Wednesday, January 13, 2010

ရွှေလက်တွဲလို့ မြဲစေချင် (၁)

အိမ်ထောင်ပြုခြင်း

လူသားတို့သည် ဟိုး . . . လွန်ခဲ့သည့် နှစ်ပေါင်းများစွားကတည်းက တယောက်တည်း မနေလိုကြ။ အုပ်စုလိုက်ဖွဲ့၍ နေလိုကြသည်။ ရေကြည်ရာ မြက်နုရာ ရှာကြရင်း တနေရာမှ တနေရာ၊ ဒေသတခုမှ ဒေသတခု၊ တဦးမှ တဦးသို့ ပေါင်းသင်း ဆက်သွယ်မိကြရင်း သံယောဇဉ်ကို အခြေခံလျက် ခင်မင်ရင်းနှီးလာခဲ့ကြသည်။

ခင်မင် ရင်းနှီးမှု၏ နောက်တွင်၊ အတူနေ၊ အတူသွား၊ အတူစားလိုကြသည်။ သာမန်လောကီလူသားတို့၏ သဘော သဘာဝအတိုင်း ခင်မင်ရင်းနှီးသူ အချင်းချင်း မခွဲနိုင် မခွါလိုကြ။ ထို့ကြောင့် ခင်မင်ရင်းနှီးမှုကို အခြေခံလျက် ဘ၀နှစ်ခုကို ပေါင်းစပ်လိုကြ၏။ ဘ၀နှစ်ခုကို တစ်ခုတည်းဖြစ်အောင် တည်ထောင်ဖန်တီးလိုကြ၏။ ဒါကိုပင် အိမ်ထောင်ပြုခြင်း၊ လက်ထပ် ထိမ်းမြားခြင်း-ဟု သုံးနှုံးကြမည် ထင်ပါသည်။


ဘ၀နှစ်ခု ပေါင်းစပ်ဖို့

မွေးလာသည်က တစ်ယောက်တည်း၊ ဒါပေမယ့် တစ်ယောက်တည်း မနေလို။ အထီးကျန်ခြင်းကို မခံစားနိုင်။ အသိုင်းဝိုင်း အနှောင်အဖွဲ့ကို လိုချင်ကြသည်။ ထို့ကြောင့် အပေါင်းအသင်းကို ရှာကြသည်။ စိတ်တူ သဘောတူ ဖြစ်မည့်သူကို ရွေးချယ်ကြသည်။ အပေါင်းအသင်းဆိုသည်မှာလည်း ကောင်းသည်လည်း ရှိသလို ဆိုးသည်လည်း ရှိသည်။ နေရာတိုင်းမှာ မိမိအယူအဆနှင့် သူ့အယူအဆကို ပေါင်းစပ်ဖလှယ်နိုင်မည့်သူ။ နှစ်ကိုယ့်တစ်စိတ်ဖြစ်မည့်သူများကို ရှာဖွေကြရ၊ ရွေးချယ်ကြရပြန်သည်။

နေရာတိုင်းမှာ တိုင်ပင်ဆွေးနွေးခြင်း၊ အကြံဉာဏ်တောင်ခံခြင်း၊ စိတ်တူ သဘောတူ လုပ်ဆောင်ခြင်းတို့ဖြင့် တသက်တာ ဘ၀လက်တွဲဖော်ကို ရှာကြသည်။ လက်တွဲဖော်ဆိုသည်မှာလည်း တစ်ဘ၀လုံးအတွက် ရည်ရွယ် ရည်းစူး၍ ဘ၀တိုက်ပွဲကို ဆင်နွှဲဖို့အတွက တစ်ဦးကို တစ်ဦး ကူညီ ဖေးမ၊ ဝေဖန် အကြံဉာဏ်ပေးကြရင်းဖြင့် ဘ၀နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ဖို့ ကြိုးစားကြရ၏။

