Wednesday, January 13, 2010

အမေ ကျေနပ်ပါပြီ သားရယ် (၃)

ပြစ်မှားစိတ်မှာ မရှိရာ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာစကားတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည်ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။



လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင်အမျိုးသမီးရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။ )

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန်ခရီးဖြစ်တယ်၊ အဲဒီနိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏလက်တွင်း သက်ဆင်းရတဲ့သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ်မနှစ်သက်တဲ့သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီအရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီးသွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက်လိုက်တယ်။

“ငိုချင်ရက် လက်တို့”
ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန်သွားတော့မယ့်အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက်တတစ်ချက်မှာ မိထွေးတော်ကြီးအပေါ် သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂမကင်းနိုင်ကြသေး တဲ့ ပရိသတ်တွေကလဲ ငိုကြွေးကြပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော်ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံနဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။
ဟုတ်တာပေါ့ မိထွေးတော်ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်းတာတွေ မလုပ်ဖို့၊ မိမိစိတ်ကလေးကို ဖြူစင်အောင်ထားဖို့ မကြာခဏဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေးနေကြတာပေါ့။

ငိုကြွေးတယ်ဆိုတာ

အမှန်တကယ်တော့ ငိုတဲ့သူများဟာ ကိလေသာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော်ကြီးကတော့ အေးအေးဆေးဆေးပဲ။ ရဟန္တာဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့စိတ်နဲ့ကို ထာဝရနှုတ်ဆက်သွားတာ။

နှုတ်မဆက်သင့်ဘူး

ဒါနဲ့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ သူကပြောတော့ နှုတ်မဆက်သင့်ဘူးတဲ့။

တွေ့ပြန်တော့ ခဏကွယ်၊ ချစ်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ချစ်သက်ဦး၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ တို့နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။

နှုတ်ဆက်တယ် ဆိုတာ ထာဝရခွဲခွါသွားကြတဲ့ သူတွေသာ နှုတ်ဆက်ကြတာ၊ ထာဝရမခွဲမခွါသေးဘဲ ပြန်လည် ဆုံတွေ့ကြရမှာဖြင့် နှုတ်မဆက်သင့်ဘူးတဲ့။

တောင်တန်းပေါ်မှာ

စာရေးသူတို့ အစိုးရတာဝန်နဲ့ တောင်တန်းပေါ်မှာ ၁၀-တန်းတွေကို အင်္ဂလိပ်စာသင်ပေးရင်း(2000-ခုနှစ်က ထင်ပါတယ်။) တပည့်တွေကို စာသင်ကြားမှုပြီးဆုံးတဲ့နေ့မှာ အဲဒီကဗျာလေးကို စာသားပြောင်းပြီး ရေးပြ ရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊ သင်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ တပည့်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ဆရာ တပည့်နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရေးပြ ရွတ်ပြတော့ တပည့်မတွေထဲက ချင်းမလေးတစ်ယောက် ငိုပါလေရော။

ရွတ်ပြရတဲ့ ရည်ရွယ်ချက်

ပလ္လင်ပေါ်မှာလဲ ဒီကဗျာကို တရားဟောရင်းရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊ ဟောလို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ပရိတ်သတ်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ပရိသတ်များအတွက် နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရွတ်ပြနေတာဟာ ရွတ်လို့ ကောင်းတာလဲ ပါတယ်။ ခွဲခွါရခြင်းသဘောကြောင့် မတည်မြဲခြင်း အနိစ္စသဘောကို သိစေချင်တာလဲ ပါတယ်။ နောက် ချစ်တဲ့သူတွေနဲ့ ကွေကွင်း ခွဲခွါရတဲ့ (ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော) ဆင်းရဲခြင်းရဲ့ ဒုက္ခသဘောကို သိစေချင်တာလဲပါတယ်။ အဲဒီသဘောတွေ ပြောပြပြီးတော့မှ ရွတ်ပြခဲ့တာပါ။

၂၀၀၂-ခုနှစ်မှာ သတင်းစကားကြားရတာတော့ တောင်ပေါ်မှာ စာသင်ပေးရင်း ကြုံရဆုံရ ငိုခဲ့ရသူ ချင်းမလေး သီလရှင် ၀တ်သွားတယ်လို့ ကြားတယ်၊ အခုစာရေးနေချိန် မှာတော့ ၀တ်နေသေးလား၊ မ၀တ်တော့ဘူးလား ဆိုတာ မသိဘူး။

ဆက်ရန် -

ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေကျေနပ်ပါပြီသားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့အတွက် ပညာဇာနည်၊ ၀ိမုတ္တိသုခ၊ ၀ိမုတ္တိရသ၊ အဖြူရောင်မေတ္တာဆိုဒ်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

မောင်ပညာ (မန်းတက္ကသိုလ်)
http://pyinyarzarni.blogspot.com/


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.