Friday, September 25, 2009

ရဟန်းတော်များနှင့် မစ္ဆရိယစိတ် (နောက်ခံဇာတ်ကြောင်း)

ဦးအာဒိစ္စ၀ံသနှင့် ဦးဥက္ကဋ္ဌတို့သည် အိန္ဒိယနိုင်ငံတွင် ပညာများသင်ယူရင်း အားလပ်ရက် ရသောအခါ ဒေသန္တရဗဟုသုတအလို့ငှါ အလည်အပတ်ထွက်လေ့ရှိကြသည်၊ တစ်ရက်တွင် အိန္ဒိယတောရွာကြီးတစ်ရွာသို့အလည်ရောက်ခဲ့ကြပြီး မမျှော်လင့်ပဲ ၎င်းရွာမှာ မြန်မာရဟန်းတော် ၂-ပါး ကျောင်းထိုင်နေသည်ကိုတွေ့ခဲ့ရပြီး ထိုကျောင်းမှာပင် တည်းခိုလိုက်ကြသည်၊

အိန္ဒိယမှာ ထူးခြားသော မဟာရာဇာကြီးတစ်ယောက်ရှိသည်၊ သူသည် တိုင်းခန်းလှည့်လည်သည့်အခါတိုင်း ပညာရှိပဏ္ဍိတ်ကြီးများကိုအတူခေါ်လေ့ရှိပြီး ရောက်သည့်နေရာတိုင်းမှာ ပဏ္ဍိတ်၊ ဆာဒူး၊ ရဟန်းတို့နှင့် ဒီဘိတ် (Debate-စကားစစ်ထိုးပွဲ) ပြုလုပ်ခိုင်းလေ့ရှိသည်၊ အနိုင်အရှုံးကို ဘက်မလိုက်ဘဲ မိမိကိုယ်တိုင် ဆုံးဖြတ်ပေးကာ နိုင်သူကို ဆုလာဘ်များပေးလှူသည်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာတော်တို့ ၂-ပါးရောက်ပြီး ၃-ရက် အကြာတွင် မဟာရာဇာကြီးထိုရွာသို့ ရောက်လာပြီး မြန်မာရဟန်းတော် ၂-ပါးရှိသည်ကို ရွာလူကြီးထံမှသိရပြီး ပါလာသော ပဏ္ဍိတ်ကြီးများနှင့် စကားစစ်ထိုးခိုင်းရန် အကြံရခဲ့သည်၊ ရဟန်းတော်တို့အားသွားလျောက်ထားသောအခါ ကျောင်းခံရဟန်း ၂-ပါးလည်း မဟာရာဇာကြီးပင့်ဖိတ်သည်ဖြစ်၍ သူနှင့်တွေ့ရမည့်အခွင့်ထူးကို လက်မလွတ်မခံဘဲ ၀မ်းသာစွာ လက္ခံလိုက်ကြသည်၊ ထိုအကြောင်းကို ကျောင်းခံရဟန်းတော် ၂-ပါးသည် ဦးအာဒိစ္စ၀ံသနှင့် ဦးဥက္ကဋ္ဌတို့ကို အသိမပေးဘဲ ကျိတ်၍တိုင်ပင်ခဲ့ကြသည်၊ မဟာရာဇာကြီးနှင့် သူတို့သာဆုံတွေ့လိုသည်၊ အာဂန္တုရဟန်းများအား ထိုအခွင့်ထူးကို မပေးလိုသည့် သဘောဖြစ်သည်၊

