Thursday, February 18, 2010

အမှားထဲက အမှားများ (အကြံပြုချက်)

ခုတလော ဘလော့မှာ ပေါက်ကွဲသံစဉ်တွေ တွေ့မြင်နေမိတာ ကျောင်းသားရဟန်းတော်တွေအတွက် အဖွဲ့အတွက် အကောင်းလား အဆိုးလားဆိုတာ ဝေဖန်ဖို့ စောလွန်းနေတဲ့ အခြေနေမျိုးပဲ၊ ဝေဖန်တာ ထောက်ပြတာ သိပ်ကိုကောင်းပါတယ်၊ (ဘလော့လာဖတ်သူတွေ့ယင် မြင်လို့ မတော်တဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ သုံးတာကလွဲယင်ပေါ့) ဒါမှလည်း ဘာလုပ်သင့်တယ် ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ အဖြေကောင်းရမှာပါ၊ အခုလို ပေါက်ကွဲကြလို့...တစ်ပါးတမျိုးစီ ရင်ဖွင့်ကြလို့ တပည့်တော် အနေနဲ့ စိတ်မညစ်မိတာ အမှန်ပါ၊ တဘက်သားရဲ့ ဆန္ဒကို နားလည်တတ်သူ ကိုယ်ချင်းစာတတ်သူတစ်ယောက်အတွက် ဒါဟာ စိတ်ညစ်နေစရာလည်း မဟုတ်ပါဘူး၊ တခုစိုးရိမ်မိတာက တပည့်တော်တို့ ညီညီညွတ်ညွတ်နဲ့ တည်ထောင်ထားတာ ဘာမှ မကြာသေးတဲ့ ကျောင်းသားအဖွဲ့လေး ပျက်သွားယင်ဆိုတဲ့အတွေးကတော့ တပည့်တော် အစိုးရမ်ဆုံးအရာပါပဲ၊

အခြားကော်မတီဝင် မဟုတ်တဲ့ ကျောင်းသားရဟန်းတော်တွေအနေနဲ့ တချို့ကိစ္စတွေမှာ ဘာမှ မသိလိုက်ရဘဲ... ဖြစ်ပြီးမှ တဆင့်တဆင့် ကြားသိလိုက်ရတဲ့အခါ ရှော့ (shock) ဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်၊ သေချာတာက သေးငယ်တဲ့ ကိစ္စတွေမှာ ကော်မတီဝင် မဟုတ်တဲ့ ကျောင်းသားတွေဟာ ခွင့်လွတ်ပြီး တိတ်တိတ်နေခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ် ဆိုတာပါပဲ၊
ကော်မတီသံဃာတွေကတော့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြတော့ အဖွဲနဲ့ပတ်သက်တဲ့ ကိစ္စအတော်များများကို သိကြတာများပါတယ်၊ ဆိုးတာက အချိန်မှီ အခြားကျောင်းသားတွေဆီကို သတင်းမပေး အကြောင်းမကြား (အရေးကြီးကိစ္စတွေမှာ သူတို့ရဲ့ ဆန္ဒကို မတောင်းခံ)တာပါပဲ၊

လက်ရှိ ဖြစ်သွားတဲ့ သံရုံးကိစ္စဟာ တပည့်တော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပြောရယင် သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်၊ ဘ၀တစ်ခုလုံးနဲ့တောင် ပတ်သက်တယ်လို့ ပြောယင်လည်း ရနိုင်ပါတယ်၊ ဒါကို အခြား အဖွဲ့ဝင်ကျောင်းသားတွေရဲ့ ဆန္ဒကို မယူနိုင်ခဲ့တာဟာ သိပ်ပြီးမှားသွားပါတယ်၊ ကော်မတီဝင်တွေအနေနဲ့လည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိကောင်း ရှိနေပါလိမ့်မယ်၊ ဒါကို အဖွဲ့ဝင်ကျောင်းသားတွေ နားလည် လက္ခံနိုင်အောင် ရှင်းပြဖို့ လိုအပ်ပါတယ်၊

