များ အားလုံးသိစေရန် အသိပေးအပ်ပါသည်၊ ပတ်စပို့စ်ကိုင်သူများအားလုံးနှင့် သက်ဆိုင်ပြီး လိုအပ်သည်ဟုထင်၍ တင်လိုက်ခြင်းဖြစ်ပါသည်၊ အသိပေးလိုသော အကြောင်းမှာ visa, re-entery စသည် ၀န်ဆောင်မှု့ပေးသော တောမောရုံးပြောင်းရွေ့ထားခြင်းကိစ္စဖြစ်ပါသည်၊ သံဃာတော်များ အချိန်ကုန် ငွေကုန် လူပန်းမဖြစ်စေရန် ကြိုတင် အသိပေးခြင်းဖြစ်ပါသည်၊ ၂၈.၀၉.၂၀၀၉ တနင်္ဂနွေနေ့တွင် စတင်ပြောင်းရွေ့သွားခြင်းဖြစ်ပြီး အသစ်ပြောင်းရွေ့သောနေရာမှာ ၀ိဘာဝဒီနယ်၊ ချန်ဝတ္တနလမ်း၊ စွယ် ၇ (ထိုင်းအခေါ် စွယ် ကျစ်) B bulding ဒုတိယထပ်တွင်ဖြစ်ပါသည်၊ တပည့်တော် ပြောင်းရွေ့သွားသော ယနေ့တွင်ပင် ဆာထွန်တောမောရုံးသို့ ဗီဇာတိုးရန်သွားခဲ့ပါသည်၊ လူများရှင်းနေသည်ကို အထူးအဆန်းတွေ့ရသော်လည်း ပြောင်းသွားသည်ဟု လုံးဝမထင်ခဲ့ပါ၊ နောက်မှ အစောင့်က ပြောင်းသွားကြောင်းနှင့် လမ်းများကို ညွှန်ပြသည့် အတွက် နေရာသစ်သို့ ချောမောစွာရောက်ခဲ့ပါသည်၊

သို့သော် နောက်နောင် သွားရောက်မည့်သူများ အချိန်ကုန် လူပန်း ငွေကုန် သက်သာပါစေရန် ဤဘလော့တွင် သတင်းပေး အကြောင်းကြား သိစေအပ်ပါသည်၊ နီးစပ်ရာများသို့လည်း အဆင့်ဆင့် အသိပေး အကြောင်းကြားပေးပါရန်လည်း နှိုးဆော်အပ်ပါသည်၊ မြန်မာလူမျိုးအများစုသည် သတင်းအချက်အလက်များ နည်းပါးသည့်အတွက် သိသင့်သလောက် မသိဘဲ အမြဲလိုလိုနောက်ကျတတ်ပါသည်၊ အားလုံး လက်ဆင့်ကမ်းကြလိမ့်မည်ဟု မျှော်လင့်ပါသည်၊ ကျေးဇူးတင်ပါသည်။

Sunday, September 27, 2009

ဒုတိယအကြိမ် (၃) လပတ် အစည်းအဝေး

မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့

(ထိုင်းနိုင်ငံ)

ဒုတိယအကြိမ် (၃) လပတ် အစည်းအဝေးကြီး၌ ဝေဖန်အကြံပြု သဘောတူ ဆုံးဖြတ်ချက်များ။

ကျင်းပသည့်နေရာ။ ။ ဝတ်တလုမ်ကျောင်း

ကျင်းပသည့်နေ့ရက်။ ။ ၂၇-၉-၂၀၀၉ = တနင်္ဂနွေနေ့ ၊ ညနေ ၀၅း၀၀- နာရီ ။

ယနေ့ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် မြန်မာကျောင်းသား ရဟန်တော်များ အဖွဲ့ကြီး၏ အစည်းအဝေး တက်ရောက်လာသော ကော်မတီဝင် ( ၁၃) ပါး နှင့် အဖွဲ့ဝင် ( ၃၁) ပါး စုစုပေါင်း ကျောင်းသားသံဃာတော် (၄၄) ပါးတို့မှ အောက်ပါ အချက်အလက်များအား အများသဘောတူ ဆုံးဖြတ်ချမှတ်လိုက်ပ

ဆုံဖြတ်ချက်များ။ ။

၁။ သင်္ကန်းအရောင်များအား မိမိတို့ ကြိုက်နစ်သက်ရာ အရောင်များကို ဝတ်ဆင်နိုင်ကြောင်း။

၂။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအား အများလေ့လာနိုင်ရန်အတွက် ဥက္ကဌဆရာတော် ဦးဇောတိက မှ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း။

၃။ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာ၌ ပင်မငွေ ၂၀% ရာခိုင်နုန်း၊ အထွေထွေသုံးစာရိတ်အဖြစ် ၃၀ % ရာခိုင်နုန်း၊ အဖြစ်ချန်လှပ်ထားပြီး၊ ကျောင်းသားများအတွက် ၅၀% ရာခိုင်နုန်းကို (၆) လလျှင် တစ်ကြိမ်းနုန်းဖြင့် တစ်နစ်ကို နစ်ကြိမ်း မျှဝေသုံးစွဲ သွားမည်ဖြစ်ကြောင်း ။

၎။ (ယနေ့ ကျင်းပပြုလုပ်သော မဟာချိုင် ပွဲများကဲသို့) သာရေးနာရေးပွဲများတွင်မကြွရောက်သော ကျောင်းသားသံဃာများ၏ အလှုရန်ကို ဘဏ္ဍာတော်ငွေ အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နှင့် အကယ်၍ ကျန်းမာရေး အစရှိသော အရေးကြီးကိစ္စများရှိလျှင် နီးစပ်ရာ သံဃာတစ်ပါးပါးအား ဆန္ဒပေးနိုင်ကြောင်း။ ဆန္ဒပေးသော ပုဂ္ဂိုလ်အား ကော်မတီဝင်များမှ စည်းဝေး၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း။

၅။ အဖွဲ့ဝင်များအားလုံးကို အဖွဲ့ဝင်ကာဒ်ပြားများ ထုပ်ပေးသွားနိုင်ရန်အတွက် နေက်လာမည့် (၃) လပတ် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း။ အသီးသီး ဆုံးဖြတ်ချက်များ ချမှတ်လိုက်ပါသည်။

Saturday, September 26, 2009

ဆရာတော်တစ်ပါး၏ သြ၀ါဒ

အမျူိုးကိုချစ်ပါ၊

ဘာသာကိုကြည်ညိုပါ၊

သာသနာကို မှီခိုပါ၊

ပညာကို အားကိုးပါ။

ငါတို့နေရာ ဤမြေကမ္ဘာ


ကိုယ့်တို့ ရွာအကြောင်းပြောတော့မယ်ဆိုယင် တောတွေပြုန်းတီးပြီး ရွာသားတွေ စိုက်တဲ့ သီးနှံတွေက တစ်နှစ်ထက်တစ်နှစ် အပူရှိမြင့်တက်လာလို့ သဘာဝအတိုင်း ဓာတ်မြေသြဇာမပါဘဲ အသီးအထွက်လျော့လာတာကို သတိထားမိပါတယ်။ လောလောဆယ် ကုလသမဂ္ဂမှာလည်း တောပြုန်တီးတာနဲ့ ကမ္ဘာကြီးပူနွေးလာမှု ဆိုတဲ့ ကောင်းစဉ်တွေနဲ့ပဲ ကမ္ဘာ့ထိပ်တန်းဆွေးနွေးမှုလုပ်လာတာတွေ့နေရတယ်။သူတို့ကတော့ ရောင်စုံမီးတွေအောက်မှာ ခန်းနားကြီးကျယ်စွာနဲ့ဆွေးနွေကြနေကြတာပေါ့။ တို့ကတော့ ရွာမှာ ဖယောင်းတိုင်မီးနဲ့ပဲ လူတွေစုံတုန်း တောင်ယာခုတ်လို့ တောပြုန်းတီးလာနိုင်တဲ့ အန္တရာယ်ကို တစ်ခါတုန်းက ကြုံလို့ ပြောပြခဲ့ဖူးပါတယ်။ ရွာသူရွာသားတွေက ဘာတွေလာပြောနေပါလိမ့်လို့တစ်ချို့က တွေးတောစရာ ဖြစ်နေကြပါလိမ့်မယ်။ ရွာလယ်မှာ တောင်ကျချောင်းရေကတော့ ငယ်ငယ်ကဆို တပေါင်း တံခူးလထိ ရေတွေရှိနေခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြာသိုလ၊ တစ်ပိုးတွဲလလောက်ဆိုပဲ ကျွဲ၊နွားနဲ့ လူတွေက ရွာလယ် တောင်ပေါ်ကနေစီးလာတဲ့ ချောင်းရေကို လုယက် သုံးနေရသလိုဖြစ်လာနေကြပြီ၊ တောင်ပတ်လည်ဝိုင်းနေတဲ့ ကျေးလက်ချစ်ဖွယ်ရွာလေးမှာတော့ ရွာသားတွေက ရာဘာပင်တွေ၊ လိမ်မော်ပင်တွေ ၊ မင်းဂွတ်သီးပင်တွေ၊ သံပရာပင်တွေစိုက်တာနဲ့တင် မြေနေရာမလုံလောက်လာလေတော့ စိုက်စရာမရှိမြေမလောက်တော့ တောင်ပေါ်တက်ပြီး တောင်ယာခုတ်ယင်း ခြံခင်းတွေ ချဲ့ထွင်လာကြတယ်။ သဘာဝသစ်တောကပေးနိုင်တဲ့ ရေ၊ လေ၊ သဘာဝမြေ သြဇာ တွေကလိုသလောက်မရကြတော့ပေ။ အစရှာတော့ ရွာလယ်မှာ စိုက်တဲ့ အသီး အရွက် စားပင်သောက်ပင် ကြီးငယ်များလဲ သဘာဝမြေဆီလွှာခန်းခြောက်လာတော့ သဘာဝမဟုတ်တဲ့ ပြည်တွင်း ပြည်ပ ဓာတ်မြေ သြဇာတွေ အားကိုးလာကြရတယ်။
ရွာဦးကျောင်းဆရာတော်ကလဲ ဒါကိုသိပ်မသိတော့ အထူးအထွေမပြောလို၊ ပြောဖို့တာဝန်ပေးတဲ့သူကိုတော့ နည်းနည်းတော့ အချဉ်ဖတ်သမားဖြစ်မယ်ထင်ပါတယ်။ လူတစ်ယောက်က ကိုယ်ထိုင်နေတဲ့ သစ်ကိုင်းကိုပဲ ကိုယ်ကိုယ်တိုင် ဖြတ်နေလေတော့ လမ်းဘေးလူက အမြင်မတော်လို့သတိပေးခဲ့ယင်တောင်မှ ကဲ့ရဲ့တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ခံကြရသေးတယ်။
ဒါနဲ့ ရွာလည်မှာလမ်းဖြတ်လျှောက်တော့ တောင်သူတစ်ယောက်က မေးလာတယ်။ ရှေးအစဉ်ဆက် သူတို့ဘိုးဖွားဘီဘင်ကတည်းက ဒီလိုပဲ ရိုးရာ အစဉ်လာ လုပ်စားလာတာ အခုနေခါမှ မျိုးစုံနေတော့တာပဲတဲ့။ ကမ္ဘာပျက်ခါနီး နေမင်းကြီး ခုနစ်စင်းထွက်ယင် ကမ္ဘာလောင်မယ်မဟုတ်လား၊ အဲဒီအစား အခုတောခုတ်လဲ ဘာထူးလာမလဲတဲ့။ သူလဲ ကျနော် ခပ်ငယ်ငယ်က အတွေးလိုပဲထင်ပါတယ်။ ခန့်ငယ်ငယ်ကတော့ ကိုယ့်ရွာသည်သာ ကိုယ့်ကမ္ဘာထင်ခဲ့တာမဟုတ်ပါလားနော်။ ငါကတော့ မြို့မှာ ကာဘွန်ထုတ်နေတဲ့ အဲယာကွန်းကားစီးလို့ကောင်းနေပေမယ့် ရွာမှာတော့ဖြင့်............... ဟင်း ....ဘယ်လိုပက်သက်နေတာဘာလိမ့်နော်။

ဤစာပိုဒ်ကလေးဖြင့် ကုသမဂ္ဂက ပိဘတ်စ်မြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာကြီး ပူနွေးလာမှုဆိုင်ရာအစည်းအဝေးကို ဂုဏ်ပြုလိုက်ပါသည်။

Friday, September 25, 2009

ငါးထောင်တန်တဲ့




ရဟန်းတော်များနှင့် မစ္ဆရိယစိတ် (နောက်ခံဇာတ်ကြောင်း)

ဦးအာဒိစ္စ၀ံသနှင့် ဦးဥက္ကဋ္ဌတို့သည် အိန္ဒိယနိုင်ငံတွင် ပညာများသင်ယူရင်း အားလပ်ရက် ရသောအခါ ဒေသန္တရဗဟုသုတအလို့ငှါ အလည်အပတ်ထွက်လေ့ရှိကြသည်၊ တစ်ရက်တွင် အိန္ဒိယတောရွာကြီးတစ်ရွာသို့အလည်ရောက်ခဲ့ကြပြီး မမျှော်လင့်ပဲ ၎င်းရွာမှာ မြန်မာရဟန်းတော် ၂-ပါး ကျောင်းထိုင်နေသည်ကိုတွေ့ခဲ့ရပြီး ထိုကျောင်းမှာပင် တည်းခိုလိုက်ကြသည်၊

အိန္ဒိယမှာ ထူးခြားသော မဟာရာဇာကြီးတစ်ယောက်ရှိသည်၊ သူသည် တိုင်းခန်းလှည့်လည်သည့်အခါတိုင်း ပညာရှိပဏ္ဍိတ်ကြီးများကိုအတူခေါ်လေ့ရှိပြီး ရောက်သည့်နေရာတိုင်းမှာ ပဏ္ဍိတ်၊ ဆာဒူး၊ ရဟန်းတို့နှင့် ဒီဘိတ် (Debate-စကားစစ်ထိုးပွဲ) ပြုလုပ်ခိုင်းလေ့ရှိသည်၊ အနိုင်အရှုံးကို ဘက်မလိုက်ဘဲ မိမိကိုယ်တိုင် ဆုံးဖြတ်ပေးကာ နိုင်သူကို ဆုလာဘ်များပေးလှူသည်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာတော်တို့ ၂-ပါးရောက်ပြီး ၃-ရက် အကြာတွင် မဟာရာဇာကြီးထိုရွာသို့ ရောက်လာပြီး မြန်မာရဟန်းတော် ၂-ပါးရှိသည်ကို ရွာလူကြီးထံမှသိရပြီး ပါလာသော ပဏ္ဍိတ်ကြီးများနှင့် စကားစစ်ထိုးခိုင်းရန် အကြံရခဲ့သည်၊ ရဟန်းတော်တို့အားသွားလျောက်ထားသောအခါ ကျောင်းခံရဟန်း ၂-ပါးလည်း မဟာရာဇာကြီးပင့်ဖိတ်သည်ဖြစ်၍ သူနှင့်တွေ့ရမည့်အခွင့်ထူးကို လက်မလွတ်မခံဘဲ ၀မ်းသာစွာ လက္ခံလိုက်ကြသည်၊ ထိုအကြောင်းကို ကျောင်းခံရဟန်းတော် ၂-ပါးသည် ဦးအာဒိစ္စ၀ံသနှင့် ဦးဥက္ကဋ္ဌတို့ကို အသိမပေးဘဲ ကျိတ်၍တိုင်ပင်ခဲ့ကြသည်၊ မဟာရာဇာကြီးနှင့် သူတို့သာဆုံတွေ့လိုသည်၊ အာဂန္တုရဟန်းများအား ထိုအခွင့်ထူးကို မပေးလိုသည့် သဘောဖြစ်သည်၊

