Sunday, January 3, 2010

သူ့ကိုဘယ်လိုပြောရပါ့မလဲ (အညာသားတစ်ယောက်ရဲ့ဖွင့်ဟ၀င်ခံချက်)

တစ်ခါတလေမှာတော့ နေရတာ နေသာသလိုပဲ ရှင်သန်နေရတယ်။ အချိန်ရှိနေသရွေ့တော့ ဒီလိုပါပဲ။ ဆိုတော့….။ အတိတ်ကိုလည်း လည်ပြန်ပြီး တွေးမနေချင်တော့ပါဘူး။ ဆက်လက်ရွက်လွှင့်ထွက် ခွါဖို့ပဲ အားတင်းထားရတယ်။ ဒါပေမယ့် နေပျော်ပါတယ်။ လုပ်စရာရှိတာလေးတွေကို လုပ်နေရင်း ဘ၀ကို ခပ်ပြင်းပြင်းပဲ နှင်နေခဲ့တော့တယ်။ ဒီလိုနဲ့ တစ်နေ့………….။

နိုင်ငံကြားပြန် အမ်အေဘွဲ့ဒီဂရီကို ပွေ့ပိုက်ပြီး ငယ်သူငယ်ချင်းတစ်ယောက် ပြန်တော်ပြန်ခရီးမှာ ငယ်ကျွမ်းဆွေဖြစ်တဲ့ မိမိထံကို တန်းတန်းမတ်မတ် ဆိုက်ဆိုက်မြိုက်မြိုက်ဆိုသလို ရောက်လာပါတော့ တယ်။ ``မင်း..နေရတာ အဆင်ပြေရဲ့လား၊ ကျန်းမာရေးကော ကောင်းတယ်မဟုတ်လား´´လားဆိုတဲ့ နှုတ်ဆက်သံအပြီးမှာတော့ သူရဲ့သဘောရိုးနဲ့ ဆက်လက်ပစ်သွင်းတဲ့ စကားလုံးကတော့၊ ``မင်းလည်း ကျမ်း ပြီးတာကြာလှပြီ၊ ဘာမှလည်း မထူးခြားနားပါလား´´ တဲ့။ ဟုတ်တယ် ထူးခြားမှုတစ်ခုဟာ သူပေတံနဲ့ တိုင်းတာရင်တော့ ဘာမှမထူးခြားနားပါဘူး။ ဒီလိုပဲ ဆက်လက်မောင်းနှင်ထွက်ခွါနေဆဲပေါ့။

`` မင်းအနေနဲ့ ငါ့လိုနိုင်ငံခြားမှာ အမ်အေလေး ဘာလေးထွက်ယူသင့်တယ်။ အခုဟာက ဒုံရင်းဒုန် ရင်းနဲ့ မင်းအချိန်တွေတာ ကုန်နေတယ်။ ဘာမှမထူးခြားနားတော့ ငါတော့အားမရဘူး´´တဲ့။ မှန်ပါတယ်။ ဒါဟာ သူ့ဘက်ကနေမြင်နေတဲ့ အမြင်တွေမဟုတ်လား။ ၂၁-ရာစုမှာ အရာအားလုံးဟား ပြားနေခဲ့ပါပြီ။ ဘယ်ဟာ အမှန်တရားဆိုတာကို အတိအကျပြောဖို့ ခက်လာနေပါပြီ။ လောကီနယ်ပယ်နဲ့ ပုထုဇဉ်တွေရဲ့ အမြင်ကိုပြောတာနော်။ ဒီလိုနဲ့ သူနဲ့ စကားတွေ ဆက်တိုက်ဆိုသလို ပြောနေကြရင်း….။


အေးကွာ၊ မင်းအမြင်ကတော့ ငါ့အနေနဲ့ ဘာမှမထူးခြားနားပါဘူး။ ငါ့တက်လမ်းလည်း ပိတ်ဆို့နေ သလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နေရတာ နေပျော်ပါတယ်။ ကျေနပ်ပါတယ်။ အခု ငါလည်း ကျမ်းပြီးတာ နဲ့ လူမှုရေးတွေ ကိုယ်နိုင်တဲ့ဘက်ကနေတော့ လုပ်နေပါတယ်။ နွေရာသီမှာ အညာကျေးလက်ပြန်ပြီး ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်နေတာ၊ သုံးနှစ်ရှိပါပြီ။ ဌာနနှစ်ခုကို ကူးချီတန်းချီဆိုတော့ နွေရောက်ရင်တော့ မအားလပ်ဘူးပေါ့။ တစ်နေရာမှာတော့ ကျောင်းသားပေါင်း လေးရာကျော်ရှိတယ်၊ တစ်နေရာမှာတော့ နှစ်ရာ့ငါးဆယ်ကျော်ရှိတယ်။ လေ့လားထားပြီး မတောက်တစ်ခေါက် အသိဥာဏ်လေးတွေနဲ့ အင်္ဂလိပ်စာ ဂရမ်မာလေးလည်း သင်ပေးပါတယ်။ ဆိုတော့ နွေရောက်မှာကို ကြိုတင်တွေးတောရင်း ဆုချဖို့စုဆောင်းရ တာနဲ့၊ သင်ဖို့ပြင်ဆင်ရတာနဲ့ တွေးပြီးပျော်ရင်း၊ နွေကို ခြွေးသလုံးလုံးနဲ့ အညာဖုန်ထူထူအောက်မှာ ပျော်ပါ တယ်။