တပည့်တော်အနေနဲ့ကတော့ အဲဒီအချိန်က ခရီးလွန်နေတဲ့အတွက် သြ၀ါဒခံတဲ့ကိစ္စ သံရုံးသွားတဲ့ကိစ္စ ကျောင်းသားစာရင်းပေးတဲ့ကိစ္စတွေကို နောက်မှ သိခဲ့ရပါတယ်၊ အခု ဒီစာကိုရေးနေချိန်ထိလည်း စင်္ကာပူမှာ တခါမှ မရောက်ဖူးသေးလို့ အလည်ရောက်နေပါတယ်၊ ပြောချင်တာက တပည့်တော်လည်း ဒါတွေအားလုံးကို နောက်မှ သိခဲ့ရတယ်ဆိုတာပါပဲ၊

ပြဿနာဆိုတာ ဖြစ်ပြီးမှ တစ်ယောက်ကိုတစ်ယောက် ပြစ်တင် ဆဲဆို ဝေဖန်နေမဲ့အစား ထိပ်တိုက်တွေ့ဆုံပြီး ဖြေရှင်းလိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်၊ အပြစ်တင်နေလို့ ဆဲဆိုနေကြလို့ ပြဿနာဟာ ငြိမ်းသွားမှာ မဟုတ်ပါဘူး၊ ဘာလုပ်သင့်တယ် ဘယ်လိုညှိနှိုင်းသင့်တယ် ဘယ်လိုတာဝန်တွေယူရမယ် ဘယ်လိုကတိတွေ ပေးရမယ် စသည်ဖြင့် တင်ပြဆွေးနွေး ညှိနှိုင်းကြမှသာ ပြေငြိမ်းနိုင်မဲ့အကြောင်း စေတနာနဲ့ တင်ပြလိုက်ပါတယ်၊

အဆဲခံရလို့ အပြစ်တင်ခံရလို့ ဘယ်သူ့ကိုမှ အပြစ်မမြင် မဝေဖန်ချင်ပေမဲ့ ကျောင်းသားအဖွဲ့ဖြစ်ချင်လွန်းလို့ စိတ်ရော ကိုယ်ပါ အပင်းပန်းခံပြီး စည်းရုံးဖွဲ့စည်းလာခဲ့တဲ့ ကျောင်းသားအဖွဲ့လေး ပြိုကွဲသွားမှာကိုတော့ အလွန်စိုးရိမ်မိတာ ရင်ထဲက တကယ့် ဆန္ဒပါ၊ နိုင်ငံတကာ ကျောင်းသားအဖွဲ့တွေထဲမှာ နောက်ဆုံးမှလည်း ဖွဲ့တယ်၊ အရင်ဆုံးလည်း ပြိုကွဲတယ်ဆိုယင် တပည့်တော်တို့ရဲ့ သမိုင်းဟာ အတော်ကို ရိုင်းခဲ့မှာပါပဲ၊

ကော်မတီသံဃာတွေအနေနဲ့ အရေးကြီးကိစ္စတွေမှာ အခြားအဖွဲ့ဝင်သံဃာတွေကို အချိန်မှီ အသိမပေး အကြောင်းမကြားနိုင်ခဲ့တာ မှားပါတယ်၊ အခြားအဖွဲ့ဝင်သံဃာတွေ အနေနဲ့လည်း ဒေါသအလျောက် ဆဲဆိုပြစ်တင်နေကြတာ မှားပါတယ်၊

ဆဲဆို ဝေဖန် ပြစ်တင်နေကြမဲ့အစား အကောင်းဆုံး အကြံဥာဏ်လေးများပေးဖို့ လုပ်သင့်တာလုပ်ဖို့ ညှိနှိုင်းသင့်တာ ညှိနှိုင်းကြဖို့ ဖြေရှင်းနိုင်မဲ့လမ်းကို ရှာကြဖို့ တပည့်တော် အဝေးကနေ တောင်းဆိုလိုက်ပါတယ်၊

အားလုံး အရင်လို ညီညွတ်စွာနဲ့ ရှေ့ဆက်နိုင်ကြပါစေ....

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.