ကျောင်းခံရဟန်းတို့သည် ထိုဆရာတော် ၂-ပါးအား တို့၏ အနေအထားကို မသိကြပေ၊ ထိုဆရာတော်တို့သည် ပိဋ္ဋကတ်အရာ မှာ အလွန်ကျွမ်းကျင်တော်မူသည်ကို၎င်း၊ ဘာသန္တရစာပေနှင့် ဘာသာအယူဝါဒရေးရာများတွင် ကျွမ်းကျင်နှံစပ်သည်ကို၎င်း မသိကြပေ၊ ၎င်းအပြင် မစ္ဆရိယစိတ်က ဦးဆောင်နေ၍ အနိုင်အရှုံး၊ ဂုဏ်သိက္ခာ၊ ထေရ၀ါဒမြန်မာရဟန်းတော်တို့၏ နောင်ရေးတို့ကို မစဉ်းစားနိုင်ပဲ ငါတို့သာတွေ့မည်၊ ငါတို့သာပြောမည်ကြံကာ ဆရာတော်တို့ကို ဘာမှမပြောဘဲ ၂-ပါးထဲ ကြိတ်တိုင်ပင်ကာ ပြင်ဆင်နေကြသည်၊

ဦးဥက္ကဋ္ဌတို့သည် အခြေအနေကို ရိပ်မိကြပြီး ရဟန်းတော် ၂-ပါးတို့၏စိတ်ဓာတ်ကိုလည်း အကဲခတ်မိကြသည်၊ ဘာမှတော့ ၀င်မပြောကြ၊ သို့သော် သူတို့ ရှုံးခဲ့လျင် ထေရ၀ါဒ သာသနာနှင့် မြန်မာရဟန်းတော်တို့ ဟိန္ဒူဏ္ဍိတ်တို့၏ အထင်အမြင်သေးမှု့၊ ရှုံ့ချမှု့ကို ခံရတော့မည်ဟုတွေးကာ ရင်လေးနေမိကြသည်၊

ညနေဘက်တွင် မဟာရာဇာကြီးစီးသော မြင်လေးကောင်က ရထားနှင့်လာပင့်သည်၊ ကျောင်းခံရဟန်း ၂-ပါး ဆရာတော်များကို ဘာမှမပြောဘဲ ဆင်းကာလိုက်သွားကြသည်၊ ဦးအာဒိစ္စ၀ံသက ဘာသာနှင့်လူမျိုးဂုဏ်သိက္ခာအတွက် ဦးဥက္ကဋ္ဌကို အတင်းအကျပ်လိုက်ခိုင်းသည့်အတွက် ပါသွားခဲ့သည်၊ “အရှင်ဘုရားတို့ ဆွေးနွေးတာကို နားထောင်ချင်လို့လိုက်ခဲ့တာပါ”ဟု ရထားပေါ်ရောက်သောအခါ အရှက်ပြေ ပြောလိုက်သည်၊

မဟာရာဇာကြီး ယာယီတဲနန်းတွင် စားပွဲကြီးတစ်လုံးကို ကတ္တီပါများဖြင့် အသေချာခင်းထားသည်၊ စားပွဲထိပ်ကုလားထိုင်တွင် မဟာရာဇာကြီးထိုင်ပြီး စကားနိုင်လုမည့် ရဟန်းတော်များနှင့် ပဏ္ဍိတ်ကြီးများ တဘက်တချက်စီတွင်ထိုင်ကြသည်၊ ဆွေးနွေးပုံကား ပဏ္ဍိတ်ကြီးတို့က ဗုဒ္ဓဂေါတမသည် အသားစားသည်၊ အသားစားခြင်းရဲ့ မကောင်းကြောင်းများကိုပြောကြမည်၊ ရဟန်းတို့က အဲဒါကို ချေပရန်ဖြစ်သည်၊ အခြေအတင်ဆွေးနွေးချက်ကား အောက်ပါအတိုင်းဖြစ်သည်၊

ပဏ္ဍိတ်- “အရှင်တို့ရဲ့ ဂေါတမဗုဒ္ဓဟာ အသားစားသူဖြစ်တယ်လို့ စွပ်စွဲမယ်၊ အဲဒါကို အရှင် တို့က ၀န်ခံပါသလား”၊

ကျောင်းခံရဟန်း- “ဟုတ်ပါတယ်၊ စားပါတယ်”၊

ပဏ္ဍိတ်- “အဲလိုဆိုယင် အရှင်တို့ဗုဒ္ဓဟာ မဟာကရုဏာတော်ရှင်ဆိုတာနဲ့ ကိုက်ညီပါ့မလား၊ သတ္တ၀ါတွေကို မငြင်းဆဲရဘူးဆိုတဲ့ အ၀ိဟိံသတရားကို သူပဲဟောတယ်၊ သူတပါးအသက်မသတ်ရဘူးလို့ သူပဲပြောတယ်၊ တားမြစ်တယ်၊ သူများသတ်ပြီးသား အသားကိုတော့ သူက စားသလား၊ ပြီးတော့ ပြောတဲ့အတိုင်း ကျင့်လို့ တထာဂတဘွဲ့ထူးရ တယ်လို့လည်းဆိုထားတယ်၊ အခုတော့ အပြောတခြား အလုပ်တခြားဖြစ်မနေဘူးလား”၊

ကျောင်းခံရဟန်း- “ ဦးဇင်းတို့ ဗုဒ္ဓဟာ ကိုယ်တိုင်လည်း သူတပါးအသက်ကို မသတ်ပါဘူး၊ သူများကိုလည်း အသတ်မခိုင်းပါဘူး၊ သူများလှူတာ စားတဲ့ဟာ အပြစ်မရှိပါသလား”၊

ပဏ္ဍိတ်- “ ငါတော့ မသတ်ဘူး၊ သူများသတ်တာကိုတော့စားမယ်ဆိုတာ သဘာဝကျပါသလား၊ အရှင်- သတ်တယ်ဆိုတာ စားတဲ့သူရှိလို့ သတ်တာမဟုတ်လား၊ စားမဲ့သူ ၀ယ်မဲ့သူသာမရှိယင် ဘယ်သူမှသတ်မှာမဟုတ်ဘူး၊ အပင်ပန်းခံပြီး ဘယ်သူမှလည်း သားကောင်ကို ဖမ်းမှာမဟုတ်ဘူး၊ ကျွုန်ုပ်တို့ ဘရာမင်တွေချည်း နေတဲ့ ရွာ၊ ဒေသတွေမှာဆို ဘယ်သားသတ်သမားမှ မရှိဘူး၊ ဘယ်သူမှလည်း အသားလာမရောင်းကြဘူး၊ တံငါသည်ဆိုတာလည်း မရှိဘူး၊ ကျွန်ုတို့ကလည်း လက်ခံကြဘူး၊ သူတို့သာ ဘရာမင်တွေနေတဲ့ရွာ ဒေသတွေမှာ အသက်မွေးမယ်ဆိုယင် ထမင်းငတ်ပြီး သေကြမှာပဲ၊ ကျွန်ုပ်တို့ ဗြဟ္မဏတွေဟာ သက်သက်လွတ်စားကြတယ်၊ အ၀ိဟိံသတရားကို ကိုယ်တိုင်လည်းကျင့်သုံးကြပါတယ်၊ သူတပါးကိုလည်း ဟောပြောပါတယ်၊ အရှင်တို့ ဗုဒ္ဓဟာ အ၀ိဟိံသတရားကို ဟောပါရဲ့၊ ကိုယ်တိုင်ကတော့ အသားစားတယ် ဘုရားဘွဲ့ခံထားပြီး ကျွနိုပ်တို့ ဘရာမင်တွေလောက်တောင် မကျင့်နိုင်ပါလား”၊

ရဟန်း ၂-ပါးတို့၏ ချေပချက်များမှာ အကျိုးအကြောင်းအလှမ်းဝေးပြီး ထစ်ထစ်အအနှင့် မပြေပြစ်လှပါ၊ ဟင်ဒီဘာသာစကားကိုလည်း အဆင့်မှီမှီမပြောနိုင်ကြ၊ သို့နှင့် မဟာရာဇာက အဆုံးအဖြတ်ပေးလိုက်သည်၊

"မြန်မာရဟန်းတော်တို့ အရှုံး၊ ပဏ္ဍိတ်ကြီးတို့ အနိုင်ဟူ၍"ဖြစ်သည်၊

(ဦးဥက္ကဋ္ဌ ၏ ကြားဝင်ဆွေးနွေးချက် ဆက်လက်တင်ပြပါမည်၊)

ပင့်လျှောက်လွှာပါဘုရား

ကျောင်းသားသံဃာတော် အရှင်သူမြတ်တို့ဘုရား တပည့်တော်များ
ပြန်ကြားရေးအဖွဲ့မှ ယခင်လျှောက်ထားခဲ့သော ပူဇော်ပွဲပင့်လျှောက်လွှားအား
အနည်းငယ် ပြင်ဆင်လျှောက်ထားလိုပါသည်ဘုရား အကြောင်းမှာ ပူဇော်ပွဲကျင်းပရေး
အခန်းအနားအစီအစဉ်အနည်းငယ်ပြောင်
းလွှဲမှုအရ
တပည့်တော်များသံဃာ့အစည်းအဝေးနှင့် တခြားအစီစဉ်တစ်ချို့ကိုလည်း
အနည်းငယ်ပြောင်းလဲလိုက်ရပါသည်ဘုရား ပင့်လျှောက်လွှာအသေးစိတ်မှာ
အောက်ပါအတိုင်းဖြစ်ပါသည်ဘုရား။
၁။ ကြွရောက်ရမည့်ရက် ၂၇-၉-၂၀၀၉ တနင်္ဂနွေနေ့ ။
၂။ ကြွရောက်ရမည့်နေရာ....မဟာချိုင်
ဆေးပေါင်းကျောင်းတိုက်၊(ဝပ်ဖန်ဖိုင်ထိယ)ထန့်ကျင်တံတာအနီး။
၃။ စုပ်ရပ်မှာ ၀ပ်တလုံးကျောင်းနှင့် ၀ပ်မဟာထပ် နှစ်နေရာဖြစ်ပါသည် (
ဝပ်မဟာထမှ ကြွလိုသောသံဃာတော်များမှာ
ပြန်ကြားရေးသံဃာတော်များသို့ ကြိုတင်သတင်းပို့စေလိုပါသည်ဘုရား)
၎။ သတ်မှတ်နေရာအသီးသီးမှ ၇:၀၀ နောက်ဆုံးထား၍ ကားများထွက်ခွါမည်ဖြစ်ပါသည်ဘုရား။
၅။ နံနက် ၈:၃၀ ၌ ဆွမ်းဆံစိမ်းလောင်လှူပွဲကျင်းပပါမည်ဘုရား။
၆။ ဆွမ်းဆန် စိမ်းလောင်းလှူပွဲအပြီး နေ့ဆွမ်းဆက်ကပ်ခြင်းနှင့်
ပူဇော်ပွဲအစီအစဉ်ဖြစ်ပါသည်ဘုရား
၇။ ပူဇော်ပွဲအခမ်းအနားပြီးမြောက်ပြီးနောက် MSMO သံဃာတော်များနှင့်
ပူဇော်ပွဲဖြစ်မြောက်ရေးဒကာ ဒကာမများ နှစ်ဦးနှစ်ဖက်
ဆွေးနွေးညှိနှိုင်းပွဲကျင်းပမည်ဖြစ်ပါသည်ဘုရား (ဤဆွေးနွေးပွဲ၌ ဒကာ
ဒကာမများ၏ ဘာသာရေး ၊ ဘာသာရေးနှင့်သက်ဆိုင်သော လူမှုရေး၊ ပညာရေး စသော
အခက်အခဲများကို နှစ်ဦးနှစ်ဖက်
ညှိနှိုင်းအဖြေရှာဆွေးနွေးကြရန်ဖြစ်ပါသည်ဘုရား)
၈။ ပူဇော်ပွဲမှအပြန် ကျန်ရှိနေသောအချိန်အား M.S.M.O ၏
သုံးလပတ်အစည်းဝေးပွဲကို ၀ပ်တလုံးကျောင်း၌ ကျင်းပမည်ဖြစ်ပါသည်ဘုရား။

informgroup1@gmail.com
phone=0851235054
=0846690607
=0805558708

စည်းဝေးပွဲဆူံးဖြတ်ချက်

ကျောင်းသားသံဃာတော် ကော်မတီဝင်များ စည်းဝေးပွဲကို ၂၅-၉-၂၀၀၉ နေ့နေ့လည်
၁နာရီ ၌ ၀ပ်မဟာထမှာ ကျင်းပပါသည် စည်းဝေးပွဲဆုံးဖြတ်ချက်မှာ
အောက်ပါအတိုင်းဖြစ်ပါသည်ဘုရား
စည်းဝေးပွဲဆုံးဖြတ်ချက်
(၁)
ပြန်ကြားရေးသံဃာတော်များမှဖြစ်
နိုင်သမျှအချိန်မှီ သတင်းပြန်ကြားပေးရန်
(၂)
ကော်မတီဝင်သံဃာတော်များအတွက်အရေးကြီးကိစ္စများဆွေးနွေးရန်
သီးသန့်မေးဖွင့်ရန်
(၃) သုံးလပတ် အစည်းအဝေးအားမဟာချိုင်ပူဇော်ပွဲမှ
အပြန် ၀ပ်တလုံးကျောင်း၌ ကျင်းပရန်

(၄)
ကော်မတီဝင်သံဃာတော်များအသင်းဝင်သံဃာတော်များသည် သံဃာတော်များအား
လျှောက်ထားလိုသောအသင်းနှင့်ပတ်သက်သည့်

သတင်းအထူးရှိပါကပြန်ကြားရေးသံဃာတော်များအား အချိန်မှီသတင်းပို့ရန်

(၅)
မဟာချိုင်စာသင်သံဃာပူဇော်ပွဲအခမ်းအနားအစီအစဉ်သဘောတူကြောင်းဆုံးဖြတ်သည်
(၆) သံဃာပူဇော်ပွဲကြွရောက်ရန်ကားကြီးတစ်စီးနှင့် ကားအသေးတစ်စီးငှါးရန
informgroup1@gmail.com
phone =0851235054
=0846690607
=0805558708

Thursday, September 24, 2009

ဘလော့ဂါ (စည်တော်သံ)

မြန်ပြည်ကြီး စည်စေ သောဝ်
ရည်မျှော်ကာ မှန်းကာ ဆပါလို့
ဘလော့ဂါ ရယ်တဲ့ပို့စ် အသစ်ရှာ
စာကဗျာ ယဉ်တာ တွေးလို့ရယ် ရေးစပ်ကြမှာ
စဉ်အလာ မယှဉ်သာတဲ့ စာသွား
ဒို့ပြည်ထောင် ညီနောင်များတို့ရယ်
ညီကြစေသား----။

လွတ်လပ်စွာ တွေးကာရေးကြပါခင်မျာ့
ရှေးရှေးက နမူနာ
ဘယ်မျက်နှာ ဘာကိုမှ မလိုက်ကြပါနဲ့
ရေးထိုက်တာကိုတော့ ရေးရမှာ
ဒို့ခေတ်သစ် မီဒီယာ၊ ညီညာကြ ဒီအရေး
ပြည်တော်မှာ စည်တော်တေးတွေနဲ့
ငြိမ်းအေးစေ့လေး---။ ။

သန်းစိန်(ဂျစ်တူးဘလော့မှ ကူးယူဖော်ပြပါကြောင်း)

