Sunday, January 17, 2010

အချိန်ကာလ နဲ့ နေရာဒေသကြားက အကျဉ်းကျနေသူများ


ကာလံ။ ။လူသားတွေက မရှိတဲ့ အချိန်ကို အရှိလုပ်ပြီး သူ့ကို ဘောင်ကျဉ်းကျဉ်းထဲကို လိုက်သွင်းလိုက်ကြပါတယ်။ ပြီးတော့ ၁ မှ ၁၂ ထိ၊ (၀ါ) ၁ မှ ၂၄ အထိ ကင်းပွန်းတပ်ပေးလိုက်ကြပါတယ်။ အချိန်ကတော့ အပြုံးမပျက်ခဲ့ပါဘူး။ သူက တကယ်မှ မရှိတာကိုး။ အဲဒီမရှိတာကိုပဲ အရှိလုပ်ပြီး ကျနော်တို့က ဂုဏ်ယူဝင်ကြွားစွာ အချိန်ကို နိုင်နင်းစွာ ဘောင်ခတ်ထားနိုင်တဲ့ အ၀ိုင်းထဲကို ထည့်သွင်းပြီး အရံသင့်တီထွင်ထားတဲ့ ဂဏန်းသင်္ချာတွေနဲ့ ချည်နှောင်ထားလိုက်ကြတာပေါ့။ အဲဒီကတည်းက လွတ်မြောက်ခြင်းမှ ဘောင်ကွပ်ထားတဲ့ အကျဉ်းစခန်းတစ်ခုသို့ လူသားတွေကိုယ်တိုင် ဦးတည်ချီတက်ခဲ့ကြပြီ။

ဖမ်းချုပ်ခဲ့တဲ့ အချိန်ကို အ၀ိုင်းလိုကတစ်မျိုး လေးထောင်သဏ္ဍာန်က တစ်သွယ်နဲ့ ဂုဏ်ယူစွာနဲ့ အိမ်ထဲမှာသိမ်းထားလာကြတယ်။ ကြာလာတော့ (စိတ်မချတာလဲပါတာပေါ့) သွားလေရာ ယူသွားလို့ရအောင် မိမိနဲ့အတူ လက်မှာ လက်ပတ်နာရီသဘောနဲ့ မရှိတဲ့ အချိန်ကို အရှိလုပ်ပီး သယ်ယူလာကြပြန်ပါတယ်။ လူသားက အချိန်နာရီကို ပတ်နေတာလား ၊ အချိန်နာရီကပဲ လူသားကိုပတ်နေတာလားလို့ ၀ိုးတ၀ါး ခွဲခြားလို့ မရခဲ့တာပါအမှန်ပါ။

အမှန်တကယ်မရှိတဲ့ အရာကို ကိုယ်ဘာသာကိုပဲ အရှိလုပ်ကာ ၀ိုင်းနေတဲ့ ဘောင်းကျင်းကျင်းထဲမှာ ထည့်သွင်းပြီး သင်္ချာကြိုးနဲ့ ချည်နှောင်ထားနိုင်ခဲ့ကြတယ်။ တကယ်က လူသားတွေက သူ့ကို ဖမ်းချုပ်လိုက်တာတော့ မဟုတ်ပါခဲ့ဘူး။ သူကသာ လူသားတွေကို သူ့(အချိန်)အောက်မှာ ပိပြားသွားအောင် ဖမ်းချုပ်တယ်ဆိုတာ မသိကောင်းလေရော့သလားလို့ အချိန်က သနားနေသတဲ့။

ဒေသံ။ ။ အရပ်မျက်နှာမရှိ၊ နယ်နိမိတ်မရှိပါပဲလျက် လူတွေက နယ်နိမိတ်ကို ငါ့ပိုင်နက်၊ သူ့ပိုင်နက်ဆိုတာနဲ့ သတ်မှတ်ပစ်လိုက်ကြတယ်။ ဗုဒ္ဓက (Sabbe Dhammaa Anatta-All the Things are without a self.Dhp-279) တဲ့လေ။ ကိုယ့်ကိုယ်တောင် မပိုင်ပါပဲလျက် ကိုယ်က တကယ်မရှိတဲ့ ပိုင်နက်တွေကို ပိုင်ဆိုင်ချင်ခဲ့တာဟာလဲ အရူးတစ်ယောက်လိုပါပဲ။

