Sunday, February 7, 2010

သာသနာကွယ်ပျောက်နည်းများ

၁။ ရဟန်းများ တရားမနာခြင်း
၂။ စာမသင်ခြင်း
၃။ နှုတ်တက်အာဂုံ မဆောင်ခြင်း
၎။ သိအောင် မကြံစည်ခြင်း
၅။ ဓမ္မာနုဓမ္မကို မကျင့်ကြံခြင်း

(တစ်နည်း)
၁။ စာမသင်ခြင်း
၂။ တရားကို အကျယ်မဟောခြင်း
၃။ စာကို အကျယ်မပို့ချခြင်း
၎။ စာကို အကျယ်မပြန်ဆိုခြင်း
၅။ အနက်အဓိပ္ပာယ်ကို မကြံစည်ခြင်း

(တစ်နည်း)
၁။ အက္ခရာပုဒ်ပျက်တို့ဖြင့် သင်ယူခြင်း
၂။ အပြောအဆို ခက်ခဲခြင်း
၃။ စာချပုဂ္ဂိုလ်များ ရှားပါးခြင်း
၎။ လာဘ်ပေါများအောင် အားထုတ်ခြင်း
၅။ ခိုက်ရန်များ၍ သံဃာကွဲပြားခြင်း ။ ။

၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသာနကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

သာသနာကွယ်ခြင်းအားလုံးတွင် အဓိဂမ စသောငါးပါးကိုသာလျှင်ဖော်ပြချင်ပါသည်။

၁။ အဓိဂမ သာသနာကွယ်ခြင်း
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို အဓိဂမ သာသနာဟု ခေါ်ပါသည်။ ထိုတရားများသည် အဆင့်ဆင့် ကွယ်ပျောက်ကြလေသည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် နှစ်တစ်ထောင် အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ရနိုင်လေသည်။ ထိုနှစ် ကျော်လွန်သောအခါ အဘိညာဉ်ခြောက်ပါးကိုသာ ရကြ တော့သည်။ ထို့နောက် ၀ိဇ္ဇာသုံးပါးသာ ရကြတော့သည်။ ကာလကြာသော် ရဟန္တာမျှသာ ဖြစ်ကြတော့သည်။

ထိုမှ ဆင့်ကဲဆင့်ကဲ ယုတ်လျော့လာရာ အနာဂါမ်ခေတ်၊ သကဒါဂါမ်ခေတ်၊ သောတာပန်ခေတ်သို့ ရောက်သွားလေသည်။ အကြင်အခါ၌ နောက်ပိတ်ဆုံးသော သောတာပန် သေလွန်သည်။ ထိုအခါတွင် အဓိဂမ သာသနာ ကွယ်ပျောက်လေတော့သည်။


၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း


သမထ ဝိပဿနာနှင့် စတုပါရိသုဒ္ဓိသီလ သည် ပဋိပတ္တိ သာသနာ ဖြစ်ပါသည်။ ထိုတရားများ ကွယ်ပျောက် ခြင်းကို ပဋိပတ္တိ သာသနာကွယ်သည်ဟု ခေါ်ဆိုပါသည်။
သာသနာတော် နောက်ပိုင်းသို့ ရောက်လာကြသောအခါ သဒ္ဓါဝိရိယတရားများ ယုတ်လျော့လာသဖြင့် မဂ်ဖိုလ်ကို ရအောင် အားမထုတ်ချင်တော့ပေ။ စတုပါရိသုဒ္ဓိသီလ ကိုသာ ဖြည့်ကျင့်စောင့်စည်းကြကုန်သည်။ ကာလကြာသောအခါ ထိုသီလကိုပင် မစောင့်စည်းကြတော့ဘဲ သိက္ခာပုဒ်များကို ငယ်ရာမှ စတင်၍ တစတစ ကျူးလွန်လာတော့သည်။ ပါရာဇိက လေးပါးကိုသာ စောင့်စည်းကြကုန်သည်။ နောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းတော်များ ကွယ်လွန်လျှင် လည်းကောင်း၊ သိက္ခာပုဒ်ဆောက်တည်ခြင်းကို ချိုးဖောက်လျှင် လည်းကောင်း ပဋိပတ္တိ သာသနာကွယ်ပျောက်ခြင်း ဖြစ်လေတော့သည်။

၃။ ပရိယတ္တိသာသနာ ကွယ်ခြင်း
ဘုရားဟော ပါဠိတော်များနှင့် အဋ္ဌကထာ စသည်တို့ကို ပရိယတ္တိသာသနာဟု ခေါ်ပါသည်။ ထိုကျမ်းစာများ ကွယ်ပျောက် ခြင်းကို ပရိယတ္တိသာသနာ ကွယ်သည်ဟု ခေါ်ပါသည်။ ဘုရားဟော ပိဋကတ်တော်များ ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိသာသနာ မကွယ်နိုင်ပါ။ ကာလကြာသော ဆရာ ဒကာ ချို့ယွင်းမှုကြောင့် ပရိယတ္တိသာသနာ စတင်ကွယ်ပျောက် လေတော့သည်။