ကပ္ပိယကျော်ခေါင် နှင့် ကမ္ဘာလောကကြီး

လောကကြီးကို သင် ဘယ်လို မြင်သနည်း၊ သင့်ကိုရော လောကကြီးက ဘယ်လို မြင်မည်ဟု သင် ယူဆပါသနည်း? ၊
အားလုံးမင်္ဂလာပါ၊... ယနေ့ အကျွှန်ုပ် ကပ္ပိယကျော်ခေါင် စကားကြီးစကားကျယ် နည်းနည်းပါးပါး ပြောဖို့ စိတ်ကူမိထားကြောင်းပါ။ သို့သော် အလွန်တရာမှ ရိုးရှင်းသော စကားများကိုသာ အကြီးကျယ်ဆုံး ပြောကြားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေးပါရစေ။

အကျွန်ုပ် ကပ္ပိယကျော်ခေါင် နှင့် ဟောဒီကမ္ဘာလောက လူသားတွေအကြားမှာ နားလည်မှူတွေနဲ့ သံသယတွေကို မရှင်းမလင်း ဖြစ်စေဖို့အတွက်၊ အင်မတန်မှ ပါးလွှားနုးညံ့သော ရေစိုစက္ကူပါးပါးလေးတစ်ချပ် ကာဆီထားကြောင်းကို အကျွန်ုပ်သိ၏။ ၄င်းစက္ကူပါးပါးလေးကို နုးညံ့ပျော့ပျောင်းသော လက်ကလေးဖြင့် ထမင်းစားရင်း ရေသောက်ရင်းနဲ့ အကျွန်ုပ်ခွါမည်ဆိုပါက ခွါချနိုင်၏ ၊ သို့သော်လည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင် သည်၊ ငါ..ဟေ့... ကပ္ပိယ ဟုဆိုအပ်သော အတ္တမာနကလေးဖြင့်၊ လောကလူသားတွေက ဝတ္တရားရှိရှိ လာရောက်ခွါပေးသော အချိန်ကို၊ စောင့်ဆိုင်း နေထိုင်ခဲ့၏။ ယနေ့အထိ မည်သူတစ်ဦး တစ်ယောက်ကမျှ လာရောက်ခွါပေးခြင်းမရှိပေ။ သို့နှင့် အကျွန်ုပ်သည် စိတ်မရှည်တော့သည်ဖြစ်၍၊ နင်လားဟေ့...လောကဓံ.. ဟူသော ကျုံးဝါးသံနှင့် အတူ မျက်စိစပါးမွေးစူးနေသော ၄င်းရေစိုစက္ကူပါးပါးလေးအား တအားဆောင့်ကန်လိုက်လေရာ၊ လင်းခနဲပွင့်သွားပြီး အရာရာကို အကျွန်ုပ်တွေ့ရလေတော့၏၊
အံ့သြော် စရာကောင်းသည်မှာကား..

အားပါးပါး......လောကလူသားတွေရှေ့မှာလည်း အကျွန်ုပ်ကဲ့သို့ စက္ကူပါးပါးလေးတစ်ချပ်စီ ကာရံထားကြပါလား၊ သူတို့လည်း လာရောက်ခွါပေးမယ့် တစ်ခြား လောကလူသားတွေကို အကျွန်ုပ်ကဲ့သို့ စောင့်နေကြတယ်ဆိုပါလား...။
ထိုထက်.. အံ့သြော်စရာကောင်သည်မှာကား..
.အကျွန်ုပ်ကလည်း သူတို့အား ဤသို့ ဤပုံ ခွါရကြောင်းကို တစ်လုံးတစ်ပါဒမျှ မပြောမိခဲ့ခြင်းပါပေတည်း။ လောကကြီးကို သင်ဘယ်လို မြင်သနည်း၊ သင့်ကိုရော လောကကြီးက ဘယ်လို မြင်မည်ဟု သင် ယူဆပါသနည်း? ၊ ။

MSMO အဖွဲ့၏ တံဆိပ်တုံ့း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ

MSMO အဖွဲ့၏ အတည်ပြုပြီးဖြစ်သော တံဆိပ်တုံး နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ကျောင်းသားသံဃာတော်များ နှင့် ဒကာဒကာမများ ကြည့်ရှု့နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ ။


Type your summary here.

Type the rest of your post here.

Wednesday, September 23, 2009

သတင်း (ပင့်လျှောက်လွှာ)

MSMO အဖွဲ့ကြီး၏ လာမည့် 27-9-2009 နေ့ တွင် ကျရောက်သော သုံးလပတ်အစည်းအဝေး မကျင်းပမှီ၊ အကြိုအစည်းအဝေး တစ်ရပ်ကို၊ 25-9-2009 သောကြာနေ့၊ နေလည် 02:00 အချိန်တွင် ဝတ်တလုမ်ကျောင်း၌ ကော်မတီဝင်များသီးသန့်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အသိပေးလျှောက်ထားအပ်ပါသည်။ ။

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ



စော်ကားကာပို မနာလိုသည့်
ကိုယ့်ကိုမုန်းသူ အခြားသူကို
ရန်မူမည့်ဟန် မတုံ့ပြန်နှင့်
သူ့ကံအရိုင်း သူ့သမိုင်းတည်း၊
မရိုင်းစေရန် မိမိကံကို
ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍
သမိုင်းကြောင်းကောင်းအောင်
ဆောင်ရွက်ပါ။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတတံ၊
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။
ဆန်းသစ်အောင်

Tuesday, September 22, 2009

အခြေခံများ ကောင်းစေချင်

ယုံကြည်မှု

လောကတွင် ယုံကြည်မှုသည် အရေးကြီး၏။ မည်သည့်နေရာတွင်မဆို ယုံကြည်မှုနှင့် အလုပ် လုပ်လုပ်ရ၏။ ဆက်ဆံရ၏။ သင်ယူ ရ၏။ ပြောဆို ဆွေးနွေးရ၏။
ယုံကြည်မှုကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လင်နှင့်မယား၊ ဘုန်းကြီးနှင့် ဒကာ၊ သူငယ်ချင်း အချင်းချင်း မည်သို့မျှ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသော အရေးပေါင်းများစွာတို့တွင် ယုံကြည်မှု မပါဘဲ မည်သည့်အရာကိုမျှ တည်ဆောက်၍ မရနိုင်။
ယုံကြည်မှု-ဆိုသော စကားလုံး သုံးလုံးတွင် အရေးပါသည်ကား ယုံနှင့်ကြည်ပင်ဖြစ်၏။ ယုံ၏ နောက်တွင် အရည်အချင်းသည် ကပ်လိုက်လာ၏။ ယုံဖို့အတွက် အရည်အချင်းရှိရမည်။ မိဘသည်လဲ မိဘအရည်းအချင်း၊ ဆရာသည်လဲ ဆရာ့ အရည်အချင်း စသည်ဖြင့် ကိုယ်စီကိုယ်စီမှာ အရည်အချင်းရှိဖို့လို အပ်၏။
ယုံမိပြီဆိုလျှင် ကြည်လင်လာတော့၏။ တစ်ဦးကို တစ်ဦး အပြစ်မမြင်။ လောက ဆိုရိုးစကား တစ်ခုလို။ ချစ်တဲ့သူမှာ အပြစ်ရှာ ဘယ်ခါ အပြစ်တွေ့မလဲ ဆိုသည်ပင်။ ဆိုလိုသည်မှာ ယုံကြည်မှု၏ နောက်တွင် ငြိမ်းချမ်းမှု၊ အားကိုလိုမှု၊ တိုင်ပင်လိုမှု စသည်တို့ ယှဉ်တွဲကပ်ပါလျက် ရှိသည်ဟု ဆိုလိုပါ၏။

ယုံကြည်မှုနှင့် ကိုးကွယ်မှု

ယုံကြည်မှု နှင့် ကိုးကွယ်မှုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြ၏။ ယုံကြည်မှု မပါဘဲ ကိုးကွယ်မှု မဖြစ်နိုင်။ မိမိတို့ ကိုးကွယ်ထားသော ဘာသာတရားကို မိမိတို့ကိုယ်တိုင်က မယုံကြည်လျှင် ဘာသာတရား၏ အကျိုးပေး စောင့်ရှောက်မှုများကလည်း လျော့ပါးသွားနိုင်၏။

ယုံကြည်မှု သုံးမျိုး

ယုံကြည်မှုကို
၁။ သာမန် ယုံကြည်မှု၊
၂။ အလယ်အလတ် ယုံကြည်မှု၊
၃။ အဆုံးစွန်ထိ ယုံကြည်မှုဟု သုံးမျိုး ခွဲခြားကြည့်နိုင်၏။

သာမန်ယုံကြည်မှု

သာမန်ယုံကြည်မှုသည် မိရိုးဖလာ ယုံကြည်မှုကြောင့် ဖြစ်နိုင်၏။ မိဘနှစ်ပါး (သို့) ဘိုးဘွား အစဉ်အဆက် ကိုးကွယ်သည့် ဘာသာတရားများကို စဉ်းစားဝေဖန်မှု၊ ဆင်ခြင်သုံးသပ်မှု မပါဘဲ၊ ယုံကြည်ခြင်းမျိုးကို သာမန်ယုံကြည်မှုဟုဆိုနိုင်၏။

အလယ်အလတ် ယုံကြည်မှု

အလယ်အလတ် ယုံကြည်မှုများသည် စာပေများကို ဖတ်ရှုပြီး အသိဉာဏ်များ တိုးပွားလာခြင်း ကြောင့်ဖြစ်နိုင်၏။ သာမန် ပုဂ္ဂိုလ်တို့ထက် ပိုမို အဆင့်အတန်းရှိ၏။ အသိဉာဏ်လည်း ပိုမို ရှိ၏။ သက်ဆိုင်ရာ ဘာသာရေးစာပေများကို လေ့လာ ဖတ်ရှုလေ့လာ၏။
သက်ဆိုင်ရာ တရားဓမ္မများကို နည်းမျိုးစုံနှင့် နာကြား၏၊ သိလိုသည်များကို ဘာသာရေး ဆရာများအထံသို့ ချဉ်းကပ် မေးမြန်း၏၊ မိမိကိုယ်တိုင် တရားတော်အတိုင်း မကျင့်ကြံ အားမထုတ်နိုင်သည့်တိုင် နားလည် တတ်ကျွမ်းအောင် လေ့လာထား၏။
တစ်ပါးသူတို့အား မိမိကဲ့သို့ လုပ်ဆောင်နိုင်အောင် တိုက်တွန်း အားပေးခြင်းမျိုး ပြုလုပ်တတ်၏။ အရမ်းကာရော ယုံကြည်သည်မျိုး မဟုတ်ဘဲ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ဖြင့် အကြောင်း အကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်သည့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အလယ်အလတ် ယုံကြည်သူ ဟု ခေါ်ဆိုနိုင်၏။

အဆုံးစွန်ထိ ယုံကြည်မှု

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် မိမိအသက်ကိုပင် စတေးဝံ့၊ စတေးခံနိုင်သည့် ပုဂ္ဂိုလ်မျိုးကို ဆိုလို၏။ အဆုံးစွန်ထိ ယုံကြည်ကြသူများသည် လွယ်လွယ်ကူကူနှင့် ယုံကြည်သူများ မဟုတ်သည်ကတော့ သေချာပါ၏။
ငယ်ရွယ်သည့်အချိန် ကလေးငယ်တို့၏ ဦးနှောက်အသိဉာဏ်ထဲသို့ အတင်းရိုက်သွင်း၍ ဖြစ်စေ၊ အသိဉာဏ်ပညာ မရှိဘဲ မစဉ်းစား မချင့်ချိန်နိုင်၍ ဖြစ်စေ။ ထွက်ပေါက်ပိတ်နေသည့် အတွက်ကြောင့်ဖြစ်စေ၊ စာပေအများအပြားကို ဖတ်ရှုပြီး စာပေများမှ တစ်ဆင့် ဘာသာတရားများ နှိုင်းယှဉ်ဝေဖန်၍ ဖြစ်စေ၊ အသိထူး အကျင့်ထူးများကြောင့်ဖြစ်စေ၊ စသည့်အကြောင့်များကြောင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်သွားကြသော ပုဂ္ဂိုလ်များဖြစ်နိုင်၏။

စတေးဝံ့သူများ

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် “မိမိအသက်ကို မနှေး ပေးဆပ် စတေးဝံ့သူများ”ကို ဆိုလိုပါ၏။
ငယ်စဉ်အခါ ကလေးတို့၏ နုနယ်သည့် အသိဉာဏ်များကို အခြေခံလျှက် ဘာသာရေး သဘော တရားများ အတင်းအဓမ္မ သွတ်သွင်းကာ သံမှို ရိုက်စွဲထားသလို ရိုက်စွဲထား၏။ ထိုကလေးတို့သည် မိမိတို့ အသိဉာဏ်အပေါ် သွတ်သွင်းရိုက်နှိပ်ထားသော ဘာသာရေးတို့က သေသည့် တိုင်အောင် မပျောက်ပျက်နိုင်တော့ ။
အထူးသဖြင့် အကြောက်တရားများနှင့် ချိန်းခြောက်လျက် ရိုက်နှိပ်ထားသည့် ဘာသာရေးက ပိုမို စွဲမြဲ ခိုင်မာလှ၏။ ထိုအကြောက်တရားများကပင် စဉ်းစား ဆင်ခြင်မှု နည်းပါးလျှက် ဘာသာရေးကို အဆုံးစွန်ထိ ယုံကြည်မှုသို့ မရောက်ရောက်အောင် တွန်းပို့ပေးလိုက်တော့၏။
ငယ်စဉ်ကတည်းက စွဲမြဲခိုင်မာလာသည့် အကြောက်တရာများက အကြောင်း အကျိုး၊ အကောင်း အဆိုးကို မခွဲခြား မဝေဖန်နိုင်တော့။ ဆင်ခြင် စဉ်းစားဖို့အတွက်လည်း အချိန်မပေးနိုင်၊ ဦးနှောက်အသိဉာဏ် ကလည်း လက်မခံနိုင်တော့။ အကြောက်တရားများက စွဲမြဲခိုင်မာ၍ နေချေပြီ။
အသိဉာဏ်ပညာ နည်းပါးကြသော လူသားတို့အတွက် အဓိပ္ပါယ်ရှိသော လုပ်ရပ်၊ အဓိပ္ပါယ်မဲ့သော လုပ်ရပ်၊ တန်ဖိုးရှိသော လုပ်ရပ်၊ တန်ဖိုးမဲ့သော လုပ်ရပ်၊ မိမိအတွက်၊ မိမိနှင့် ပတ်သက်နေသည့် ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ မိမိနိုင်ငံ၊ လောက၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ပတ်ဝန်းကျင်၏ ကောင်းကျိုး၊ ဆိုးကျိုး၊ စသည်တို့ကို နားမလည်၊ စိတ်မ၀င်စား၊ တိုက်တွန်းသူ ရှိလာပါကလည်း ကောင်းသည် ဆိုးသည်ကို နားမလည်၊ မဝေဖန် မပိုင်းခြားနိုင်၊ မိမိလုပ်လိုသော အရာကိုသာ တဇောက်ကန်းလုပ်တတ်ကြသဖြင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်မှန်းမသိ ရောက်သွားကြသော အစွန်းရောက် စတေးဝံ့သူများသာ ဖြစ်တော့၏။

ဘ၀၏ ပန်းတိုင်သို့

ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြသည့် လူသားတို့အဖို့ ဘာသာတရား အားလုံး၏ သဘောထားကို ခြုံငုံ သုံးသပ်မိကြသဖြင့် ပို၍ တန်ဖိုးရှိသော ဘာသာတရားကို ရှာဖွေတတ်လာ၏။ ဘာသာတစ်ခုနှင့်တစ်ခု၊ အမှန်နှင့်အမှား၊ အဆိုးနှင့်အကောင်းကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် ဆင်ခြင်ဆုံးဖြတ် တတ်လာ၏။
ဘာသာရေးအသိဉာဏ်များ ကြွယ်ဝလာသည်နှင့်အမျှ ပို၍ မြင့်မြတ်သည့် ဘာသာတရားကို ကိုးကွယ် ယုံကြည်တတ်လာပြီး၊ မိမိယုံကြည် ကိုးကွယ်သည့် ဘာသာတရားကိုလည်း အသက်တမျှ ယုံကြည်ကိုးစားကာ “အဆုံးစွန်ထိ ယုံကြည်မှုသို့” ရောက်အောင် ပို့ဆောင်ပေးလိုက်တော့၏။ အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်ရှိခြင်းသည် ဘ၀၏ အမှန်တရား၊ ဘ၀၏အဓိပ္ပါယ်၊ ဘ၀၏ အလှသစ္စာတရား၊ ဘ၀၏ အမြင့်မြတ်ဆုံး ပန်းတိုင်သို့ ရောက်ခြင်းပင်ဖြစ်တော့၏။