ဘော်ဒါလိုင်း (Border Lines)တွေကို သတ်မှတ်ပစ်လိုက်ကြတယ်။ ရေပိုင်နက်၊ မြေ ပိုင်နက်၊ လေပိုင်နက် စတဲ့ ဝေါဟာရစကားလုံးတွေကို တီထွင်လိုက်ပြီး ဘောင်ခတ် ထောင်ချထားလိုက်ကြတယ်။ တကယ်တော့ ပိုက်နက်တွေကသာ လူသားတွေကို ဘောင်ခတ် ထောင်ချလိုက်တယ်ဆိုတာ လူသားတွေက မသိလေရောသလေားလို့ ဒေသက လှောင်ပြောင်သတဲ့။ စိန္တကျော်သူ ဦးသြရဲ့ ရယ်ခြင်းကြီးသုံးမျိုးအနက် မြေကြီးက ရယ်သည်လို့ မှတ်သားခဲ့ဖူးပါတယ်။အခုတော့ နေရာဒေသကရယ်နေပြီပေါ့။

တိရစ္ဆာန်တွေမှာတော့ လူသားတွေလို အသိဥာဏ်မဲ့ပြီး သညာသိလောက်သာရှိလေတော့ သူတို့မှတ်ဥာဏ်ထဲတွင် နယ်နမိတ်မရှိ၊ အင်မီဂရေးရှင်း(Immigration)နတ္ထိ၊ ချက်ပွိုင့်(Check Point) မရှိ၊ Visa မလို၊ အရပ်မျက်မှာမရှိ၊ အချိန်မရှိပဲ သူတို့ရဲ့ သဘာဝကပေးတဲ့ အာရုံခံကိရိယာ မျက်စိ၊ နား၊ နှာ ၊ လျှာ၊ ကိုယ် တွေမှာ ရိုက်ခတ်လာတဲ့ တုန်ခါမှုလှိုင်း ( Vibration Wave) ကို သညာနဲ့ ဖမ်းပြီး တစ်ကောင်နှင် တစ်ကောင် အချင်းချင်းတုံ့ပြန် ဆက်ဆံကြပါတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း လူသားများကိုယ်တိုင် ဆရာကြီးလုပ် တီထွင်ခဲ့တဲ့ အချိန်နဲ့ နေရာတွေက လူသားတွေကိုပဲ အကျဉ်းချလာထားတဲ့အတွက် လူသားတွေက ဒီလိုတမ်းတကြပြန်ပါတယ်။ ” အင်း ငှက်ကလေးများလို လွတ်လပ်စွာ ပျံသန်းလို့ရရင် ကောင်းမှာပဲ၊ တောင်ပံပါရင် မင်းဆီကို ”တဲ့လေ။ ဒါနဲ မပြီးကြသေးပါဘူး၊ လွတ်မှုသင်္ကေတဖြစ်တဲ့ ငှက်မျိုးများစွာ ခွတ်ဒေါင်း၊ ဟင်္သာငှက်၊ ခိုငှက်၊ သိန်းစွန် ၊ ဂျိုးကြာ၊ ကျေး၊ ဂဠုန်တွေကို နိုင်ငံတော် တံဆိပ်၊ ဒင်္ဂါပြားတွေမှာ ခတ်နှိပ်ထားလိုက်ကြသေးတယ်။ ဟိုတယ်တောင် ရွှေလိပ်ပြာတဲ့လေ။

မရှိသည်ကို အရှိလုပ်လိုက်ခြင်းသည်ပင် အေဒင်ဥယျာဉ်ထဲက ပန်းသီးကို ခူးစားမိသလိုမျိုး (Sin) ၀ါ (ကိလေသ၀ဋ်) အပြစ်တစ်ခုကို ကျနော်တို့ လူသားများက လွန်ကျူးလာမိကြပြီ။ ကျိန်စာသင့်လူသားတွေ ဖြစ်ခဲ့ကြပြီ။ အဆုံးမရှိတဲ့ ၀င်္ကပါတစ်ခုထဲကို ကျနော်တို့ ၀င်ရောက် မိလျက်သားဖြစ်သွားခဲ့တာပေါ့။ မျိုးစေ့ကြောင့် အပင်၊ အပင်ကြောင့် မျိုးစေ့ ၊ မျိုးစေ့မှ အပင် အမျှင် မပြတ် ကြောင်းကျိုးစပ်၍ လည်ပတ်နေခဲ့ကြပြီ။

