Tuesday, January 12, 2010

အတ္တခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ

လောကတွင် အရာဝတ္ထုများကို ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကိုယ်စီ ကိုယ်စီ သူပိုင်၊ ငါပိုင်၊ အများပိုင်လို့ သတ်မှတ်ထားကြတာများပါတယ်။ ရုပ်ဝတ္ထုတွေကို ပညတ်(သမုတိသစ္စာ) ဘာသာစကားနဲ့တော့ ပိုင်တယ်။ မပိုင်ဘူးလို့ ပြောလို့ရကောင်းပေမယ့် (ပရမတ္ထသစ္စာ)ကတော့ မီနစ်စက္ကန့်တိုင်းပြောင်းလဲနေတဲ့ အတွင်းရုပ်(အဇ္ဈတ္တိက)၊ အပြင်ရုပ် (ဗဟိဒ္ဓ)တွေကတော့ သူဘာသာသူ စကားလုံးမရှိ ၊ အချိန်ကာလမရှိစွာနဲ့ အကြောင်းအကျိုးသဘာဝအတိုင်း ပြောင်းလဲ ပြောင်းလဲပြီးတော့ အစားထိုး၊အစားထိုး သွားကြပါတယ်။ ငါတို့က ဘေးကနေ အတ္တတွေနဲ့ ၀င်ရောက်စွက်ဖက်ပြီးတော့ ငါပိုင်တယ်လို့ အော်ပြောပြီး ကျန်ရစ်နေခဲ့ကြတာပေါ့။

လမ်းမကြီးဘေးမှာ အိမ်ဆောက်ပြီး နေထိုင်တဲ့လူတစ်ယောက်လို လမ်းပေါ်ကဖြတ်သွားတဲ့ ကားအမျိုးအမျိုးတွေကို ငါ့ကား ၊ သူ့ကားနဲ့ ပြောပြောပြီး အချိန်တွေကုန်လွန်ခဲ့ကြပါတယ်။ တကယ်တော့ သူ့အလုပ်သူ လုပ်လျက် အစားထိုးပြောင်းလဲသွားတဲ့ ရုပ်ဓာတ်တွေရော၊ နာမ်ဓာတ်တွေကိုပါ ငါတို့က မီတာတွေကို ကြည့်ပြီး ဂဏန်းသင်္ချာတွေအောက်မှာ လက်ညှိုးတွေကို အကြိမ်ကြိမ်ချိုးရင်း ရေတွက်နေခဲ့ကြတယ်လေ။

ကိလေသာတရား (၁၀) ပါးကတော့ ဘယ်လူမျိုး ၊ ဘယ် နိုင်ငံ၊ ဘယ်လို အ၀တ်အစားတွေ ၀တ်ထားတဲ့ သူတွေက မူပိုင်( Copyright) လုပ်ထားပါသလဲလို့ တစ်ခါတစ်လေကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးနေမိပါတယ်။ ပရိတ်ကြီးမှာတော့ တရားနာဖို့အတွက် စက္က၀ါဠာတရား (သမန္တာ စက္က၀ါဠေသု )တဲ့။ ဒါကို ကျနော်တို့ တစ်တွေက ငါ့နိုင်ငံပိုင်၊ ငါ့လူမျိုးပိုင်နဲ့ မူပိုင်တွေလုပ်ပစ်ထားခဲ့တာလဲ ကြာခဲ့ပြီ့။ အနိစ္စတွေကို နိစ္စလို့ လုပ်ခဲ့တာပေါ့။

ဘုရားဂုဏ်တော်ကိုးပါးမှာလဲ ”သတ္ထာ ဒေ၀မနုဿာနံ“ လို့ ပြောပါတယ်။ ဆိုလိုရင်းကတော့ “နတ်၊လူတို့ရဲ့ဆရာဟာ ငါဘုရားပဲကွာ”တဲ့လေ။ နောက်တစ်ခုက “ မနုဿတ္တဘာဝေါ ဒုလ္လဘော” ”လူဖြစ်ခဲတယ်“တဲ့လေ ။ ဘယ်နိုင်ငံကလူလို့လဲ မခွဲခြားခဲ့ပါဘူး။ “ လူ” လို့ပဲသာမန် သုံးခဲ့ပါတယ်။ ဘယ်နေရာ ၊ဘယ်နိုင်ငံ၊ ဘယ်လိုဝတ်စားဆင်ထုံးဖွဲ့မှုတွေနဲ့ လူတွေပါလို့ သတ်မှတ်ချက်မထားခဲ့ပါဘူး။ ဒါကို ငါတို့က မိုက်မှားစွာနဲ့ ငါတို့လူမျိုးအတွက်သာလို့ သတ်မှတ်ခဲ့ပါတယ်။ ဘောင်ကျဉ်းကျဉ်းကြားမှာ ကိုယ့်ဘာသာကိုပဲ ဘာသာဝင်ဇာတ်သွင်း အကျဉ်းချခဲ့ကြပါတယ်။ ငါ့ဘာသာငါပဲ အကျဉ်းကျအောင် ငါလုပ်ပစ်ခဲ့ပါတယ်။