စဉ်းစားစရားများ

လူသားတို့၏ အဆုံးစွန်ထိ ယုံကြည်မှုများသည် ဘာသာတရားအတွက် ဖြစ်ကြသောကြောင့် ကြည်ညိုလေးစားစရာ ကောင်းလှ၏။ သို့သော် မိမိတို့ စတေးနေသော ဘာသာတရားသည် အမှန်တကယ် စတေးသင့်သော ဘာသာတရားဖြစ်ပါ၏လော? ဆိုသည့် မေးခွန်းကိုတော့ သေသေချာချာ စဉ်စားသင့်ကြ၏။
ဥပမာ ဘာသာတရားက မိမိအတွက် အသက်အန္တရာယ် ပေးမှာကို ကြောက်သဖြင့် မိမိအသက်ကို စတေးဝံ့သည်လော?၊ ထိုသို့မဟုတ် ဘာသာတရားကြောင့် မိမိ၊ မိမိဆွေမျိုး၊ အသိုင်းအ၀ိုင်းစသည်များ ရာထူးအာဏာပါဝါ၊ သြဇာ၊ အင်ပါယာများ တိုးတက်လာမည်။ စည်းစိမ်ဥစ္စာများ တိုးတက်လာမည်။ ပညာရပ်တွေ အတိုင်းအဆ မရှိနိုင်လောက် တတ်မြောက်လာမည်၊ တီထွင် ကြံဆနိုင်လာမည်။ ထို့အတွက်ကြောင့် ယင်းဘာသာကို မိမိနှင့် ဆက်စပ်နေသည့် အတ္တလောကအတွက် ရည်ရွယ်၍ အသက်ကို စတေးဝံ့သည်လော?။
သို့မဟုတ် ယင်းဘာသာတရားက မိမိ၏ ဘ၀လမ်းကြောင်းမှန်ကို ညွှန်ပြပေးသည့်အတွက်၊ မိမိနှင့် ဆက်စပ်နေသည့် ပတ်ဝန်ကျင်ကို ကောင်းကျိုးပြုသည့်အတွက် အသက်ကို မနှေး ပေးဆပ်ဝံ့သည်လော?။
အသက်ကို စတေးဝံ့လောက်သည့်အထိ ပေးဆပ်မှုသည် သာမန်အားဖြင့် မဖြစ်နိုင်၊ မဖြစ်သင့်သည် ကိုတော့ လူသားအားလုံး သတိမူသင့် စဉ်းစားသင့်ကြသည်ဟု ထင်မြင်မိ၏။

ငယ်ရွယ် နုနယ်သည့်အချိန်

လူသားများတွင် ငယ်ရွယ်နုနယ်သည့်အချိန်တွင် အသိပညာ မကြွယ်သေးခြင်း၊ ကလေးတို့၏ မှတ်စိတ် သိစိတ်များသည် အရောင်းမစွန်းထင်းသေးဖြင့် အဖြူထည်သက်သက်နီးပါး ဖြစ်ခြင်းတို့ကြောင့် ဘာသာတရား လူ့ယဉ်ကျေးမှုများကို သက်ဆိုင်ရာ မိဘတို့က သင်ကြားပေးရသည်မှာ လွယ်ကူလှ၏။
ဆရာ ဆရာမတို့ကလည်း စွမ်းနိုင်သည့်အလျော်က် သင်ကြားပေးကြ၏။ မိဘ ဆရာတို့ သင်ကြား ပေးလိုက်သော ဘာသာတရား လူ့ယဉ်ကျေးမှုများကို မှတ်သား နာခံ၍ အချိန်တန် အရွယ်ရောက် လူလား မြောက်သောအခါ မိဘဆရာသမားတို့ သင်ကြားပေးလိုက်သည့်အတိုင်း လူလိမ္မာ လူယဉ်ကျေးများ အများ အပြား ပေါ်ပေါက်လာကြတော့၏။

ထိတ်လန့်စရာ အသွင်တစ်ရပ်

ယခုခေတ်တွင် လူသား အတော်များများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အရေးပေါင်းများစွာတို့ဖြင့် လုံးလည်ချာလည် လိုက်နေကြရာ၊ မိဘ ဆရာသမားများက မိမိတို့၏ သားငယ် သမီးငယ် တပည့်ငယ်တို့အား စိတ်ရောကိုယ်ပါ ဘာသာတရား လူ့ယဉ်မှုများကို မသင်ပေးနိုင်ကြတော့ချေ။
ထိုအခါ ငယ်ရွယ်သူ သား သမီး တပည့်တို့အတွက် လူလိမ္မာ လူယဉ်များ ဖြစ်ထွန်း ပေါ်ပေါက်စေ ဖို့မှာ ထိတ်လန့်စရာ အသွင်တစ်ရပ်အဖြစ် တည်ရှိနေတော့သည်။

တာဝန်သိသူမှာ တာဝန်ရှိ

“တာဝန်သိသူမှာ တာဝန်ရှိ၏”ဟု ရှေးပညာရှိကြီးများ မိန့်ဆိုခဲ့ကြ၏။ လူလိမ္မာ လူယဉ်ကျေးများ အသီးသီး ပေါ်ပေါက်၍ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေရန်။ လူသားများတွင် အတ္တမာနများ နည်းနိုင်သမျှ နည်းပါးစေရန် တာဝန်သိကြသော လူသားတိုင်းမှာ တာဝန်ရှိကြ၏။ အထူးသဖြင့် မိဘများနှင့် ဘာသာရေးခေါင်းဆောင်တို့မှာ အဓိကအားဖြင့် တာဝန်ရှိလာ၏။
တာဝန်သိရှိသည်ကို တာဝန်သိမှုနှင့် နှို်င်းချိန်၍ မိမိပိုင်ဆိုင် နိုင်းနင်းသည့်အလျောက် ဘာသာရေးနှင့် ဆက်နွယ်နေသည့် လူ့ယဉ်ကျေးမှုများကို တာဝန်ယူ လုပ်ဆောင် ဖြေရှင်း သင်ပေးကြလျှင် ယနေ့လူငယ်လေးများသည် နောင်တစ်ချိန်တွင် လူကြီးလူကောင်းများ၊ သားကောင်း၊ သမီးကောင်းများ၊ နိုင်ငံသားကောင်း၊ သမီးကောင်း၊ ကမ္ဘာ့သားကောင်း သမီးကောင်းများ။ တပည့်ကောင်း တပည့်မြတ် တပည့်မွန်များ အမှန်တကယ် ဖြစ်ထွန်း ပေါ်ပေါက်လာမည်မှာ အမှန်မုချပင်။
ဆိုလိုသည်မှာ လူသားအားလုံး ယဉ်ကျေးလိမ္မာစေဖို့၊ ကိုယ်ချင်းစာတရား ထားရှိနိုင်ဖို့၊ အတ္တမာနများ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်ဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိ၏။ ထို့ထက် မိဘ၊ ဆရားသမားတို့မှာ ပို၍တာဝန်ရှိ၏။ တာဝန်အရှိဆုံးမှာ ဘာသာရေးခေါင်းဆောင်တို့ပင် ဖြစ်တော့၏။ တာဝန်ရှိသူများ ကိုယ်တိုင်က ယဉ်ကျေးလိမ္မာ ကိုယ်ချင်းစာတရားမရှိ၊ အတ္တမာနကို ရှေ့တန်းတင်၍ မိမိကိုယ်ကျိုးအတွက်သာ စဉ်းစားနေကြလျှင် သားငယ် သမီးငယ် တပည့်ငယ်တို့ နောင်ရေးမှာ ရင်လေးစရာပင်ဖြစ်တော့၏။

တိရစ္ဆာန်ပင် သင်၍ရ

လူသားတို့က မိမိတို့ ဖြစ်စေချင်သည့်အတိုင်း ငယ်ရွယ်သည့် အိမ်မွေးတိရစ္ဆာန်လေးများကို မိမိတို့ လိုအပ်သည့် ပုံစံအတိုင်း ပုံစံသွင်း သင်ကြားပေးကြ၏။ ထိုက်သင့်သလောက် တတ်မြောက်သည်ကိုလ့ည်း လူတိုင်း သိရှိကြ၏။ ထိုသို့ဆိုလျင် မိဘ၊ ဆရာသမား၊ ဘာသာရေးခေါင်းဆောင်တို့က ကလေးများ အသိပညာ နုနယ်သည့်အချိန်တွင် မိမိတို့ ဖြစ်စေချင်သည့်အတိုင်း လူ့ယဉ်ကျေးမှု တရားများ၊ ကိုယ်ချင်းစာ တရားများကို ပုံစံသွင်း သင်ကြားပေးလိုက်လျှင် ပို၍ အဆင်ပြေနိုင်မည် ထင်ပါ၏။

လူယုတ်မာကြီး

ဗြိတိန် နိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦး ရေးသားထားသော စာတစ်ပိုဒ်ကို သတိရမိ၏။ “ကလေးငယ်များ အား၊ ဘာသာတရား ယဉ်ကျေးမှုမပါဘဲ ပညာရေးသက်သက်ကိုသာ သင်ကြားပေးလိုက်ပါ။ အရွယ်ရောက် လူလားမြောက်သောအခါ ပရိယာယ်ကြွယ်ဝေသော လူယုတ်မာကြီး ဖြစ်သွားပါလိမ့်မည်”ဟု သူက ဆိုခဲ့၏။ စဉ်းစားစရာ တွေးတောစရာပင်။

အရောင်ဆိုးခြင်း

လူသားတို့၏ ယုံကြည်မှုသဘောတွင် အသိမကြွယ် ကလေးငယ်တို့ဘ၀က အလွန်ဖြူစင်၏။ ကလေးတို့၏ ယုံကြည်မှုသည် အလွန်ရိုးသား ဖြောင့်မတ်၏။ ကောက်ကျစ်စဉ်းလဲမှုတို့ မရှိ။ ထိုကလေးငယ်တို့၏ အဖြူရောင် အသိဉာဏ်ပေါ်တွင် ယုံကြည်ခြင်း၊ ယဉ်ကျေးခြင်း၊ စာနာနားလည်ခြင်း၊ အတ္တမာနများ ကင်စင်စေခြင်း၊ စသည့် မြင့်မြတ်သည့် ဘာသာရေး အရောင်များ ဆိုးပေးလိုက်သောအခါ မိဘ၊ ဆရာ၊ ဘာသာရေး ခေါင်းဆောင်တို့ ဆိုးလိုက်သည့် အရောင်အတိုင်း စိတ်ကြိုက်ပုံစံများ အများအားဖြင့် ထွက်ပေါ်လာတော့၏။

ဘာသာရေး၏ အကျိုးရလဒ်

မိမိကိုးကွယ်သည့် ဘာသာတရားကို ယုံကြည်မှုရှိခြင်းကြောင့် လိမ္မာ ယဉ်ကျေးလာခြင်း၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်လာခြင်း၊ “ငါလိုလူ မရှိ”ဟူသည့် အတ္တမာနများ ကင်းစင်လာခြင်း၊ လောကကောင်းကျိုး ပတ်ဝန်ကျင်ကောင်းကျိုးများ ဆောင်ရွက်တတ်လာခြင်း၊ ချမ်းသာသူကို တွေ့လျှင် မနာလိုမှု ၀န်တိုမှုများ ကင်းစင်လာပြီး ၀မ်းမြောက်သော စိတ်ထားများ ထားတတ်လာခြင်း၊ ဆင်းရဲသူ ကိုယ့်ထက်နိမ့်ပါးသူတို့နှင့် တွေ့သောအခါ မိမိအတ္တကို ရှေ့တန်းမတင် တော့ဘဲ ကိုယ်ချင်းစာတရားများထား တတ်လာခြင်း၊ ရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာခြင်း၊ စသည့် ကောင်းကျိုးတရားတို့သည် ဘာသာတရားကို ကိုးကွယ်ယုံကြည်ခြင်းကြောင့် ရရှိလာသော အကျိုးရလဒ် အသီးအပွင့်များပင်ဖြစ်တော့၏။

ဘာသာရေးအခြေခံ

ဘာသာတရား စစ်မှန်လျှင် မည်သည့် လူသားကိုမဆို ဆင်းရဲမှု ပူပန်မှု စိုးရိမ်မှု ကြောင့်ကြမှု ပယ်ဖျောက်ပေးနိုင်သည့် နည်းလမ်း အစစ်အမှန်ရှိရ၏။
နည်းလမ်းကောင်းမှ၊ ဘာသာတရား စစ်မှန်မှ လူသားတို့သည် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုများကို ရရှိနိုင်မည်ဖြစ်သည်။
ဘာသာရေးသည် တစ်ဘ၀စာ မဟုတ်သည့်အတွက် လူသားတို့ အခြေခံမှစ၍ သတိထားသင့်၏။ ထို့ကြောင့် မည်သည့်ဘာသာသည် ဘာကြောင့် ပေါ်ပေါက်လာရသနည်း?။ ဘယ်လိုနည်းမျိုးနှင့် ပေါ်လာရသနည်း?။ ကျင့်စဉ်က အဘယ်သို့ ရှိသနည်း?။ ယင်းကျင့်စဉ်သည် မည်သို့ မည်ပုံ အားထုတ်ရသနည်း?။ စသည့် စသည့် မေးခွန်းပေါင်းများစွာကို လူသားတိုင်း လေ့လာစစ်ကြောရပေ လိမ့်မည်။
စစ်မှန်သည့် ဘာသာတရားဖြစ်ဖို့ တည်ထောင်သည့် ဘာသာရေးခေါင်းဆောင်၏ အကျင့်၊ စရိုက်၊ ၀ါသနာ၊ အနစ်နာခံမှု စသည်တို့ကို မည်သည့်ဘာသာဝင် မဆို အခြေခံ ကျကျ လေ့လာ ဆည်းပူးသင့်၏။ အခြေခံမှ စ၍ မလေ့လာ မဆည်းပူးလျင် သာမန်ယုံကြည်မှု (သို့) မိရိုးဖလာ၊ အစဉ်အလာအရ ကိုးကွယ်ကြသူများ ဖြစ်ကြပေတော့မည်။