ကျောင်းခံရဟန်းတို့သည် ထိုဆရာတော် ၂-ပါးအား တို့၏ အနေအထားကို မသိကြပေ၊ ထိုဆရာတော်တို့သည် ပိဋ္ဋကတ်အရာ မှာ အလွန်ကျွမ်းကျင်တော်မူသည်ကို၎င်း၊ ဘာသန္တရစာပေနှင့် ဘာသာအယူဝါဒရေးရာများတွင် ကျွမ်းကျင်နှံစပ်သည်ကို၎င်း မသိကြပေ၊ ၎င်းအပြင် မစ္ဆရိယစိတ်က ဦးဆောင်နေ၍ အနိုင်အရှုံး၊ ဂုဏ်သိက္ခာ၊ ထေရ၀ါဒမြန်မာရဟန်းတော်တို့၏ နောင်ရေးတို့ကို မစဉ်းစားနိုင်ပဲ ငါတို့သာတွေ့မည်၊ ငါတို့သာပြောမည်ကြံကာ ဆရာတော်တို့ကို ဘာမှမပြောဘဲ ၂-ပါးထဲ ကြိတ်တိုင်ပင်ကာ ပြင်ဆင်နေကြသည်၊

ဦးဥက္ကဋ္ဌတို့သည် အခြေအနေကို ရိပ်မိကြပြီး ရဟန်းတော် ၂-ပါးတို့၏စိတ်ဓာတ်ကိုလည်း အကဲခတ်မိကြသည်၊ ဘာမှတော့ ၀င်မပြောကြ၊ သို့သော် သူတို့ ရှုံးခဲ့လျင် ထေရ၀ါဒ သာသနာနှင့် မြန်မာရဟန်းတော်တို့ ဟိန္ဒူဏ္ဍိတ်တို့၏ အထင်အမြင်သေးမှု့၊ ရှုံ့ချမှု့ကို ခံရတော့မည်ဟုတွေးကာ ရင်လေးနေမိကြသည်၊

ညနေဘက်တွင် မဟာရာဇာကြီးစီးသော မြင်လေးကောင်က ရထားနှင့်လာပင့်သည်၊ ကျောင်းခံရဟန်း ၂-ပါး ဆရာတော်များကို ဘာမှမပြောဘဲ ဆင်းကာလိုက်သွားကြသည်၊ ဦးအာဒိစ္စ၀ံသက ဘာသာနှင့်လူမျိုးဂုဏ်သိက္ခာအတွက် ဦးဥက္ကဋ္ဌကို အတင်းအကျပ်လိုက်ခိုင်းသည့်အတွက် ပါသွားခဲ့သည်၊ “အရှင်ဘုရားတို့ ဆွေးနွေးတာကို နားထောင်ချင်လို့လိုက်ခဲ့တာပါ”ဟု ရထားပေါ်ရောက်သောအခါ အရှက်ပြေ ပြောလိုက်သည်၊

မဟာရာဇာကြီး ယာယီတဲနန်းတွင် စားပွဲကြီးတစ်လုံးကို ကတ္တီပါများဖြင့် အသေချာခင်းထားသည်၊ စားပွဲထိပ်ကုလားထိုင်တွင် မဟာရာဇာကြီးထိုင်ပြီး စကားနိုင်လုမည့် ရဟန်းတော်များနှင့် ပဏ္ဍိတ်ကြီးများ တဘက်တချက်စီတွင်ထိုင်ကြသည်၊ ဆွေးနွေးပုံကား ပဏ္ဍိတ်ကြီးတို့က ဗုဒ္ဓဂေါတမသည် အသားစားသည်၊ အသားစားခြင်းရဲ့ မကောင်းကြောင်းများကိုပြောကြမည်၊ ရဟန်းတို့က အဲဒါကို ချေပရန်ဖြစ်သည်၊ အခြေအတင်ဆွေးနွေးချက်ကား အောက်ပါအတိုင်းဖြစ်သည်၊

ပဏ္ဍိတ်- “အရှင်တို့ရဲ့ ဂေါတမဗုဒ္ဓဟာ အသားစားသူဖြစ်တယ်လို့ စွပ်စွဲမယ်၊ အဲဒါကို အရှင် တို့က ၀န်ခံပါသလား”၊