နောက်တစ်ခုကတော့ ကျေးရွာစာကြည့်တိုက်အဖြစ် စာအုပ်လေးထောင်ကျော်၊ အသင်းဝင် ၃၀၀ နီးပါးနဲ့ တစ်နှစ်တစ်နှစ် ချွေတာပြီး စုဆောင်းထားတဲ့ ငွေကြေးလေးတွေနဲ့ စာအုပ်လေးတွေ ၀ယ်ဖြစ်တာတို့၊ စာကြည့်တိုက်မှူးတွေကို ထိုက်တန်တဲ့ ဆုချတာတို့လုပ်ဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ်။ အခုထိတော့ စာပေ ဟောပြောပွဲကိုတော့ မကျင်းပနိုင်သေးပါဘူး။ ကျေးရွာကလည်း ငွေကိုခွဲတန်းစနစ်နဲ့ မလုပ်ချင်တော့ ကိုယ်ပိုင်ငွေစ၊ ကြေးစလေးနဲ့ လုပ်နိုင်ဖို့တော့ အားတင်းထားရတယ်။ နောက် ကျောင်းနေတာ အခက်အခဲ ဖြစ်နေတဲ့ ကလေးတစ်ယောက်၊ ရေဆင်းမှာ တက်နေတဲ့ကလေးတစ်ယောက်ကို တတ်နိုင်တဲ့ဘက်ကနေ တစ်လကို သုံးသောင်းထောက်ပံ့တယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ အမေရိကမှာနေတဲ့ စီကိုစု၊ ထိုင်းမှာနေတဲ့ ဆန်းသစ်အောင်၊ ဆရာတော် ဦးကင်းကြီးတို့ရဲ့ အကူအညီတော့ ရခဲ့တယ်။ အဆင်ပြေတယ်။

နောက်တစ်ခုကတော့ ရွှေဆံပင်လမ်းတံတားအတွက်၊ ရန်ကုန်တာဝန်ခံအဖြစ်နဲ့ ဆံပင်တွေ၊ ငွေကြေးတွေ အလှူခံပြီး သိန်းလေးငါးရာနီးပါးတော့ စွမ်းဆောင်နိုင်ခဲ့တယ်။ ဒီတော့ မောင်ရင်ပြောသလို တော့ ဘာမှမထူးခြားဘူးဆိုပေမယ့်။ ကိုယ့်အတွက်တော့ အားကောင်းတဲ့ လူမှုရေးလေးတွေ လုပ်နိုင်ခဲ့တဲ့ အတွက် နေရတာပျော်ပါတယ်။ အမ်အေဘွဲ့ကိုလည်း ကိုယ်လုပ်ခဲ့တဲ့ လူမှုရေးလုပ်ငန်းလေးတွေနဲ့ မလဲနိုင် ဘူးပေါ့လေ။ နောက်တစ်ခုကတော့ ဘ၀မှတ်တိုင်အတွက် စာအုပ်လေးတွေ လုပ်ဖြစ်ခဲ့တယ်။ အခုစီစဉ်နေ ဆဲ လူငယ်နဲ့လောကဓံ-ဆိုတဲ့ စာအုပ်အပါဝင်၊ လူငယ်စာပေလေးတွေကို သုံးအုပ်တိတိတော့ ထုတ်နိုင်ခဲ့ တယ်။ ဒါလေးတွေနဲ့ နေရတာနေပျော်ပါတယ်။ ကျေနပ်ပါတယ်။ အမ်အေဆိုတာနဲ့လည်း မလဲနိုင်ပါဘူး။