ဘ၀တစ်ခု

လူသားများတွင် လိုချင်မှု၊ အမျက်ထွက်မှု၊ တွေဝေငေးမော နာမလည်နိုင်မှုတို့ အသီးသီးရှိကြ၏။ တစ်ဦးနှင့် တစ်ဦး မတူညီနိုင်ကြ။ တခါတလေ တစ်ယောက်တည်း၊ ဘ၀တစ်ခုတည်းတောင် ယနေ့နှင့် မနက်ဖြန် အကြိုက်ချင်း တူညီနိုင်မှ တူညီမည်။

ကိုယ်ကြိုက်သည့် အစားအစာကို နှစ်သက်မြတ်နိုးစွာစားသောက်သော်လည်း အစားအစာ ၀သည်နှင့် မနက်ဖြန် မဆိုထားနှင့် ယနေ့ပင် မကြိုက်ချင် မစားချင်တော့။ အ၀တ်ဆိုသည်မှာလည်း ထို့အတူပင်။ ခု အဖြူကြိုက်၊ တော်ကြာ အစိမ်းကြိုက်နှင့် အကြိုက်တွေ အမျိုးမျိုး ပြောင်းလဲနေကြသည်။

တခါတလေ မိမိလုပ်ချင်သည့် အရာများတွင်လည်း ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် မတူညီဘဲ ရှိတတ်ကြသည်။ အလုပ်ပိတ်ရက်တွင် သူငယ်ချင်းတွေနဲ့ လည်ရင် ကောင်းမလား၊ အစားအသောက် ကောင်းကောင်းလေး ချက်စားရင် ကောင်းမလား။ ဒါမှ မဟုတ် အေးအေးလူလူ အိပ်နေရရင် ကောင်းမလား စသည်ဖြင့် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ဘ၀တစ်ခုတည်းတောင်မှ ကိုယ့်အကြိုက်ကို ဝေခွဲမရ၊ ဆုံးဖြတ်မရ ရှိနေတတ်၏။

ဘ၀နှစ်ခု

ဘ၀နှစ်ခုကို တစ်ခုတည်းဖြစ်အောင် နေသားတကျ တည်ဆောက်နိုင်ဖို့ဆိုသည်မှာ အလွန်ခက်ခဲမည်ထင်သည်။ ကိုယ်ကြိုက်တာကို သူကြိုက်နိုင်ပါ့မလား။ ကိုယ်လိုချင်တာကို သူလိုချင်ပါ့မလား။ ကိုယ်စားချင်တာကို သူစားချင်ပါ့မလား။ ကိုယ်နေချင်သလို သူနေချင်ပါ့မလား။ သူ့အကြိုက် ကိုယ့်အကြိုက် လိုက်လျောနိုင်ပါ့မလား-စသည်ဖြင့် စဉ်းစားစရာ အများအပြား ရှိလာပြန်သည်။

နှစ်ကိုယ့်တစ်စိတ်


သို့သော် လောကီသားတို့ ဖြစ်ကြသည့်အလျောက် မျက်စိတ်ကို စုံမှိတ်၍ ဘ၀နှစ်ခုကို တစ်ခုတည်းဖြစ်အောင်၊ နှစ်ကိုယ့်တစ်စိတ်အဖြစ် ဖန်တီးလိုကြ၊ ဖန်တီးလိုက်ကြသည်။

အမှန်တကယ် နှစ်ကိုယ့်တစ်စိတ် ဖြစ်ဖို့ဆိုသည်မှာ မလွယ်ကူ။ ကိုယ့်စိတ်နှင့် ကိုယ်၊ တစ်ကိုယ် တစ်စိတ်တည်းဘ၀မှာတောင် အဝေမတည့်ချင်။ နှစ်ကိုယ် နှစ်ဘ၀ကို တစ်စိတ်တ၀မ်း၊ တသားတည်ဖြစ်အောင်၊ နှစ်ကိုယ့်တစ်စိတ် စွယ်တော်ရွက်လေးလို ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အချိန်လေးတော့ လိုမည်ထင်သည်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်၊ မရနိုင်ပေ။

ဆက်ရန်

မျိုးဇာနည် (မန်းတက္ကသိုလ်)
http://pyinyarzarni.blogspot.com/

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.