Sunday, January 31, 2010

ကပ္ပိယကျော်ခေါင်နှင့် စိန်စီသောည

တစ်နေ့သ၌် ကပ္ပိယကျော်ခေါင်သည်၊ ရွာဦးကျောင်းဆရာတော် နှင့် ရပ်မိရပ်ဘ လူကြီးများတို့၏ တရားစကား ပြောကြားနေသည်ကို တစ်နေရာမှထိုင်ကာ သူသိလိုလို ဘာလိုလိုနှင့်၊ နားထောင်နေလေတော့၏။

ဆရာတော် ပြောစကားများကိုလည်း သူ၏ ဝသီအတိုင်း တိတ်တဆိတ် ဝေဖန်နေသေး၏၊ ရွာဦးကျောင်းဆရာတော်နှင့် ရပ်မိရပ်ဘ လူကြီးများ ဆွေးနွေးနေကြသည်မှာ၊ အောက်ပါအတိုင်း ဖြစ်လေ၏။


ဒီလိုကွယ့် ဒကာတို့ရဲ့…၊ တစ်ချို့က ရတနာ သုံးပါး အပေါ်မှာသာ လှူရေးတန်းရေးကို ပြုလုပ်ကြပေမယ့်၊ လူ့မှူရေးဖက်ကြတော့ လက်တွန့်နေကြတယ်…။

ဥပမာ အားဖြင့် ဒို့ဗုဒ္ဓဘာသာတွေ ဆိုရင် ရတနာသုံးပါး မိဘဆရာသမားတွေကိုတော့ လှူဖို့တန်းဖို့ကို လက်မတွန့်ကြဘူး၊ မရှိဆင်းရဲတဲ့ ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေကို ဆိုတော့ မကူညီချင် မလှူတန်းချင်ကြဘူးလေ..။ တစ်ချို့ ဘာသာတွေကျတော့ ဒုက္ခရောက်နေသူ မည်သူ့ ကိုမဆို ကူညီဖို့အသင့် ရှိကြတယ်၊ တစ်ချို့  ဘာသာတွေဆိုပြန်တော့လည်း ကိုယ့်ဘာသာ ကိုယ့် လူမျိုးက လွဲရင်၊ တစ်ခြားဘာသာ တစ်ခြားလူမျိုးတွေကို၊ လှူဖို့ဒါန်းဖို့ ကူညီဖို့ကို ဝန်လေး နေတတ်တယ် - ဟု….အစချီကာ၊

ဟေတီနိုင်ငံ မြေငလျှင် ဒုက္ခသည်များအပေါ် လူသားများကိုယ်ချင်စာသော အားဖြင့် ကူညီခဲ့သည်မှ အစပြုကာ၊ နာဂစ်မုန်းတိုင်း အကြောင်း၊ ပိဋကတ်တော်လာ ပုံတိုပတ်စများပါမကျန် ထွေရာလေးပါး ပြောကြား နေလေတော့၏၊

ထိုအထည့်တွင် ကပ္ပိယကျော်ခေါင် စိတ်အဝင်စားဆုံးမှာကား- ပိဋကတ်တော်လာ သူငယ်ချင်း နှစ်ယောက်တို့၏၊ ရှေးရှေးဘဝများက လူမှူရေးကို စိတ်ဝင်တစား လုပ်ခဲ့၍ ယခုဘဝတွင် ဘုရင့်သားတော် အဖြစ်ဖြင့် ရွှေပုခက်နှင့် အိပ်ရပြီ၊ လူမှူရေးကို စိတ်မဝင်စားခဲ့သဖြင့် အထိန်းတော်၏ သားဖြစ်ကာ စံကောနှင့် အိပ်ရသည်ဆိုသော အကြောင်းကို အထူး စိတ်ဝင်စားမိ နေလေတော့၏။

ရွာဦးကျောင်းဆရာတော် နှင့် ရပ်မိရပ်ဘ လူကြီးများ စကားစ ပြတ်သည်နှင့် တစ်ပြိုင်နက်၊ ကပ္ပိယကျော်ခေါင်သည် ဆရာတော်အား ဤသို့ လျှောက်ထား လိုက်လေတော့၏။

မှန်လှပါ… ဒီလောက်ရှားပါးတဲ့ ရွှေကို ပုခက်လုပ်ပြီး စီးရတယ်ဆိုတာ တပည့်တော်ဖြင့် ယုံရခက်ခက်ပါဘုရား..။ ရွှေဈေးကလည်း ကြီးပါဖိသနဲ့ ..ဟူ၍ မဆိုင်းမတွ မေးလျှောက်လေ တော့၏။

ထိုအခါ.. ရွာဦးကျောင်းဆရာတော် ဖြေကြားလိုက်သည်မှာကား…

ငကျော်ခေါင်….မင်းတော်တော် ဗဟုသုတမရှိတဲ့ ကောင်ပဲ၊ အဲဒါ… ဘုရင့်သားတော်လေကွာ၊ ရွှေတွေ ငွေတွေလောက်ကတော့ အပျော့ပေါ့၊

မင်း..စိန်စီတဲ့ ည ကို မကြည့်ဖူးဘူးလား .. ဟူ၍ ဖြစ်လေတော့သတည်း။

ကပ္ပိယကျော်ခေါင်သည်လည်း သူ့ကို ဆရာတော်က ဗဟုသုတမရှိဟု ဆိုသည်ကို အားမလိုအားမရ ဖြစ်ကာ၊ ဘီဒိုတည့်တွင် ဝှက်ထားသော ပြားပြားချပ်ချပ် ပစ္စည်းလေးတစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ၊ ရွာလယ်က ဒေါ်ပုအိမ်သို့ ဒုန်းစိုင်းရလေတော့သတည်း။

အကြောင်းမှာကား ရွာလယ်က ဒေါ်ပုအိမ်တွင် တီဗီ နှင့် အောက်စက် ရှိသော ကြောင့်တည်း။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.