စကားလုံးတွေနဲ့ ဖော်ပြလို့မရကောင်းတဲ့ ကိလေသာနာမ်(လောဘ စတဲ့)တရားတွေကို သမုတိစကားလုံးတွေနဲ့ မီးထွက်အောင် ပွတ်လာခဲ့ကြတဲ့တွက် သီချင်း၊ ရတု၊ ရကန်၊ တေး၊ ကဗျာ၊ ရော့ခ်၊ ပန့်ခ်၊ ဟစ်ဟော့ တွေက ဆက်တိုက်လောင်မြိုက်လို့ ထွက်ပေါ်လာခဲကြပြီ။ ၀ဋ်ကြွေးတစ်ခုကို မျိုးဆက်အလိုက် သီချင်း၊ ကဗျာ၊ စာပေ၊ ဂီတ၊ရတု၊ ရကန်တွေနဲ့ အကြွေးဆပ်ရင်း အချိန်တွေကို ငါတို့ စောင့်စားခဲ့ကြပြီ။ မရှိတဲ့အချိန်တွေကို ကုန်လွန်သွားတယ်လို့ မှတ်ထင်နေကြပြီး လမ်းဆုံမှာ အချိန်ကို စောင့်စားခဲ့ကြတာလဲ ရွေ့လျားနေတဲ့လမ်းလျှောက်စက်ပေါ်မှာ ရောက်နိုး ရောက်နိုးနဲ့ မမောမပမ်းလျှောက်ခဲ့လှမ်းခဲ့တာနဲ့ တူနေပါပြီ။

ရေ၊ ရေခဲ၊ ရေခိုး၊ မြူနှင်းတွေရဲ့ ပြောင်းလဲမှု( Interaction of Changing) သဘာဝအမှန်ကို မသိခဲ့လေတော့ “ ယနေ့ အကြွေးမရောင်းပါ” စာတန်းက အကြွေးဝယ်သူတွေကို ရပ်တန့်လို့ ရနိုင်ခဲ့ပြီ။ ယနေ့ပေါင်းမြောက်များစွားထဲက တစ်ခုသောယနေ့ထဲမှာ ငါအိပ်ပျော်နေခဲ့ပြီး ပြန်နိုးလာတော့လဲ ယနေ့ပဲ ပြန်ဖြစ်နေခဲ့တယ်။ အရှိနဲ့အသိ လိုင်းမမိလို့ ကွန်နက်ရှင်တွေ အကြိမ်အကြိမ် လှုပ်ခါလို့နေပါပြီ (it is unbalanced the connectivity of mind and matter)။ငါလမ်းလျှောက်အခါ သာနေတဲ့ လမင်းကြီးကပါ ငါ့နဲ့အတူ လိုက်ပါနေတယ်လို့ ထင်ထားခဲ့တဲ့ ကလေးအတွေးတွေကို စွန်ပစ်လိုက်ဖို့ အချိန်ကာလနဲ့နေရာဒေသတို့ရဲ့ အပြင်ဘက်က တစ်နေရာရာဆီကို ခဏတာလေး ထွက်ပြေးလို့နေချင်မိပါတယ်။

ဝိသုဒ္ဓိမဂ်၊ဒုတိယပိုင်း၊ ပိုဒ်ရေ( ၆၈၉ )မှာ ဒီလိုပြောထားပါတယ်။
Ditthi bandhanabaddhaa te, Tanhnaasotena vuyhare;
Tnnhaasotena vuyhantaa , na te dukkhaa pamuccare;
(Visuddhimagga-vol-II. P.517)
ဆိုလိုချက်။ ။
အယူအဆ(ဒိဋ္ဌိ၊၆၂)တွေနဲ့ ချဉ်နှောင်ခံထားရတဲ့သူတွေဟာ တဏှာလျဉ်ကြော နစ်မျောကြ၏။ တဏှာလျဉ်ကြော နစ်မျောရသူတို့အတွက့် ၀ဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု အမှန်မရနိုင်ကြပါ။

မှတ်ချက်။ ။Time and Space from the Point Of Ultimate Truth မှခံစားတင်ပြထားပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.