အခြေခံများ ကောင်းစေချင်

လောကတွင် မည်သည့် ဘာသာရပ်ကိုမဆို သင်ကြားတတ်မြောက်လိုလျှင် အခြေခံမှ၍ ကျနစွာ ဆည်းပူး သင်ယူရ၏။ အခြေခံများ မကောင်းဘဲ ကြီးမားသည့် မည်သည့်အောင်မြင်မှုမျိုးကိုမှ မရနိုင်။
အခြေခံ အုတ်မြစ် မကောင်းသည့် အထပ်ပေါင်းများစွာ မြင့်မားသည့် အဆောက်အဦးကို တည်ဆောက်လျှင် မြင့်မားလေလေ မြန်မြန် ပြိုကျ ပျက်စီးလေလေပင် ဖြစ်တော့၏။
အခြေခံမပါသော ပညာသင်ယူ ဆည်းပူသူတို့သည်လည်း အထက်တန်းရောက်လေ၊ ပညာတတ်သူ၊ အသိဉာဏ်ရှိသူတို့ ရှေ့မှောက်သို့ ရောက်ရှိလေ၊ ခေါင်းမဖော် မျက်နှာ မပြ၀ံ့ဘဲ ပျက်စီး အရှက်ကွဲရလေလေ သာ ဖြစ်တော့၏။ ပညာတတ်၊ ပညာရှိ၊ အသိဉာဏ်ရှိသူ ဖြစ်ချင်လျှင် အခြေခံကောင်းဖို့ လိုသည်မှာ သိသာ ထင်ရှားလှ၏။
ထို့ထက် ပို၍ပို၍ အရေးကြီးသည်မှာ ဘာသာတရားသို့ ချဉ်းကပ်လိုသူ ဘာသာတရား ရှိချင်သူတို့သည် မိမိတို့ ကိုးကွယ် ယုံကြည် ချဉ်းကပ် ဆည်းကပ်လိုသည့် ဘာသာတရား မူရင်း အခြေခံများကို မမေ့ မလျော့ မပေါ့ဆဘဲ အခြေခံမှ စ၍ ကောင်းမွန်စွာ လေ့လာစေလိုပါကြောင်း အသိပေးရင်းဖြင့် . . .။ အခြေခံများ ကောင်းစေချင် . . . ။

ဝန်ခံချက်
စာရေးသူ ရေးသားခဲ့ပြီးသော “ရင်းနှီးမှုနှင့် ရလဒ်များ” စာအုပ်ရှိ နိဒါန်းကို အခြေခံ၍ ဤစာမူကို ပြန်လည်ရေးသား ပညာဒါနပြုလုပ်ခြင်းဖြစ်ပါကြောင်း။


မောင်ပညာ (မန်းတက္ကသိုလ်)
Pyinyar08@gamil.com Ph 0814811145
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောက်နွိုင်းရပ်ကွက်။
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

ရဟန်းတော်များနှင့် မစ္ဆရိယစိတ်

“အေး...မင်းတို့ကိုလည်း ပြောရဦးမယ်၊ သေသေချာချာမှတ်ထားကြ၊ မင်းတို့နှစ်ပါးဟာ တော်တော် သောက်သုံးမကျတဲ့ သောက်ဖျင်းနိုင်တဲ့ ရဟန်းတွေပဲ၊ ရဟန်းဆိုတာ လာဘမစ္ဆရိယ ကုလမစ္ဆရိယတွေ မရှိရဘူးကွ၊ နားလည်လား၊ အဲဒီ မစ္ဆရိယတွေဟာ ရဟန်းတွေကို ဖျက်ဆီးတတ်တယ်၊ မင်းတို့ တစ်သက်လုံးအဲဒီ မကောင်းတဲ့တရားတွေ မကပ်ရောက်အောင် ဖျက်ပစ်ကြ၊
မင်းတို့ ဒီမှာလာပြီး ဘာလုပ်နေကြလဲ၊ ပညာမသင် ဘာမသင်နဲ့ စားပြီးအိပ်နေ ဘိက္ခဝေလုပ်နေကြတာလား၊ အသက်အရွယ် ငယ်ငယ်လေးတွေရှိကြသေးတယ်၊ ပညာသင်ကြပါလား၊”

ဆရာတော် အရှင်အာဒိစ္စ၀ံသ (ဆရာကြီးဦးအောင်မြတ်ထွဋ္ဋ်) ပြောခဲ့သော ရွှေစကားလေး ဖြစ်သည်၊ (အထက်ပါစကားကို ပြောရခြင်းအကြောင်းနောက်ခံဇာတ်ကြောင်းကို နောင်တွင်ဆက်လက်တင်ပြပါမည်။) နိုင်ငံခြားထွက်ကာ ပညာသင်နေပါတယ်ဆိုတဲ့ ရဟန်းငယ်တွေကို သတိပေးတဲ့ သြ၀ါဒဖြစ်သည်၊ အလွန်မှတ်သားလောက်ပါသည်၊ ရဟန်းသံဃာတွေမှာ ပုဂ္ဂိုလ်ရေး ပြဿနာထက် ဒကာ၊ဒကာမ ပြဿနာများ ပိုများနေခြင်းက ရဟန်းတွေမှာ လာဘမစ္ဆရိယ ကုလမစ္ဆရိယစိတ်တွေ ဘယ်လောက်လွမ်းခြုံနေတယ်ဆိုတာကို ပိုထင်ပေါ်စေပါသည်၊

နိုင်ငံခြားကိုရောက်လာစဉ်ကတော့ တစ်ကိုယ်တည်း၊ တစ်ယောက်တည်း၊ ဘယ်ဒကာ ဒကာမ အသိတစ်ယောက်မှမရှိ၊ နိုင်ငံခြားရောက်ကာမှ သူ့ဒကာမ ငါ့ဒကာမ စသည်ဖြင့် သတ်မှတ်ကြ၊ အရောင်တွေဆိုးကြ၊ ခွဲခြားကြသည်၊ ရှက်စရာကောင်းလှပါဘိ၊

ဒါ့ကြောင့်ပဲထင်ရဲ့၊ အချို့ကပြောကြသည်၊ ရဟန်းဆိုတာ ဆပ်ပြာခွက်နဲ့တူတယ်တဲ့၊ ဆပ်ပြာခွက်ထဲမှာရှိတဲ့ ဆပ်ပြာဟာ အခြားလူ၊ ပုဂံခွက်ရောက်တွေကို သန့်စင်စေတယ်၊ ဒါပေမဲ့ ဆပ်ပြာခွက်ကတော့ တနေ့တခြား မသန့်စင်လာဘဲ ပိုပိုပြီး ညစ်ပတ်လာတယ်၊ ပိုပိုပြီး ချေးတွေထူလာတယ်၊ (မယုံယင် ကိုယ့်ဆပ်ပြာခွက်ကို ပြန်ကြည့်နိုင်ပါတယ်) ဒါ့ကြောင့် အချို့ရဟန်းတွေဆိုတာလည်း ဆပ်ပြာခွက်လိုပဲ၊ ဒကာ ဒကာမတွေကို လောဘ၊ အာဃာတ၊ မစ္ဆရိယစိတ်တွေ ကင်းအောင် ပြောဟောနေကြပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ မစ္ဆရိယစိတ်တွေ တပုံတပင်ထားနေကြလို့ အခုလို ခိုင်းနှိုင်းပြီး ကဲ့ရဲ့စရာတွေဖြစ်ခဲ့သည်၊ အတော် နာခံခက်လှပါဘိ၊

ဒါကို ရဟန်းတော်တွေအနေနဲ့ ဘယ်လိုချေဖျက်သင့်ပါသလဲ၊ အကောင်းဆုံးကတော့ လာဘမစ္ဆရိယ ကုလမစ္ဆရိယစိတ်တွေကင်းနိုင်သမျှ ကင်းအောင်နေခြင်းဖြင့် သက်သေပြရုံသာရှိသည်၊ ရဟန်းအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ဘာမဟုတ်တဲ့ ဒီ ဒကာ ဒကာမကိစ္စလေးတွေနဲ့ တစ်ပါးနှင့်တစ်ပါး မခေါ်နိုင် မပြောနိုင်ဖြစ်နေသည်ကိုတွေ့ရသောအခါ အတော်ဝမ်းနည်းမိပါသည်၊ ဒါတွေကို ဒကာ ဒကာမတွေ သိလျင် ဘယ်လိုနေကြပါမည်လဲ၊ သူများတွေက မကပ်မငြိ အလောဘစိတ်တွေနဲ့ လှူဒါန်းမှု့ပြုတာကို လိုချင်တပ်မက်မှု့လောဘစိတ်တွေမွှန်ပြီး အမြင်မကြည်ကြ၊ စကားတွေများကြ၊ ခိုက်ရန်တွေပွားနေကြလျင် ရဟန်းဘ၀ အရနာလှပါသည်၊ နိုင်ငံခြားကိုထွက်လာစဉ်က ဘယ်သူတွေကများ ငါ့ဒကာ ဒကာမဆိုပြီး လေယာဉ်နဲ့တင် ခေါ်ခဲ့ကြပါသလဲ၊

သမုဒ္ဒရာရေပြင်သည် ကျယ်ဝန်းလှပါသည်၊ လူတိုင်းကူးနိုင် ခပ်နိုင် အပန်းဖြေနိုင်ခွင့်ရှိပါသည်၊ အဲဒါကို ငါ့ဥစ္စာဖြစ်သည်၊ ငါ တစ်ယောက်သာ ပိုင်ဆိုင်ခွင့်ရှိသည်၊ ငါကလွဲပြီး ဘယ်သူမှ မထိမကိုင်ရ၊ လာပြီးမသုံးရဟု ဆိုလျင် ပြောသူသာ သဘာဝဓမ္မနှင့်ဆန့်ကျင်သူ အရူးဖြစ်ပါလိမ့်မည်။

တစ်ခုခုတော့ လုပ်စေချင်

မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ ရတက် မပွေပြီ။ ကံပေါ် ကံဆင့် ကံကိုမြှင့်၊ ဘ၀ တင့်လှသည်။
ကံခိုင် ကံလှ၊ ဒီဘ၀၊ မုချအေးငြိမ်းမည်။

မွေးနေ့အထိမ်းအမှတ်အဖြစ် လူသားတော်တော်များများ လုပ်ဆောင်လေ့ရှိကြတယ်။ ရည်ရွယ်ချက်တော့ တဦးနှင့်တဦး မတူညီနိုင်ကြမယ် မထင်ဘူး။ အမှန်တကယ်တော့ မွေးနေ့ကုသိုလ် ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာရှုထောင့်မှ ကြည့်ရင် ကုသိုလ်ဆက်ခြင်းဖြစ်တယ်။ အတိတ်ဘ၀က လုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ဒီဘ၀က လုပ်ဆဲ ကုသိုလ်တွေကို ဆက်ပေးလိုက်တဲ့သဘောပါ။
ကုသိုလ်ဆက်ခြင်းအားဖြင့် စိတ်ကြည်လင်အေးချမ်းသွားတယ်။ ကုသိုလ်အပေါ်မှာ ပျော်မွေနေတော့ စိတ်ချမ်းသာ သွားတယ်။ စိတ်ချမ်းသာတော့ ကိုယ်ကျန်းမာတယ်။ ပူပင်သောက စိုးရိမ်ရမှုတွေ ကင်းစင်ပြီး ရတက်မပွေ စိတ်မလေပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရတယ်။

မွေးနေ့ကုသိုလ် လုပ်တယ်ဆိုတာဟာ ကံဆက်တာပါပဲ။
ရှေးအတိတ်ကုသိုလ်ကံနဲ့ ပစ္စုပ္ပန်ကံကို ဆက်ပေးလိုက်တာပါပဲ။
ကုသိုလ်ကံတွေကို ပေါ်ပေါက်လာအောင် ဖော်ပေးလိုက်တာပါပဲ။
အဲဒီလိုဖော်လိုက်တော့ အတိတ်က ကုသိုလ်ကံတွေ ပေါ်လာတယ်။ အဲဒီအတိတ် ကုသိုလ်ကံကို ပစ္စုပ္ပန်ကံက ထပ်ဆင့်ပြီး မြှင့်တင်ပေးလိုက်တော့ ကုသိုလ်ကံတွေ တစ်ဆင့်ထက်တစ်ဆင့်၊ ရင့်သထက်ရင့်၊ မြင့်သထက် မြင့် မြင့်ပြီးလာတော့တာပဲ။ ကုသိုလ်ကံတွေ မြင့်လာတာနဲ့ မိမိနေထိုင်ရတဲ့ လူ့လောက လူ့ဘ၀ကြီးက တင့်တယ်စရာ ကျေနပ်စရာတွေ ပြည့်နက်လို့ နေတော့တာပဲ။

မွေးနေ့တိုင်းမှာ ကုသိုလ်ဆက်နေတော့ အဲဒီကုသိုလ်တွေ ခိုင်လာပြီပေါ့။ ကုသိုလ်တွေ ခိုင်လာ၊ များလာတာနဲ့ နှစ်သက်ရွှင်လန်းပြီး တည်တည်ကြည်ကြည် ငြိမ်းငြိမ်းချမ်းချမ်း ရှိတော့တာပဲ။ အဲဒီတည်ငြိမ် ငြိမ်းချမ်းမှုရဲ့ နောက်မှာ ထပ်ချက်မကွာ လိုက်ပါလာတဲ့ အမှန်ကို အမှန်အတိုင်း သိမြင်နိုင်တဲ့ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာနိုင်တယ်။ အသိထူး အမြင်ထူးတွေ ပေါ်ပေါက်လာတာနဲ့ ဒီဘ၀အတွက်သာမက သံသရာအတွက်ပါ ပူပင်ကြောင့်ကျ ဗျာပါရတွေ ကင်းစင်ပြီး ငြိမ်းချမ်းအေးငြိမ်းသွားတော့တာပါပဲ။

မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်က၊
အသက်ခန္ဓာ၊ လွန်ကျန်းမာ၍၊
ဥစ္စာ တန်ခိုး၊ ဖွံ့ဖွံ့ ဖြိုးသည်၊ မွေးနေ့ကုသိုလ်အကျိုးတည်း။

အဲဒီကဗျာကလေးက ငယ်ငယ်ကတည်းက ကြားဖူးနေ၊ ရဖူးနေတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲ မမှတ်မိတော့ဘူး။ အဲဒီကဗျာလေးကို အမှတ်ရပြီး အထက်က ကဗျာလေးကို ပြန်လည်ခံစားမျှဝေလိုက်တာပါ။
ဒါနဲ့ မွေးနေ့ရှင်အတွက် ရည်းစူးပြီး မြတ်ဗုဒ္ဓ ၀ိသာခါ ဒကာမကြီးကိုဟောတဲ့ တရားလေးကို မွေးနေ့ ဓမ္မလက်ဆောင်ပေးချင်တယ်။

ပါဠိ -

ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။ ဧ၀ံ ဇာတေန မစ္စေန ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

မြန်မာ-

ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံး ပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါ တည်းဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

အနက်ရှာ-
ပုပ္ဖရာသိမှာ-အမျိုးမျိုးအဖုံဖုံ ပန်းပေါင်းစုံသည့် ပန်းပုံကြီးထဲမှ၊ ဗဟူ-ရေတွက် သင်္ချာ၊ လွန်များစွာကုန်သော၊ မာလာဂုဏေ- ကြည့်၍ မဆုံး လိုတိုင်းသုံးဖို့၊ ပန်းကုံးတို့ကို၊ ကယိရာယထာ- နှစ်သက်ကြည်စွာ၊ ပြုလုပ်ရာကုန်သကဲ့သို့။ ဧ၀ံ-ပမာထားယူ ထို့အတူပဲ၊ ဇာတေန-ရှေးကံအလျောက် လူ့ထံရောက်အောင် ပေါ်ပေါက်ဖွားမြင်လာသော၊ မစ္စေန - မချွတ်ဧကန် အမှန်သေရမည့် သတ္တ၀ါသည်၊ ကုသလံ- ခုနောင် ဘ၀၊ နိဗ္ဗာန်ကျအောင် သုခကောင်းကျိုး လွန်ပွားတိုးသည့် ကုသိုလ်မျိုးကို၊ ကတ္တဗ္ဗံ-မလွဲမသွေ၊ ပြုသင့်ပေ၏။