ကျောင်းခံရဟန်း- “ဟုတ်ပါတယ်၊ စားပါတယ်”၊

ပဏ္ဍိတ်- “အဲလိုဆိုယင် အရှင်တို့ဗုဒ္ဓဟာ မဟာကရုဏာတော်ရှင်ဆိုတာနဲ့ ကိုက်ညီပါ့မလား၊ သတ္တ၀ါတွေကို မငြင်းဆဲရဘူးဆိုတဲ့ အ၀ိဟိံသတရားကို သူပဲဟောတယ်၊ သူတပါးအသက်မသတ်ရဘူးလို့ သူပဲပြောတယ်၊ တားမြစ်တယ်၊ သူများသတ်ပြီးသား အသားကိုတော့ သူက စားသလား၊ ပြီးတော့ ပြောတဲ့အတိုင်း ကျင့်လို့ တထာဂတဘွဲ့ထူးရ တယ်လို့လည်းဆိုထားတယ်၊ အခုတော့ အပြောတခြား အလုပ်တခြားဖြစ်မနေဘူးလား”၊

ကျောင်းခံရဟန်း- “ ဦးဇင်းတို့ ဗုဒ္ဓဟာ ကိုယ်တိုင်လည်း သူတပါးအသက်ကို မသတ်ပါဘူး၊ သူများကိုလည်း အသတ်မခိုင်းပါဘူး၊ သူများလှူတာ စားတဲ့ဟာ အပြစ်မရှိပါသလား”၊

ပဏ္ဍိတ်- “ ငါတော့ မသတ်ဘူး၊ သူများသတ်တာကိုတော့စားမယ်ဆိုတာ သဘာဝကျပါသလား၊ အရှင်- သတ်တယ်ဆိုတာ စားတဲ့သူရှိလို့ သတ်တာမဟုတ်လား၊ စားမဲ့သူ ၀ယ်မဲ့သူသာမရှိယင် ဘယ်သူမှသတ်မှာမဟုတ်ဘူး၊ အပင်ပန်းခံပြီး ဘယ်သူမှလည်း သားကောင်ကို ဖမ်းမှာမဟုတ်ဘူး၊ ကျွုန်ုပ်တို့ ဘရာမင်တွေချည်း နေတဲ့ ရွာ၊ ဒေသတွေမှာဆို ဘယ်သားသတ်သမားမှ မရှိဘူး၊ ဘယ်သူမှလည်း အသားလာမရောင်းကြဘူး၊ တံငါသည်ဆိုတာလည်း မရှိဘူး၊ ကျွန်ုတို့ကလည်း လက်ခံကြဘူး၊ သူတို့သာ ဘရာမင်တွေနေတဲ့ရွာ ဒေသတွေမှာ အသက်မွေးမယ်ဆိုယင် ထမင်းငတ်ပြီး သေကြမှာပဲ၊ ကျွန်ုပ်တို့ ဗြဟ္မဏတွေဟာ သက်သက်လွတ်စားကြတယ်၊ အ၀ိဟိံသတရားကို ကိုယ်တိုင်လည်းကျင့်သုံးကြပါတယ်၊ သူတပါးကိုလည်း ဟောပြောပါတယ်၊ အရှင်တို့ ဗုဒ္ဓဟာ အ၀ိဟိံသတရားကို ဟောပါရဲ့၊ ကိုယ်တိုင်ကတော့ အသားစားတယ် ဘုရားဘွဲ့ခံထားပြီး ကျွနိုပ်တို့ ဘရာမင်တွေလောက်တောင် မကျင့်နိုင်ပါလား”၊

ရဟန်း ၂-ပါးတို့၏ ချေပချက်များမှာ အကျိုးအကြောင်းအလှမ်းဝေးပြီး ထစ်ထစ်အအနှင့် မပြေပြစ်လှပါ၊ ဟင်ဒီဘာသာစကားကိုလည်း အဆင့်မှီမှီမပြောနိုင်ကြ၊ သို့နှင့် မဟာရာဇာက အဆုံးအဖြတ်ပေးလိုက်သည်၊

"မြန်မာရဟန်းတော်တို့ အရှုံး၊ ပဏ္ဍိတ်ကြီးတို့ အနိုင်ဟူ၍"ဖြစ်သည်၊

(ဦးဥက္ကဋ္ဌ ၏ ကြားဝင်ဆွေးနွေးချက် ဆက်လက်တင်ပြပါမည်၊)

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.