Tuesday, January 5, 2010

အေးမြ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။အေးမြ: ဘုန်းဘုန်းတို့ဘုရား-ရဟန်းဟု အဘယ်ကြောင့် ခေါ်ဆိုထိုက်ပါသနည်း။ ရဟန်းတရားတော်နဲ့ အညီ နေထိုင်ကျင့်ကြံနေနိုင်ပါလျှင်လည်း လူကိုရော ရဟန်းခေါ်ဆိုထိုက်သည်ဟု ကြားဖူးနားဝရှိပါသောကြောင့် မေးလျှောက်ထားရခြင်းဖြစ်ရပါသည်ဘုရား၊
သူတော်ကောင်းတရားတို့နင့်အညီ နေထိုင်ခြင်းကိုပါ ရှင်းပြပေးပါရန် လျှောက်ထားလိုက်ရပါတယ်ဘုရား။
ဘုန်းဘုန်းတို့အားလုံးကို လေးမြတ်စွာ ဦးချကန်တော့အပ်ပါတယ်ဘုရား။

ဖြေ။ ။ ကျင့်ဆဲဖြစ်သော ရဟန်း၊
ကျင့်ပြီးသော ရဟန်း၊


ကျင့်ဆဲကျင့်ပြီး မဟုတ်သော ရဟန်း၊ ဟူ၍ ရဟန်း အမျိုးမျိုးရှိလေသည်၊ တစ်ချို့သော ပါဠိတော်များ၌ကား ရဟန်းဟု ခေါ်ဝေါ် ပညတ်ခြင်းကြောင့် ရဟန်း၊ ဆွမ်းခံစားလေ့ရှိသော သဘောကြောင့် ရဟန်း၊ အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးပြီးသောကြောင့် ရဟန်း၊ အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။ မည်သို့ပင် ဖွင့်ဆိုသည်ဖြစ်စေ ရဟန်းဆိုသည်မှာ ‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီး ညီညွတ်သော သံဃာထုက ဆုံဖြတ်၍သမုတ်ပေးလိုက်သော ပုဂ္ဂိုလ်ကို ရဟန်းဟုခေါ်လေသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှပင် ရဟန်းတရားနဲ့ ညီအောင်နေစေကာမူ အထက်က ဖော်ပြခဲ့သော‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် ရဟန်းခံမပေးပါက ရဟန်းဟူ၍ မခေါ်နိုင်ဟု မှတ်ပါ။ သို့သော= လူဝတ်ကြောင်ဖြင့်ပင်လျှင် ကျင့်ကျန်အားထုတ်၍ ရဟန္တာဖြစ်နိုင်ပါသည်၊ မြတ်စွာဘုရား၏ ဖခမည်းတော်သည်လည်း လူဝတ်ကြောင်နဲ့ ပင် ရဟန္တာဖြစ်သွားလေသည်။ သို့သော် လူဝတ်ကြောင် သုဒ္ဓေါဓန မင်းကြီးအား ရဟန်းဟူ၍ မခေါ်နိုင်ပေ။
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ-ဟိရီ-သြတပ္ပ တည်းဟူုသော သူတော်ကောင်းတရားများနဲ့ ပြည့်စုံလျှင် သူတော်ကောင်းတရားတို့နှင့် အညီနေထိုင်ခြင်း ဖြစ်ပါသည်။
သဒ္ဓါ-ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်း။ သီလ-ငါးပါးသီ ရှစ်ပါးသီလ တို့နှင့်ပြ့ည်စုံခြင်း။ သုတ-အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံခြင်း။ စာဂ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့်ပြည့်စုံခြင်း။ ပညာ- အမြော်အမြင်ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။ ဟိရီ-မကောင်းမှူများမှ ရှက်ခြင်း။ သြတပ္ပ-မကောင်းမှူမှ ကြောက်ခြင်း။


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.