လိပ်မှာမူရင်းက၊

Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

ရှေးအတိတ်ကံ-

အမှန်တကယ်တော့ လူတိုင်းလူတိုင်း လူ့ဘ၀ လူ့ဌာနကို ရရှိ ရောက်ရှိလာကြခြင်းဟာ ရှေးအတိတ်ကုသိုလ်ကံကြောင့် ဖြစ်တယ်။ ရှေးအတိတ်ကုသိုလ်ကံများကို အမှတ်တမဲ့ သုံးစွဲမိလို့ ကုန်ဆုံးသွားကြရင်ဖြင့် နောင်ဖြစ်လာမည့် ဘ၀က မသေချာ။
“ကံမခိုင် သံတိုင် အိမ်ဆောက်တော့ ကံမှောက်လျင် ကျိုး”ဆိုသလို ကုသိုလ်ကံက အခြေမခိုင်လျင် ဘာလုပ်လုပ် အဆင်မပြေနိုင်တော့။ သံတိုင် သံကွန်ကရစ်များနှင့် ဆောက်လုပ်ထားသည့် အိမ်တောင်မှ ကုသိုလ်ကံ မရှိတော့သည်နှင့် ပျက်စီးဆုံးရှုံးရနိုင်၏။ ကုသိုလ်ကောင်းမှု ကုန်ဆုံးသွားသည်နှင့် တပြိုင်နက် သတ္တ၀ါအားလုံး မည်သူမဆို ပျက်စီးကြရတော့တာပါပဲ။ မပျက်စီးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ ဒါဟာ ဓမ္မနိယာမပဲ။

သေမည်မှန်-

လူရယ်လို့ ဖြစ်လာပြန်ရင်လည်း လူတိုင်း အမှန်အကန် သေရဦးမှပါပဲ။ ဒီနေ့ သေမလား မနက်ဖြန်သေမလား။ အခုချက်ချင်းပဲသေမလား စသည်ဖြင့် လားပေါင်းများစွာနဲ့ပဲ စောင်းဆိုင်းနေရတာပါ။ သေခြင်းတရားဟာ လာဘ်ပေးလို့လည်း မရနိုင်၊ ရင်းနှီးလို့ နေပါဦး တားလို့လဲ မရနိုင်၊ ပစ္စည်းဥစ္စာ ဂုဏ်အရှိန်အ၀ါ သြဇာအာဏာတွေနဲ့ တားလို့လည်း မရနိုင်၊ အနုမြူလက်နက်အင်းအားတွေ ပိုင်ဆိုင်လို့ ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူလို့လည်း မရနိုင်ပါဘူး။ ဆိုလိုတာက မွေးဖွားလာတဲ့ ဘယ်သူမဆို အမှန်တကယ် သေကြရအုံးမယ်ဆိုတာကို သတိထားဖို့ပါ။

လေးတန်သေမျိုးပြ၊

အဘိဓမ္မာမှာ သေခြင်းလေးမျိုး ပြောပြထားတယ်။
၁။ သက်တမ်းကုန်လို့ သေခြင်းမျိုးက လူ့ဘ၀မှာ ခေတ်အခြေအနေ အချိန်အခါအရ ကန့်သတ်ထားတဲ့ အပိုင်းအခြားမျိုး။ ၇၅-နှစ်ဆို ၇၅-နှစ်ပေါ့။ အဲဒီလို သက်တမ်းပြည့်လို့၊ ကုန်လို့ သေတာကို ဆိုလိုတာ။
၂။ ကံကုန်လို့ သေခြင်းဆိုတာ ၁၅-နှစ်နဲ့လည်း သေချင်သေမယ်၊ မွေးပြီးကာစလည်း သေချင်သေမယ်။ ကံပါသလောက်ပဲ အသက်ရှင်ခွင့် နေခွင့်ရခြင်းမျိုးကို ဆိုလိုတယ်။
၃။ သက်တမ်းရယ် ကံရယ် နှစ်မျိုးကုန်လို့ သေခြင်း-ဆိုတာက သက်တမ်းကလည်း ကျော်လွန်သွားပြီ၊ ကံကလည်း ကုန်ပြီ၊ ခုခေတ်ဆို အသက်၈၀-အရွယ်၊ ၉၀-အရွယ်တွေကို ဆိုလိုတာပေါ့။
၎။ ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက+ accideint)မျိုးကတော့ ရေနစ်တာတို့၊ ကားတိုက်ခံရတာတို့၊ သူများသတ်လို့ သေတာတို့ စသည်ဖြင့် ရုတ်တရက် သေဆုံးရတာတွေကို ပြောတာပါ။ တချို့များ အဲဒီကံ(ဥပစ္ဆေဒကကံ)မပါလာလို့ကတော့ သူများက ကိုယ့်ကို ဘယ်လိုပင် လုပ်ကြံလုပ်ကြံ၊ ဖျက်ဆီးဖျက်ဆီး မပျက်စီးနိုင် မသေနိုင်ဘူး။ ဒါက သတိထားစရာလေးတွေကို ပြောတာပါ။

ကုသိုလ်ရွေးချယ်-

မတည်မြဲတဲ့ အရာတွေနဲ့ နှိပ်စက် ၀န်းရံနေလို့ လူတိုင်းဟာ သေကြရဦးမှာ။ ဘယ်နေ့ သေမှာမှန်း မသိရလို့လဲ သတ္တ၀ါတိုင်း လူသားတိုင်းဟာ ကောင်းမှု ကုသိုလ်တရားတွေကို လုပ်သင့်တာပါပဲ။ တချို့က ငါမသေနိုင်ဘူး အမှတ်မျိုးနဲ့ ကုသိုလ်တွေကို မေ့လျော့ ပေါ့ဆပြီး မလုပ်ဘဲ နေတတ်၊ နေရဲ လိုက်ကြတာ။ ကြောက်စရာကြီး။ ကုသိုလ် လုပ်တဲ့နေရာမှာ ခုဘ၀ရော နောင် ဘ၀ပါ အကျိုးများစေမဲ့ ကုသိုလ်မျိုးတွေကို ရွေးချယ်ပြီး လုပ်သင့်တယ်။

လုပ်ကြကွယ်-

ဒီလိုမှ မဟုတ်ဘဲ ပါတီလုပ် ၀ိုင်းဖွဲ့ပြီး အရက်ဒကာခံတာမျိုး၊ ကိုယ့်ဘော်ဒါတွေ နိုက်ကလာပ်သွားဖို့ ပိုက်ဆံပေးလိုက်တာမျိုး တွေဟာ ခုဘ၀ရော နောင်ဘ၀ပါ အကျိုစီးပွား ဖြစ်ထွန်းစေမဲ့ ကိစ္စမျိုး မဟုတ်ဘူး။ သက်ရောက်မှုက ဆိုးကျိုးဖက်ကို ဦးတည်သွားစေတယ်။
ပြောချင်တာက သူများဆီက မျှော်လင့်ချက်မထားဘဲ၊ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတာမျိုး မဟုတ်ဘဲ ဖြူစင်တဲ့ စေတနာမျိုးနဲ့ ကုသိုလ်ကောင်းမှုကို လုပ်သင့်တယ်။ သူက ငါ့ကို ရေတိုက်လိုက်လို့ ငါက သူ့ကို ပြန်ပြီး ထမင်းစားဖိတ်ကျွေးလိုက်တဲ့ ကုသိုလ်မျိုးက စစ်မှန်တဲ့ ကုသိုလ်မျိုး မဟုတ်သလို၊ သူက ငါ့ကို ကူညီလို့ ထမင်းဖိတ်ကျွေးတာ၊ သူကချမ်းသာလို့၊ သူ့ကို ခိုင်းလို့ရလို့ သူ့ဆီက ရမဲ့ အကူအညီကို မျှောင်လင့်တောင့်တပြီး လုပ်တဲ့ကုသိုလ်မျိုးကလည်း စစ်မှန်တဲ့ ကုသိုလ်မျိုး မဖြစ်နိုင်ဘူး။
မြတ်ဗုဒ္ဓ ဟောထားသလို (တတြာနန္ဒ တိရစ္ဆာနဂတေ ဒါနံ ဒတွာ သတဂုဏာ ပါဋိကင်္ခိ တဗ္ဗာ)မျိုး ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ကြွက်ခုတ်လို့ အစာကျွေးတာမျိုး မဟုတ်ပဲ စေတနာသန့်သန့်လေးနဲ့ ကျွေးမွေးလိုက်ရင် အဆတစ်ရာ၊ ဘ၀တစ်ရာ အကျိုးပေးနိုင်တယ်တဲ့။
စေတနာစစ်မှနော်။ စစ်မှန်မှ ခုဘ၀ရော နောင်ဘ၀ပါသာမက နိဗ္ဗာန်ထိအောင် အကျိုးပေးများနိုင်တယ်။ အဲဒီလို ကုသိုလ်မျိုးတွေ ရွေးချယ်ပြီးလုပ်သင့်တယ်။

သုံးသွယ်-
ကုသိုလ် မလုပ်မီ အရင်ဖြစ်တဲ စေတနာ၊ လုပ်နေဆဲ စေတနာ၊ လုပ်ပြီးနောက် ၀မ်းသာနေတဲ့ စေတနာ။ အဲဒီ စေတနာ သုံးမျိုးဟာ ဘ၀အတွက် သိပ်အရေးပါတယ်။
ကုသိုလ်မလုပ်မီ သြော် ငါဖြင့် ဘယ်နေ့၊ ဘယ်ရက်၊ အဘယ်အချိန်၊ ဘယ်နာရီမှာဖြင့် ကုသိုလ်လုပ်အုံးမှပဲ။ အဲဒီလို လုပ်ရမဲ့ ကုသိုလ်တွေကို တွေးပြီး ၀မ်းသာကြည်နူး နေခြင်းဟာ အရမ်းကို အကျိုးကျေးဇူးများနေပါပြီ။
ကုသိုလ်လုပ်နေဆဲ အချိန်ကိုတော့ မပြောလိုတော့ပါဘူး သူက သိပ်သိသာနေတာကိုး။ သတိထားသင့်တာက ကုသိုလ်လုပ်ပြီးနောက် ကိုယ့်လုပ်ထားခဲ့တဲ့ ကုသိုလ်တွေကို ပြန်ပြီး ၀မ်းသာကြည်နူးနေမယ်။ အောက်မေ့သတိရနေမယ်။ သို့မဟုတ် တည်မြဲခြင်းမရှိတာတွေကို ပြန်လှန် သုံးသပ်မယ်ဆို အဲဒီ ကုသိုလ်တွေဟာ ပွားပြီးရင်းပွား တားမနိုင် ဆီးမရဖြစ်နေတဲ့ ကုသိုလ်မျိုး၊ ခုဘ၀ နောင်ဘ၀ အကျိုးများမဲ့၊ နိဗ္ဗာန်ထိအောင် အကျိုးများမဲ့ ကုသိုလ်မျိုးတွေပါပဲ။

တန်ဖိုးလှ။

သိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ပိုက်ဆံကို တန်ဖိုးထားရုံ(ကပ်စေးနည်းဟုမသုံးပါ)သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကိုလည်း အရမ်းတန်ဖိုးထားပါတယ်။ နောက်ပြီး တရားတွေ တော်တော်သိနေလို့လားမသိ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုးမဟုတ်ဘဲ) ၀မ်းမြောက်ဝမ်းသာပြောတတ်၊ သူများကိုလည်း သာဓုခေါ်စေတတ်ပါတယ်။
မှတ်မှတ်ရရ တခါတုန်းက သူများက သူမကို အအေး(အိတ်နဲ့ထည့်ပေပြီး)တိုက်လိုက်ပါတယ်။ အဲဒီအအေးကို သူမက မသောက်ချင်ဘူး(မတည့်တာလည်း ပါမယ်)ပေါ့။ ပေးတဲ့သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ကလည်း မကောင်းတာမို့ လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။ အဲဒီနောက် လမ်းဘေးက အလှူခံတစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲက အအေးထုတ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာကြည်နူးစွာနဲ့ (အမှိုက်ပုံးထဲ ထည့်မယ့်အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုးမဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက်ဝမ်းသာနဲ့ ပေးလှူခဲ့ပြီး။
သူမ လှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီးတစ်ခုအလား သဘောထားကို သူတပါး(မိမိ)အား သာဓုခေါ်စေ၊ ၀မ်းမြောက်စေခဲ့ပါတယ်။ အဲဒီအမျိုးသမီး ချမ်းသာပါတယ်။ ပစ္စည်းဥစ္စာရော ကုသိုလ်ရောပေါ့။ တန်ဖိုးထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုးထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများတတ်ပုံကို ပြောတာပါ။ တန်ဖိုးထားတာနဲ့အမျှ တန်ဖိုး ရှိတော့ တာပါပဲ။

ပန်းကိုပုံပြု

ကုသိုလ်လုပ်တဲ့ အခါမှာ ပန်းတွေကို ဥပမာထားပြီး ကုသိုလ်လုပ်ရမယ်လို့ မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ ဥပမာအားဖြင့် စပါယ်ပန်းတို့၊ ခရေပန်းတို့ကို တော်တော်များများ မြင်ဖူးကြပါလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ တစ်ပွင့်တည်း ရှိနေရင် တန်ဖိုးမဲ့နေတတ်ကြပေမဲ့ သီကြိုးနဲ့ သီကုံးလိုက်တဲ့ အချိန်မှာတော့ အရမ်းတန်ဖိုး မြင့်တက်သွားပါပြီ၊ အရာရာဟာ အမြင်တင့် အဆင်တင့် အသွင်တင့်သွားပါပြီ။

ပိုက်ဆံဟာ တစ်ကျပ်ထဲဆို တန်ဖိုး သိပ်မရှိတတ်ပေမယ့် ရာတို့ ထောင်တို့ သောင်းတို့ သိန်းတို့ဆိုရင် လိုချင်တာတွေကို ၀ယ်လို့ရပါပြီ။ အဲဒီလိုပါပဲ ကုသိုလ်ဟာ နည်းနေသေးရင် မသိသာသေးပေမယ့် ကုသိုလ်တွေ များလာတာနဲ့ တပြိုင်နက် လူ့ဘ၀၊ နတ်ဘ၀၊ အဆင့်မြင့်ဘ၀တွေကို ၀ယ်လို့ရပါပြီ။ နိဗ္ဗာန်ကို ၀ယ်ဖို့ အထောက်အပံ့ ပေးနိုင်ပါပြီ။ ဆိုလိုတာက ပန်းပွင့်တွေကို ဥပမာထားပြီး ကုသိုလ်လုပ်တဲ့အခါ နေ့စဉ်နေ့စဉ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လုပ်နိုင်သလောက် လုပ်သွားကြဖို့ပါ။

ကုသိုလ်စု

တစ်စက္ကန့်ဟာ တန်ဖိုးမရှိတတ်ပေမယ့် စက္ကန်ပေါင်းများစွာရှိလာရင်၊ တစ်မိနစ်ကို သတိမထားတတ်ကြပေမယ့် မိနစ်ပေါင်းများစွာ ရှိလာရင်၊ တစ်နေ့တစ်လေဟာ မသိသာပေမယ့် နေ့ပေါင်းများစွာကြာလာရင် သိပ်ကို ထူးထူးခြားခြား ဖြစ်တတ် ရှိလာတတ်ပါတယ်။ ကုသိုလ်လုပ်တဲ့ အခါမှာလည်း ဒီအတိုင်းပါပဲ တစ်စက္ကန့်လောက် လုပ်လိုက်တဲ့ ကုသိုလ်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်လောက် လုပ်လိုက်တဲ့ ကုသိုလ်တွေဟာ မသိသာပေမဲ့ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေထပ်လာ ဆက်လာရင်၊ ကုသိုလ်တွေ စုနိုင်လာတာနဲ့ တပြိုင်နက် အဲဒီကုသိုလ်ရဲ့ အကျိုးတရားတွေကို လိုသလို အသုံးချလို့ ရနိုင်တော့တာပါပဲ။