မင်းပြောသလို ငါ့ကပဲ အစွမ်းအစနည်းတာလား၊ အမျှော်အမြင်နည်းတာလားတော့ မပြောတတ် ဘူးပေါ့လေ။ ငါ့အယူအဆကတော့ မင်းနဲ့ပြောင်းပြန်ဖြစ်နေလိမ့်မယ်။ တိုင်းပြည်ရဲ့မရှိမဲ့၊ ရှိမဲ့ မွဲခြာနေတဲ့ အခြေအနေထဲကနေ လက်ဖြန့်ပြီးတော့ တောင်းပြီး ကိုယ့်အတွက် အမ်အေလောက်ကိုတော့ မယူချင်ခဲ့ဘူး။ ဒီတော့ ကိုယ့်အတွက်တော့ မင်းလို့ အမ်အေဆိုတာနဲ့ ဝေးကွာခဲ့ရတယ်။ ဒါပေမယ့်နေပျော်ပါတယ်။ ကျေနပ် ပါတယ်။ ဒီလိုပဲ ပြန်တော့ပြောဖြစ်တယ်။

အေး၊ တတ်နိုင်ရင်တော့ မင်းနဲ့တော့တန်မှာတော့ မဟုတ်ဘူး၊ အညာကကျေးလက်က ကလေးငယ် လေးတွေကို အမ်အေဆိုတဲ့ ဂုဏ်ထူးကြီးနဲ့သွားပြီး သင်ပြရမှာဆိုတော့ မင်းကတော့ မင်းကို နှိမ့်ချရာကျမယ် လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် ငါနဲ့အတူတူ နွေမှာ အညာသွားပြီး ကလေးငယ်တွေကို ယဉ် ကျေးမှုနဲ့ မင်းယူထားတဲ့ အမ်အေဘွဲ့ရဲ့ အဓိက အင်္ဂလိပ်စာအတတ်နဲ့ ဘာမှမသိသေးတဲ့ ကလေးငယ်လေး တွေကို အခြေခံသဒ္ဒါကနေစပြီးတော့ နှစ်လနီးပါးလောက် လုပ်အားဒါနပြုတဲ့အနေနဲ့ လိုက်သင်ပါလို့ ခေါ်ပါ တယ်။ ခက်တာက မောင်ရင်အနေနဲ့ ရှေ့ဆက်ပြီး ပီအိပ်ခ်ျဒီအတွက် စာတန်းတင်ဖို့ စာအုပ်တွေ ပြုစုဖို့ လိုနေခဲ့တယ်။ ဒီတော့ မင်းမလိုက်နိုင်တာကိုတော့ ကိုယ့်အနေနဲ့ အသိမှတ်ပြု၊ ခွင့်လွှတ်ပေးပါတယ်။ နောက်ပြီး ဒီလိုနေရာက မင်းနဲ့မတန်းမှန်းတော့ သိပါတယ်။ ငါလည်း ကြောက်ကြောက်နဲ့ အားကိုးပြီး မ၀ံ့မရဲ ခေါ်ကြည့်တာပါ။ ဒီလိုနဲ့ အခု သူလည်း ပြည်တော်ကြီးကို ဆုတ်ခွါဖို့ စိုင်းပြင်နေသလို၊ ကိုယ်လည်း အညာပြန်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

ဖြစ်နိုင်ရင်တော့ ပီအိပ်ခ်ျဒီဆိုတဲ့ ဒေါက်တာဘွဲ့ကြီးနဲ့ တိုင်းပြည်အတွက် ဘာတွေလုပ်ပြမလဲဆိုတာ တော့ စောင့်မျှော်နေခဲ့မယ်လေ။ မင်းပြောတဲ့ ´´ကိုယ့်အတွက် အမ်အေ၊ ပီအိပ်ခ်ျဒီ၊ ဆိုတဲ့ဘွဲ့တွေ ထွက်ယူဖို့ မလုပ်တော့ဘူးလား´´ဆိုတဲ့ အမေးကိုတော့ ငါဘယ်လိုဖြေရမလဲမသိဘူး။ ငါ့အမေလည်း အိုပြီ၊ ညီလေးတွေလည်း အရွယ်ရောက်နေပြီ။ လယ်ယာတွေလည်း သိပ်မရှိတော့ဘူး။ နွားတစ်ရှဉ်းလောက်နဲ့ မိသားစုဘ၀ကို ဖြေရှင်းနေရတယ်ဆိုတာ မင်းသိအောင်တော့ ပြောလိုက်ပါတယ်။

(လောလောလတ်လတ်ရောက်လာတဲ့ အမ်အေဘွဲ့ပိုင်ရှင်သူငယ်ချင်း မောင်နန်အတွက် ဂုဏ်ပြုပါတယ်၊ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေမှု အလျင်းမရှိပါ၊ နားလည်နိုင်လိမ့်မယ်ဆိုတာလည်း၊ အသိပညာရှင်ကြီး တွေအနေနဲ့ ခွင့်လွှတ်နိုင်လိမ့်မယ်ဆိုတာ…..။ အညာသားတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်သက်သက် မျှသာ။ )

ရေ့နံ့သာဆိုဒ်မှကူးယူဖော်ပြပါသည်။



No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.