ဘာသာဝင်ဆိုတာတွေနဲ့ ခွဲခြားခဲ့ကြတယ်။ မူစလင်၊ခရစ်ယာန်ဆိုတဲ့ ပညတ်တွေနဲ့ ရန်မူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါတွေဟာ ကိုယ်စီမွေးရာပါ တပ်လာကြတဲ့ မျက်မှန်စိမ်းတွေပေါ့။ ဗုဒ္ဓက ဘာသာဝင်တစ်ခုအနေနဲ့ မဟောကြားခဲ့တာကို ငါတို့က ကိုယ့်ဘာသာကိုယ်ပဲ ဘာသာဝင်လို့ ဘောင်သွင်း အကျဉ်းချခဲ့ကြပါတယ်။ လောကမှာ ရေတို့ လေတို့ဟာ သတ္တ၀ါအာလုံးအတွက် ဖြစ်ပါတယ်။ ကိလေသာဆယ်ပါး( အကျဉ်းအားဖြင့် လောဘ၊ဒေါသ၊မောဟ) တွေဟာ ဘယ်သူပဲ လွန်ကျုးပါစေ ဘာသာစကားမရှိပဲနဲ့ကို အကျိုးပေးတာပါပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေလဲပဲ မျက်နှာမလိုက်ပါဘူး။ ဒါကြောင့်မို့လဲ စက္က၀ဠာတရား( Universal True) လို့ ပြောခဲ့ကြတာပေါ့။

ငါတို့ ဘုရားလောင်းဟာ ဒီပင်္ကရာလက်ထက်မှသည် ယခုဘဒ္ဒကမ္ဘာတွင် ဘုရားမဖြစ်မီ အချိန်ထိ အလောင်းတော်ဘ၀အတွင်း ဘုရားပွင့်ရာကာလနဲ့ ၂၄ ဆူပဲ ကြုံဆုံပါခဲ့တယ်လို့ အခြေပြုပဋ္ဌာန်းမှာဆိုပါတယ်။ အဲဒီဘုရား ၂၄ ဆူနဲ့ တွေမြင်ခဲ့ရလို့ ဗုဒ္ဓဘာသာဝင်လို့ ပညတ်ကပ်ပေးရင် (Label)ကပ်ပေးလို့ ရကောင်းပေမယ့် သုညကမ္ဘာ အသင်္ချေတွေမှာ ဘုရားလောင်းက ဘယ်ဘာသာဝင်အဖြစ်နဲ့ ပါရမီဖြည့်ကျင့်နေခဲ့တာလဲပေါ့။ ယခုအခါမှာ မူဆလင်တံဆိပ်တွေ၊ ခရစ်ယာန်တံဆိပ်တွေ၊ ဂျုး၊ ဆိခ်၊ ဟိန္ဒူ ဆိုတဲ့ ပညတ်တံဆိပ်တွေနဲ့ အချိန်တွေကို ဖြုန်းတီးပစ်ရင်း ပညတ်တရားတွေအောက် ပိပြားနေခဲ့တာဟာလဲ ငါတို့ပါပဲ။

ဗုဒ္ဓက ပုဂ္ဂိုလ်၊ နိုင်ငံ၊ ကျား၊မ၊ မခွဲခြားပဲ သာမန်ဟောထားတဲ့ ဂါထာတစ်ပုဒ်က ဒီလိုပါ။
သဗ္ဗပါပဿ အကာရဏံ၊ ကုသလဿ ဥပသမ္ပဒါ ။
သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓနသာသနံ။
ဆိုလိုချက်။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတဲ့။
( ဗုဒ္ဓဘာသာဝင်အတွက်သာ သီးသန့်တော့မဟုတ်ပေလောက်ဘူး။)

ဘယ်သူတွေက အကုသိုလ်လုပ်လုပ် အကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ ဘယ်သူတွေက ကုသိုလ်လုပ်လုပ် ကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ နိုင်ငံ ၊ လူမျိုး၊ အ၀တ်အစား၊ ကျား၊မ၊ ကြီး ၊ ငယ်တွေနဲ့ ဆိုင်တယ် ၊ မဆိုင်ဘူးလား ဆိုတာကိုလဲ ငါက အမြဲတမ်း အချိန်ကုန်ခံ စဉ်းစားခန်းဝင်နေခဲ့ပါတယ်။ ငါ့ ပါးစပ်ကတော့ ”သမန္တာ စက္က၀ါဠေသု၊ အန္တရာ ဂစ္ဆန္တု ဒေ၀တာ”လို စက္က၀ါဠာမှာ ရှိတဲ့ နတ်တွေကို တရားနာဖို့ ဖိတ်ခဲ့ပေမယ့် ငါကိုယ်တိုင်ကျတော့ အတ္တအခန်းကျဉ်းမှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ကိလေသာနာမ်တရားတွေကို မူပိုင်လုပ်ထားတဲ့ အတ္တအခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.