တစ်ခုခုတော့

ကုသိုလ်လုပ်တယ်ဆိုတာ ပိုက်ဆံရှိမှ လုပ်လို့ ရတာမဟုတ်ပါဘူး။ မရှိလည်း လုပ်လို့ ရတာပါပဲ။ နံနက် ညနေ ဘုရားရှိခိုးတာတို့၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် ပွားများတာတို့၊ ရွတ်ဆိုတာတို့။ မေတ္တာပို့တာတို့၊ သူများအကျိုးစီးပွားကို လိုလားတာတို့၊ သူများ အဆင်ပြေနေတာတွေ့ရင် ၀မ်းမြောက်ဝမ်းသာ ရှိတာတို့၊ သူများ မကောင်း မပြောတာတို့၊ ကူညီနိုင်တာတွေ့ရင် ကာယအား၊ ဥာဏအားဖြင့် ကူညီတာတို့ စတာတွေဟာ ပိုက်ဆံမကုန်ဘဲ ရတတ်တဲ့ ကုသိုလ်တွေပါ။
ပိုက်ဆံ မကုန်တဲ့ တန်ဖိုးအကြီးဆုံး ကုသိုလ်ကတော့ နေ့စဉ်နေ့တိုင်း မိမိ ရှုနေ ထုတ်နေတဲ့ ၀င်လေ၊ ထွက်လေကို သတိထား စောင်းကြည့်နေရင်၊ ဒါမှာ မိမိလုပ်နေတဲ အရာတွေကို မျက်ခြေမပြတ် သတိနဲ့ စောင့်ကြည့်နေ၊ မိမိရဲ့ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်၊ မိမိစိတ်ရဲ့ ပြောင်းလဲတတ်တဲ့ ဖြစ်စဉ်တွေကို စောင့်ကြည့်နေနိုင်မယ်ဆိုရင် တန်ဖိုး ဖြတ်လို့ မရနိုင်တဲ့ ကုသိုလ်တွေပါပဲ။ တစ်ခုခုကိုတော့ မျက်ခြေမပျက် သတိနဲ့ မှတ်နေဖို့ပါပဲ။

လုပ်ရမှ။

အလုပ်ကတော့ နေ့စဉ်လုပ်နေရတာပါပဲ။ ဆင်းရဲသူလည်း ဆင်းရဲတဲ့အလျောက်၊ ချမ်းသာသူလဲ ချမ်းသာတဲ့အလျောက် လုပ်နေကြရတာပါပဲ။ အလုပ်မလုပ်တဲ့သူရယ်လို့တော့ တစ်ဦးမှ ရှိမယ်မထင်ပါဘူ၊ တန်ဖိုးရှိတဲ့ အလုပ်၊ တန်ဖိုးမဲ့တဲ့ အလုပ် ဒါတွေပဲ ကွာခြားသွားကြလိမ့်မယ်လို့ ထင်ပါတယ်။

အလုပ်လုပ်နေကြပေမယ့်

ကုသိုလ် ပညာ၊ ဥစ္စာ ရှာမှု၊ တစ်ခုခု၊ မရသူမှာ အရှုံးသာ- စသည်ဖြင့်
ဆုံးမစကားတွေ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက် အဓိပ္ပါယ်ရှိဖို့ ဘ၀မရှုံးဖို့ကတော့ နေ့စဉ်နေ့စဉ် ကုသိုလ်လုပ်ရမှ ဖြစ်မယ်။
အိပ်ခါနီ နဖူးပေါ်လက်တင် စဉ်းစားကြည့်လိုက် ဒီနေ့ ငါ ဘာကုသိုလ်တွေ လုပ်ပြီးပြီလဲ။
တကယ်လို့ ဘာမှ မလုပ်ရသေးရင်၊ မလုပ်ဖြစ်ခဲ့ရင် -
အရှုံးတော့ မခံပါနဲ့ -
နှာသီးဖျားက ၀င်လေထွက်လေကို သတိထားလို့ ဖြစ်စေ၊ ၀မ်းဗိုက်ပေါ်လက်တင်ပြီး ဖောင်းတာ ပိန်တာကို သတိထားလို့ဖြစ်စေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်တော်တွေကို ပွားလို့ပဲဖြစ်စေ၊ မေတ္တာပွားလို့ပဲဖြစ်စေ တနေ့တာအတွက် ဘ၀မရှုံးအောင်လုပ်ဖို့တော့ လိုအပ်ပေလိမ့်မယ်။ ဆိုလိုရင်းကတော့ နေ့စဉ် နေ့စဉ် လုပ်နိုင်သလောက် ကုသိုလ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်နေမယ်ဆိုရင် နေ့ပေါင်းများစွား ကြာမြင့်လာသောအခါ . . ...

အထက်က ရေးလိုက်တဲ့ စာတွေကို နိဂုံးချုပ်လိုက်တော့

အချုပ်

ပါဠိမြန်မာ၊ အနက်ရှာ၊ လိပ်မှာ မူရင်းက။
ရှေးအတိတ်ကံ၊ သေမည်မှန်၊ လေးတန်သေမျိုးပြ။
ကုသိုလ်ရွေးချယ် လုပ်ကြကွယ်၊ သုံးသွယ် တန်ဖိုးလှ။
ပန်းကို ပုံပြု ကုသိုလ်စု တစ်ခုခုတော့ လုပ်ရမှ။

Monday, September 21, 2009

အရင်းလေးတော့ မဆုံးစေချင်

ဘာသာတရားများ

ကမ္ဘာပေါ်တွင် လူသားများ သန်းပေါင်း ထောင်နှင့်ချီ၍ ရှိကြသည်။ ထိုလူသားများတွင် လိုချင်မှု အမျက်ထွက်မှု၊ တွေဝေငေးမောမှုများ လူတိုင်း ကိုယ်စီ ရှိကြ၏။
လိုချင်မှု၏ နောက်ကွယ်တွင် တပ်မက်မှု၊ သံယောဇဉ် ရှိမှု စသည်တို့နှင့် ဆက်နွှယ်နေသော လောဘအရင်းခံသည့် အကြောက်တရားများ၊ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ရှိကြပြန်၏။
ထိုအကြောက်တရားများ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ကွယ်ပျောက်စေရန် လူသားတို့သည် မိမိတို့၏ စိတ်ကို အေးငြိမ်းအောင် လုပ်ဆောင် ရှာဖွေကြရင်းဖြင့် လူသားတို့၏ အတ္တနှင့် လောဘကို အခြေခံလဆက် ဘာသာတရားများ အသီးသီး ပေါ်ပေါက်လာရခြင်းဖြစ်၏။

ကိုးကွယ်ဆည်းကပ်

လူသားတိုင်းသည် ဘ၀၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း စသည်တို့ကို အလိုရှိကြ၏။ လူသားတို့ အလိုရှိကြသော အရာများသည် စိတ်၏ ခံစားမှုနှင့် လိုရင်းအားဖြင့် သက်ဆိုင်၏။
လူသားတို့က ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများနှင့် အဆောင်အယောင်များက ငြိမ်ချမ်း ပျော်ရွှင်များကို ပြည့်ပြည့်၀၀ ပေးနိုင်မည်ဟု မျှော်လင့်နေကြ၏။ သို့သော် ထိုအရာများက အဆုံးစွန်အထိ ပြည့်ပြည့်၀၀ မပေးနိုင်ကြ။ တဒင်္ဂခဏသာ ဖြေဆည်ရာအဖြစ် ပေးစွမ်းနိုင်ကြပြီး ကြာတော့လည်း ရိုးအီ သွားကြပြန်၏။
ဘာသာတရားများကသာ လူသားတို့ အလိုရှိနေသော စိတ်၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းများကို ထာဝစဉ် ပေးစွမ်းနိုင်ကြ၏။ ထို့ကြောင့် ဘာသာတရားများကို အသိဉာဏ်ရှိသော လူသားတို့ ရှာဖွေ ဆည်းကပ် ကိုးကွယ်ကြခြင်း ဖြစ်ပေမည်။

စဉ်စားစရာများ

သို့သော် မိမိတို့ ကိုးကွယ်နေသည့် ဘာသာတရားက စိတ်၏ ပျော်ရွှင်ငြိမ်းချမ်းမှုများ အမှန်တကယ် ပေးနိုင်၊ မပေးနိုင် ဆိုသည်ကိုတော့ အသိဉာဏ်ရှိသော လူသားတို့ အသေအချာ စိစစ် စဉ်းစားရာ၏။
ဘာသာတရားများသည် ကိုးကွယ်သူ လူသားများအား ကောင်းကျိုးချမ်းသာများကို ပေးစွမ်းနိုင်ကြသလို၊ ဆိုကျိုးများကို ပေးစွမ်းနိုင်ကြပါသလော?၊ ဘာသာတရား ကိုးကွယ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးအပြစ်တို့ကိုလည်း သတိချပ်သင့်လှ၏။
လူ့ဘ၀သည် တန်ဖိုး အလွန်ကြီးမားလှ၏။ တန်ဖိုးကြီးမားသော လူ့ဘ၀ကို ရရှိသော လူသားတို့အဖို့ မိမိကိုယ်ကို မိမိ ဂုဏ်ယူသင့်၏။ လူသားသည် အသိဉာဏ်ပညာရှိ၏။ စဉ်းစားတွေးခေါ်တတ်၏။ အကောင်းအဆိုးကို သိ၏။ ဆင်းရဲမျိုးစုံကို ခံစားကြရသည့်အခါ ပူပန်မှု သောကတွေက တသီတတန်း။ ချမ်းသာသုခကို ခံစားကြရသည့်အခါ ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။ ပြုံးတစ်လှည့် မဲ့တစ်ခါ လူ့ဘ၀ လူ့အရသာများကို ခံစားကြ၏။
ချမ်းသာသုခကို ခံစားကြရသည့်အခါ လူ့ဘ၀ လူ့လောကကြီးကို မေ့လျော့ နေတတ်ကြသော်လည်း ဆင်းရဲဒုက္ခကို ခံစားကြရသည့်အခါ အားကိုးရာကို အလျင်အမြန် ရှာဖွေကြတော့၏။ အချို့လူသားက မိဘတွေကို အားကို၏။ အချို့က ဆွေမျိုး၊ အချို့က ညီအစ်ကို မောင်နှမ၊ အချို့က အာဏာပိုင် အဖွဲ့အစည်း၊ အချို့က ဗေဒင်ဆရာ၊ အချို့က ဘိုးတော်၊ နတ်ကတော်၊ အချို့ ရိုးရာနတ်များ စသည်ဖြင့် အားကိုရာကို အသီးသီး ရှာဖွေကြ၏။
မိမိတို့ ရှာဖွေကြသော အားကိုးရာများသည် အမှန်တကယ်ပင် အားကိုးထိုက်ပါသလော?။ ဆင်းရဲဒုက္ခ သောကဝေဒနာမီးများကို ဆုံးခန်းထိအောင် ဖယ်ရှားပေးနိုင်သည့် စွမ်းရည်သတ္တိထူးများ ရှိပါသလော။ စဉ်းစား ဆင်ခြင် သုံးသပ်၍ ဘာသာတရား ကိုးကွယ်မှုအတွက အသေအချာ စဉ်းစား ဆုံးဖြတ်ကြရာ၏။

စစ်ကြော ဝေဖန်သင့်

လူသားတို့ အမိဝမ်းကြာတိုက်၌ ကိန်းအောင်း (ပဋိသန္ဓေ) နေခဲ့ချိန်မှ စ၍ ဆင်းရဲမျိုးစုံ အဖုံဖုံကို ခံစားခဲ့ကြရ၏။ မိခင်၏ အသွားအလာ အစားအသောက် အနေအထိုင် မဆင်ခြင်မှုတို့ကြောင့် ရင်သွေးများ ဆင်းရဲမျိုးစုံ အဖုံဖုံကို ပို၍ပို၍ ခံစားကြရန်၏။
တဏှာ လောဘစသည့် ကိလေသာတရားများ ဖုံးလွှမ်း ဖိစီး နှိပ်စက်မှုတို့ကြောင့် ကြီးပြင်းလာသောအခါ ကိုယ်ဝန်ရှိစဉ်က ခံစားခဲ့ရသော ဆင်းရဲမှုများကို လူသားတို့ အမှတ်မရ သတိမရကြတော့ချေ။
များသောအားဖြင့် အမိဝမ်းကြာတိုက်မှ မွေးဖွားလာကြသည့် လူသားအားလုံးလိုလို “ငိုခြင်းသဘော”ဖြင့် လူ့လောကထဲ ၀င်ရောက်လာကြခဲ့၏။ လူ့လောက လူ့ဇာတ်ခုံပေါ်သို့ ကန့်လန့်ကာဖွင့် ၀င်ရောက်လာကြသော ဥမမယ်အရွယ် ကလေးငယ်တို့၏ ငိုခြင်းသဘောကိုလည်း အသိဉာဏ်ရှိသော လူသားတို့ စဉ်းစားတွေးခေါ် စစ်ကြော ဝေဖန်သင့်လှ၏။

ကုန်ဆုံးသွားချိန်များ

လူသားတို့ မွေဖွားလာခဲ့ချိန်မှ စတင်၍ စကားပြောတတ်ရန် ၅-နှစ်သား အရွယ်လောက်အထိ အမိအဖတို့၏ သွန်သင် ဆုံးမမှုများအောက်တွင် နေကြရ၏။ ထို့နောက် အတတ်ပညာ ရှာဖွေခြင်းစသည်ဖြင့် အနှစ် ၂၀-ခန့် အချိန်ကုန်ဆုံးကြရပြန်၏ ဘွဲ့ရ၍ အတတ်ပညာ၊ အသိပညာများ သင်ကြားချိန် ပြီးဆုံးသွားပြန်တော့လည်း အနားမနေရ၊ လူ့လောက လူ့ပတ်ဝန်းကျင်တွင် လူတန်းစေ့ နေထိုင်နိုင်ရေးအတွက် စီးပွားဥစ္စာများ ရှာဖွေကြရပြန်၏။
လူတန်းစေ့ နေထိုင်နိုင်ပြီဟု ယူဆကြသော်လည်း လူ့အသုံးအဆောင် ဇိမ်ခံပစ္စည်းများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် နေ့စဉ်နေ့တိုင်းလို သစ်လွင် ပေါ်ထွက်နေ့သည့်အတွက် ခေတ်နှင့် ရင်ဘောင်တန်းရင်း (သို့) အမီလိုက်ရင်း၊ သားရေး သမီးရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးစသည်ဖြင့် အရေးကိစ္စ မြောက်များစွာတို့၏ လွှမ်းမိုးမှုအောက်တွင် ခေတ်ရေစီးကြောင်းအတိုင်း မျောပါသွားကြရင်း အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးသွားကြရတော့၏။
အချိန်တွေ ကြာလာသည်နှင့်အမျှ အသက်အရွယ်တွေ ကြီးရင့်လာကြ၏။ နောက်ဆုံး ဘ၀၏ သဘောတရားများ၊ ဘ၀၏ အဓိပ္ပါယ်နှင့်တန်ဖိုး၊ ဘ၀၏အမှန်တရားများ၊ အသက်ရှင်နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများကို မရှာဖွေမိကြတော့ဘဲ သက်တမ်းချိန်များ ကုန်ဆုံးသွားကြရပြန်တော့၏။

အဆင့်အတန်း

ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ ပညာတတ်ခြင်းနှင့် ပညာမတတ်ခြင်း၊ ရာထူးအာဏာ ပါဝါရှိခြင်းနှင့် မရှိခြင်း၊ ရုပ်ချောခြင်းနှင့် ရုပ်ဆိုးခြင်း-စသည်ဖြင့် အဆင့်အတန်းခွဲခြားကြ၊ ကွဲပြားကြသော လူသားတို့အတွက် အဆင့်အတန်း ခွဲခြား၍ မရနိုင်သည်ကား “မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း”ပင် ဖြစ်တော့၏။ ထိုအရာကို ပညာရှင်ကြီးတို့က ဘ၀၏ တူမြဲတရား သုံးပါးဟု ကင်ပွန်းတပ်ခဲ့ကြ၏။
လူဘ၀ရောက်လာသူ လူသားအားလုံး အရင်းမရှုံးဖို့ အရေးကြီး၏။ အမြတ်မရနိုင်စေကာမူ အရင်းအတိုင်း ပုံမှန်လေးတော့ လည်ပတ်စေချင်၏။ နောင်ဘ၀ဆိုသည်မှာ မသေချာသော်လည်း ဒီဘ၀လေးမှာတော့ ငြိမ်းချမ်း ပျော်ရွှင် စေချင်ပါ၏။
လူ့ဘ၀တွင် စီးပွားဥစ္စာ ရှာဖွေခြင်းနှင့် ပတ်သက်၍ အရင်းရှုံးသွားလျင် ယုတ်စွအဆုံး တစ်တ၀စာအတွက် နလန်မထူနိုင်ခြင်း ဖြစ်နိုင်သော်လည်း လူ့ဘ၀အရင်းအနှီးကြီး ဆုံးရှုံးသွားပါက တစ်သံသရာလုံး နလန်မထူဘဲ ရှိချေတော့မည်။

