Thursday, January 7, 2010

အမေကျေနပ်ပါပြီ သားရယ် (၁)

သာသနာနှစ်မျိုး

မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ၊ ဘိက္ခုနီသာသနာ-ဟု နှစ်မျိုးနှစ်စား ရှိခဲ့ပါတယ်။ အမျိုးသား အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုသာသနာဟု သုံးနှုံးပြီး၊ အမျိုးသမီး အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုနီသာသနာဟု သုံးနှုံးခဲ့ပါတယ်။


ဘိက္ခုသာသနာ

မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့ပါတယ်။ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသည့်နောက် ဓမ္မစကြ်ာတရားတော်ကို ဟောတော်မူသည်မှ အစပြု၍ ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့တယ်။ ဘိက္ခုသာသနာသို့ အရင်ဝင်ရောက်လာသူမှာ အရှင်ကောဏ္ဍညမထေရ် ဖြစ်ပြီး၊ သစ္စာလေးပါးကို မြတ်ဗုဒ္ဓသိရှိပြီးနောက် အရင်အဦးဆုံး သိရှိသူလည်းဖြစ်တယ်။

ဘိက္ခုနီသာသနာ

ဘိက္ခုသာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်းတောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှုတို့ကြောင့် ဘိက္ခုနီသာသနာခေါ် ရဟန်းအမျိုးသမီးသာသနာ ပေါ်ပေါက်လာခဲ့တယ်။ အမျိုးသမီး ရဟန်းမသာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမသာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ဧတဒဂ်

ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓမြတ်စွာသာသနာမှာ ဘိက္ခုသာသနာရော ဘိက္ခုနီသာသနာမှာပါ ဧတဒဂ်ဘွဲ့များကို မြတ်ဗုဒ္ဓက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်။

ရတ္တညူဧတဒဂ်

ရတ္တညူဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသားရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမသာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။

သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့အနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမကျောင်းတိုက်တာမှာ သီတင်းသုံးနေထိုင်တယ်။

စဉ်းစားမိပြီ

အဲဒီလို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော် . . . သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂသာဝကကြီးများဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမသာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မဟုတ်ဘူး၊ လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီမြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင်သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီးကလဲ ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။
(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေးရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။ )

နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနားတစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ ( သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံမှာတော့ အတုယူစရာကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘအထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။ ) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂမကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။

နတ်တွေ ရှိစေ သရဲတွေမရှိစေနဲ့

ဒါကတော့ စကားချပ် အနေနဲ့ ပြောချင်တာပါ။ ကောင်းကင်က နတ်တွေဟာ လူ့ပြည်ကို လာရမှာ အရမ်းကြောက်တယ်။ လူ့ပြည်က နံလို့တဲ့။ ဘာတွေ နံသလဲ ဆိုတာတော့ ကိုယ်ဟာကိုယ်ပဲ တွေးကြည့်တော့။ အနံ့ချင်း မတူကြဘူးနော်။ သတိထားကြ။ စာဖတ်သူတို့ သတိထားမိကြမှာပါ။ တို့နိုင်ငံမှာ နေတုန်းက လူတွေရဲ့ အနံ့ ဒီ့ပြင်နိုင်ငံက လူတွေရဲ့ အနံ့၊ တို့နိုင်ငံမှာတောင် လူတန်းစား ပေါင်းစုံတို့ အနံ့ ဒါတွေဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ၊ စဉ်းစားမိကြမှာပါ။
ပြောချင်တာက သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖော်မွေ့ ဆိုတာပါပဲ။ လောကကြီးမှာ စိတ်သဘော ထား တူသူအချင်းချင်းသာ ပေါင်းဖော်ယှဉ်တွဲ နေထိုင်ကြတာ။ မတူသူတွေလဲ အထိုက်အလျောက်တော့ ရှိမှာပေါ့လေ။ နတ်နဲ့ သူရဲက မတူဘူးနော်။ စဉ်းစားကြ၊ ကိုးကြီးကျော်တို့၊ ပန်းပဲ မောင်တင့်တယ်တို့ စတာတွေဟာ ဘာတွေလဲ။ ဒါတွေလဲ စဉ်းစားကြ၊ နတ်အစစ်တွေကတော့ သီလ မရှိတဲ့ သူတွေရဲ့ ထံပါးကို ဘယ်တော့မှ မလာဘူး ဆိုတာပဲ၊ နတ်တော့ရှိကြပါစေ။ သရဲတော့ မရှိကြပါစေနဲ့ကွယ်။
ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်း ရဟန်းတော်များဆိုဒ် (MSMO)မှ တဆင့် ပြန်လည် ဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်ဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)
http://pyinyarzarni.blogspot.com/


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.