ထိုအခါ အဘိဓမ္မာပိဋကတ် စတင်ဆုတ်ယုတ်ပါတော့သည်။ အဘိဓမ္မာ ပိဋကတ်တွင်လည်း ပဋ္ဌာန်းက စတင်၍ ဓမ္မသင်္ဂဏီအထိ အစဉ်အတိုင်း ဆုတ်ယုတ်ပါသည်။ ထို့နောက် အဂုင်္တ္တိုရ်၊ သံယုတ်ပါဠိတော် ဒီဃနိကာယ် အထိ ဆုတ်ယုတ်ပြီး ဒီယနိကာယ် ကွယ်ပျောက်လျှင် သုတ္တန်ပိဋကတ်တော်နှင့် ဇာတ်တော်မျှ ကိုသာ ဆောင်နိုင်ကြတော့ သည်။ ၀ိနည်းကို လဇ္ဇီ ရဟန်းတော်များ ဆောင်ကြသကဲ့သို့ ဇာတ်တော် ကိုလည်း လာဘ်လာဘကို အလိုရှိသော ပုဂ္ဂိုလ်များက ဆောင်ကြကုန်သည်။ ကာလကြာသော် ဇာတ်တော်ကို အာဂုံ မဆောင်နိုင် ကြတော့ဘဲ အထက်ဆုံး ဝေဿန္တရာ ဇာတ်တော်မှ စ၍ အပဏ္ဏက ဇာတ်တိုင်အောင် ဆုတ်ယုတ်လာတော့ သည်။ ဤသို့ ဇာတ်တော် ကွယ်ပျောက်သော် ၀ိနည်းပိဋကတ်ကိုသာ ဆောင်ကြတော့သည်။

ဝိနည်းဆောင် ရဟန်းတော်များ ရှိနေသဖြင့် ပရိယတ္တိသာသနာတော် တည်ရှိနေသေးသည်။ နောင်သော် ထိုရဟန်းတော်များ သဒ္ဓါ၊ သမာဓိ၊ ပညာ၊ ၀ီရိယ တရားတို့ လျော့နည်းလာကာ အထက် ပါရိဝါပါဠိတော်မှ စတင်၍ မဟာ ၀ိဘင်းအဆုံး ဆုတ်ယုတ်တော့သည်။

အခါတစ်ပါး၌ သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးသည် ဆင်ကျောက်ကုန်းပေါ် ရွှေစင်နှင့် မွှန်းခြယ်ထားသော တောင်းထဲတွင် အသပြာထောင်ထုပ်ကို တင်ပြီး ဘုရားဟော ဂါထာတစ်ပုဒ် ရွတ်ဆိုနိုင်သူ သည် ဤအသပြာကို ယူလော့ဟု သုံးကြိမ်တိုင်တိုင် စည်တီး၍ လှည့်လည်သည်။ ယူမည့်သူ မရှိ၍ နန်းတော်သို့ ပြန်ပို့ရသောအခါ ပရိယတ္တိသာသနာ ကွယ်လေတော့သည်။

၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
ရဟန်းအသွင်အပြင်ကို လိင်္ဂ ဟု ခေါ်ပါသည်။ ၀ိနည်း စည်းကမ်းများ ချို့ယွင်းလာသဖြင့် ရဟန်း သံဃာတော် များ၏ သပိတ်၊ သင်္ကန်း သုံးစွဲပုံမှာ ကြည်ညိုဖွယ် မရှိတော့။ ဖြစ်ကတတ်ဆန်း ဝတ်ရုံ သုံးစွဲကြကုန်သည်။ ထိုအခါ ရဟန်း အသွင် ကွယ်ပျောက်ပြီး လိင်္ဂသာသနာ ကွယ်ပျောက်လေတော့သည်။
၅။ ဓာတ်တော်ကွယ်ခြင်း
ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင် ၁။ ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊ ၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့ ၃။ ဓာတုပရိနိဗ္ဗာန် ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။ ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များ ချုပ်ငြိမ်း တော်မူခြင်းသည် ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုပါသည်။

ဘုရားရှင်၏ သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်
သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။

ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊ သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။

ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။

ဤသို့ဖြင့် ဝေနေယျမျာစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်း ရပါလိမ့်မည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းတောက်ဆဲ ကာလ၀ယ် အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်ကာ ကုသိုလ်ကောင်းမှု အစုစု၌ အပ္ပမာဒ သတိတရားဖြင့် တတ်အားသရွေ့ ကြိုးစားနိုင် ကြစေရန် စေတနာသန့်သန့်ဖြင့် တင်ပြလိုက်ရပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.