အရေးပါလှ ကလေးဘဝ

ပြောင်းလဲလာသော ခေတ် စနစ်တို့အရ အရာအားလုံးတို့သည် ထိန်းချုပ်၍ မရ၊ ဖြစ် ပျက် ပြောင်းလဲမှုတို့က မြန်ဆန်လွန်းလှ၏။ အရာအားလုံးတို့ တိုးတက်ဖြစ်ထွန်းလာ၏။ အရာအားလုံးတို့ ဆုတ်ယုတ်ပျက်စီးသွားပြန်၏။ တိုးတက်ဖြစ်ထွန်းလာသည်ကား ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများ၊ ဆုတ်ယုတ် ပျက်စီးသွားသည်ကား စိတ်ဓာတ် ယဉ်ကျေးမှုများ၊ စဉ်းစားဖို့တို့တော့ လိုမည်ထင်ပါ၏။
ရုပ်ဒြဗ်ပစ္စည်းတို့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ထွက်လျက် ရှိကြ၏။ တစ်ခုကို သုံးလို့မှ အားမရသေးခင် အခြားတစ်ခုက အဆင်သင့် အစားထိုး ၀င်ရောက် နေရာယူနှင့်နေပေပြီ။ ရုပ်ဒြဗ် ပစ္စည်းဝတ္ထုများ တိုးတက်ဖွံ့ဖြိုးလာသလို စိတ်ဓာတ်ယဉ်ကျေးမှုများလည်း တိုးတက်ဖွံ့ဖြိုးလာလျှင် သိပ်ကောင်းမှာ-ဟု တွေးနေမိ၏။ ထိုအတွေး၏ နောက်ကွယ်တွင် အရေးပါလှသော ကလေးတို့၏ ဘ၀ကို စဉ်းစားမိလာ၏။

တာဝန်ကျေကြဖို့

ယနေ့တော့ ကလေးဘ၀၊ နောင်သော်လူကြီး၊ ယနေ့တော့ တပည့်၊ နောင်သော် ဆရာ၊ ယနေ့ သားသမီး၊ နောင်သော် မိဘ စသည်ဖြင့် ပြောင်းလဲနေရသည်က ဓမ္မတာ။ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိကြ၏။ ထိုတာဝန်း ၀တ္တရာများကိုလည်း မြတ်ဗုဒ္ဓက အသီးအသီး ညွှန်ကြားထားရှိပြီးဖြစ်၏။ ကိုယ့်တာဝန် ကိုယ်ကျေဖို့တော့ လိုမည်ထင်ပါသည်။

အရင်းလေးတော့ မဆုံးစေချင်

အချုပ်အားဖြင့် လူသားတို့ အားကိုးရာကို ရှာဖွေကြရာတွင် လမ်းဖြောင့် လမ်းမှန်ရောက်ဖို့ အရေးကြီးလှ၏။ ကိုယ်မလုပ်ဆောင်နိုင်သည်နှင့် အမှားများ၊ အသုံးမ၀င်၊ အသုံးမကျသည့် အရာများဟု မဝေဖန်သင့်။ မထင်မြင် မယူဆသင့်၊ လုပ်ဆောင်နိုင်သည်များကို ရွေးချယ် စုစည်း၍ လုပ်ဆောင်သွားကြရပေအုံးမည်။
ကိုယ်ရရှိထားသည့် ဘ၀၊ စည်းစိမ်အပေါ် သာယာ ယဇ်မူး၍ ဇိမ်ခံကာ အလုပ် ဆက်မလုပ်လျှင် စည်းစိမ်ဥစ္စာများ တစ်နေ့တစ်ခြား ပျက်စီး ဆုတ်ယုတ်နိုင်သည်ကို သတိမူသင့်သလို။ အတိတ်ဘ၀က ရရှိထားသည် ကုသိုလ်ကံအပေါ် ရောင့်ရဲတင်းတိမ်၍ ကောင်းမှု ကုသိုလ်များကို ထပ်မံ မပြုလုပ်တော့လျှင် ကောင်းမှုကံ ကုန်ဆုံး ပျက်သုဉ်း၍ မကောင်းသည့် ဘုံဘ၀များသို့ ပြန်လည် ရောက်ရှိသွားနိုင်ကြောင်းကိုလည်း သတိမူသင့်၏။ ယခုလက်ရှိ ရထားသည် ဘ၀မျိုးလေး ပြန်မရနိုင်ကြလျှင် ဘ၀အရင်းပါ ဆုံးရှုံးသွားနိုင်ကြောင်း အသိပေးရင်းဖြင့်။ အရင်းလေးတော့ မဆုံးစေချင်...။

ဝန်ခံချက်
ဤစာမူကို စာရေးသူ ရေးသားခဲ့သော “ယဉ်ကျေးစေရာ ဓမ္မကဗျာ” စာအုပ်ရှိ နိဒါန်းကို အခြေခံ၍ရေးသားခဲ့ ခြင်းဖြစ်၏။
အမေရိကန်နိုင်ငံ နယူယော့ခ်မြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ ပို့ပေးပြီး၊ မဂ္ဂဇင်းတွင် ဖော်ပြပြီးလည်းဖြစ်၏။
သို့သော် စာဖတ်သူများ မျှဝေခံစားနိုင်ရန် ညီငယ် မောင်ဖိုးသား(ရုရှား)နှင့် ကိုဝိမုတ္တိ(ဂျပန်) တို့မှတဆင့် လက်ဆင့်ကမ်း ကုသိုလ် ပွားများခဲ့ပြီး၊ ယခုအခါ မြန်မာကျောင်းသား ရဟန်းတော်များဆိုဒ်တွင် ပြန်လည် မျှဝေလိုက်ပါသည်။

ဘ၀ သံသရာ

ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို တော်တော်များများ နားထောင်ဖူးကြမယ်ထင်ပါတယ်။
သီချင်းက ဂီတသံစဉ် အနေနဲ့ နားထောင်လို့ ကောင်းသလို စာသားတွေကလည်း အဓိပ္ပါယ်တွေ ပြည့်နက်လို့ နေပါတယ်။
နဲနဲ စဉ်းစားရင်း နဲနဲ အဓိပ္ပါယ်ဘဲ ရနိုင်သလို မျာများ စဉ်းစားရင် များများ အဓိပ္ပါယ်ရနိုင်ပါတယ်။
အကျယ်ချဲ့ပြီးယူမယ်ဆိုရင် ယူသလောက် ရနိုင်ပါတယ်။
စာရေးသူတို့ ငယ်စဉ်ဘ၀ ဆရာကြီးဦးသုခရဲ့ ဘ၀သံသရာသီချင်းကို ကြားမိပြီဆိုရင်ပဲ အဓိပ္ပါယ် နားမလည် သည့်တိုင် ရင်ထဲမှာ တလှပ်လှပ်နဲ့ ကြက်သီးမွေးညင်းများ ထမိပါရဲ့။
အချိန်တန် လူလားမြောက်တဲ့အချိန်မှာ ဒီသီချင်းတစ်ပုဒ်ကို တော်တော်များများ နားထောင်ဖြစ်ပါတယ်။ ရိုးလို့မသွားပါဘူး။ စိတ်များများ ညစ်လေ နားထောင်လို့ ကောင်းလေပါပဲ။
စာဖတ်သူတို့ကိုလဲ ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို မူရင်း စာသားအတိုင်း အဓိပ္ပါယ် မဖျက်၊ မစွက်ဘဲ မျှဝေခံစားလိုက်ရပါတယ်။ (စာသားများမှားသွားရင်တော့ ခွင့်လွှတ်ပေးကြပါ။ ကက်စက်ခွေက နားထောင်ပြီး ပြန်ကူးရေးရလို့ပါ။)

ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တစ်သွာတည်း သွားကြတာ . . . ။ (2-ကြိမ်)

ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ . . ။ (2-ကြိမ်)

လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . . .။

အော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . . တဲ့ ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . . . ။

တွေ့ကြုံ ဆုံကွဲ ခရီးတည်း ၀မ်းနည်း ၀မ်းသာ ၀ိပ္ပလ္လာ။ ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာလဲ ဖြစ်ရမှာ . . . ။

အော် . . . ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ . . . ။

ဟင်း . . . သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . . . အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ။

(ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တစ်သွာတည်း သွားကြတာ . . . ။ (2-ကြိမ်))
ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိ(မွေးဖွားခြင်း)အစ မရဏ(သေဆုံးခြင်း)အထိ အဲဒီကာလအတွင်းလို့ သိကြရပါတယ်။ အဲဒီ ဘ၀ဟာ တစ်ဘ၀ထဲနဲ့ အပြီးပြတ်မလား?
ဘ၀ပေါင်းများစွာ ရွေ့လျားခဲ့ရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။

အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မာပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုတ်ရှုတ် ကမ္မဆိုတဲ့ စက်ခလုပ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေရတာက . . .

(ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ . . . ။ (2-ကြိမ်))

အဲသလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ?
စဉ်းစားကြည့်လိုက်တော့ . . .

(အော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . တဲ့ . . . ။ )

အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း အလွန်ထူးဆန်း စုံလုံးကန်းတဲ့ အ၀ိဇ္ဖာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါကို ဘ၀တိုင်း ဘ၀တိုင်း ပျော်ပျော်လိုက်တာ ကောင်းတာတွေ တွေ့လိုက်တော့ ပျော်လိုက်ကြ၊ ဒုက္ခဆင်းရဲတွေ့လိုက်တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေး ရတော့ ပျော်လိုက်ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး။

တွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ၀မ်းနဲဝမ်းသာ ၀ိပ္ပလ္လာသတရားတွေမို့ ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်။ မဖြစ်ချင်ပါဘူးဆိုတဲ့ အရာတွေလဲ ဖြစ်ကြရမယ်။
အဲဒီလို တေဘုမ္မက ၀ဋ်ဒုက္ခဆိုတဲ့ ၃၁-ဘုံက လွတ်ကင်းအောင်လို့ ဇွတ်အတင်းထွက်ဖို့ကလဲ သန်းခေါင်ကိုလကွယ် တောအုပ်ကျယ်မှာ လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများ လျှောက်သလို ၀ိုင်းကြီးပတ်လည် ဘ၀မဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောသစ္စာ၊ မဂ္ဂသစ္စာတွေ ရင်ဝယ်ပိုက်နိုင်အောင် ကြိုစားကြဖို့.။

သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . . .အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ။

ချစ်သူ့ဆန္ဒ

ချစ်ပါတယ်ဆိုတဲ့ စကား၊ သူ့နှုတ်ဖျားက ထွက်ခဲ့၊
ပီတိပေါ် သကာလောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
အပျော်တွေနဲ့ပေါ့ . . .၊
တူယှဉ်ကာ လက်တွဲ၊ ပန္နက်လည်း ချဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ ဆန္ဒတခု။

မုန်းပါတယ်ဆိုတဲ့ စကား၊ သူ့နှုတ်ဖျားက ထွက်ခဲ့၊
ဒုက္ခပေါ် အဆိပ်လောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
မီးတောက်တွေနဲ့ပေါ့ . . .။
ပန္နက်ကို သူနှုတ်၊ တွဲလက်တွေ ဖြုတ်ဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ဆန္ဒတခု။
ချစ်သူရဲ့ ဆန္ဒနဲ့ ပြင်းပြတဲ့ဝေဒနာ၊
ပူလောင်စွာ ခံစားခဲ့ . . .၊
မတူညီတဲ့ ရလဒ်၊ ကာရန်မဲ့ဝေဒနာ၊
သေချာစွာ စစ်ဆေးဖို့၊ ဆုံးဖြတ်ချက် အခိုင်မာ၊
ယိုင်တိုင်ကာ ချိနဲ့၊
ယဲ့တဲ့တဲ့ အပြုံး၊ မဲ့ရွဲ့ကာ အမုန်းတွေနဲ့၊
လမ်းဆုံးတော့မှာလား ချစ်သူရယ် . . .။

Sunday, September 20, 2009

ကပ္ပိယကျော်ခေါင် နှင့် ရွာသူကြီးဖိုးလူ

တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်သည်၊ မျက်နှာဖရိုဖရဲဖြင့်၊ ရွာဦးကျောင်းဆရာတော်အား ဤသို့ လျှောက်ထားလေ၏၊ “

မှန်လှပါဘုရား…မနေ့ကဆိုလား ဟိုတစ်နေ့ကဆိုလား ပဲ…တဲ့ ဘုရား၊ ဟိုဖက်ရွာမှာ ဆိုလား ဒီဖက်ရွာမှာဆိုလား ပဲ…တဲ့၊ အဲဒီမှာ အမျိုးသမီး ဆိုးလား အမျိုးသားဆိုလား ပဲ…တဲ့ဘုရား၊ နွားခွေ့တယ် ဆိုလာ ကျွဲခတ်တယ် ဆိုလားပဲ၊ အဲဒါ့နဲ့ အခု ဆေးရုံး တက်နေရတယ် ဆိုလား ဘာဆိုလားပဲ..တဲ့၊ အခုဆိုတော့လည်း သေသွားတယ် ဆိုလား ဘာဆိုလားပဲ..တဲ့ ဘုရား၊ ဟူ၍ လျှောက်ထားလိုက်လေရာ၊ ထိုအခါ= ရွာဦးကျောင်းဆရာတော်က . “ဟေ့ ငကျော်ခေါင် မင်း ဒီသတင်းကို ဘယ်ကကြားတာလဲ ပြောစမ်း“ ဟုမေးလေ၏။ “မှန်လှပါဘုရား ..တပည့်တော်ကို ရွာသူကြီးဖိုးလူ ပြောတာပါ ဘုရား၊ အရှင်ဘုရားမယုံရင် သူကြီးကို မေးကြည့်ပါဘုရား ဟူ၍ အားရပါးရ လျှောက်ထားလေ၏။
ထိုအခါ ရွာဦးကျောင်းဆရာတော်က ..“အံမယ် ဒီဥနှောင့် မရှိတဲ့ကောင်ပြောတာကို မင်းမို့ယုံတာ“ ဟူ၍ ပြောဆိုလိုက်လေရာ၊ ကပ္ပိယကျော်ခေါင်သည် မိမိ၏ စကားကို ပယ်ချခံရသဖြင့် အလွန့်အလွန် အားမလို အားမရ ဖြစ်ပြီး၊ ဤသို့ ပြန်လေလျှောက်ထားလိုက်လေ၏။
“ဆရာတော်ကလည်း ကိုယ့်ရွာကို အုပ်ချုပ်နေတဲ့ ဥက္ကဌကို အဲလို့ မပြောပါနဲ့ ဘုရား၊ သူ့မှာ ဥနှောင့်မရှိ ပေမယ့် ..ဒါ ..ရှိတယ်လေ ဘုရား.‘‘ ဟူ၍ လက်ညှိုးကို ကွေး၍ကွေး၍ ပြလေတော့သတည်း။ ။
Myanmar Student Monks Organization in Thailand. Powered by Blogger.