Saturday, March 27, 2010

ခေတ်

ခေတ်က
ဖုန်ထူနေတဲ့ လမ်းတွေနဲ့
သွေးစိမ်း သားစိမ်း စားသောက်တတ်တဲ့ တောကောင်တွေနဲ့
ကနွဲ့ ကလျ စကတ်တိုတိုတွေနဲ့၊

တခါတရံ
မြင်လျက်နဲ့ ငါ့မျက်လုံးတွေ ကန်းထားခဲ့ရ
တခါတရံ
ရှင်လျက်နဲ့ ငါ့ ၀ိဥာဉ်တွေ သေနေခဲ့ရ၊

အဲဒီအကြောင်းတွေ ကဗျာမဖွဲ့ရဲဘူး
တခါတရံ
ငါ့ကလောင်တွေ အဲဒီ ခေတ်ထဲ ဆွံ့အ ခဲ့ရ၊

ဟုတ်တယ်
သားရိုင်းတို့ ကြီးစိုးတဲ့ ခေတ်မှာ
သူတော်ကောင်းတံဆိတ်ခပ်ထားသူတွေလည်း
တခါတရံ ဖားရိုက် ငါးရိုက်ထွက်တယ်။ ။

-- ဧဏီမင်း ဘလော့မှ ဖေါ်ပြပါသည် --

Friday, March 26, 2010

တိပိဋကဓရ ဆရာတော်ကြွရောက်တော်မူလာခြင်း

တိပိဋကဓရဆရာတော် ဦးဂန္ဓမာလင်္ကာရသည် ယနေ့နံနက် ထိုင်းစံတော်ချိန် ၁၁ နာရီ ၄၀ အချိန်တွင် သုဝဏ္ဍဘူမိလေဆိပ်သို့ ကြွရောက်တော်မူလာရာ ကျောင်းသားရဟန်းတော်များအဖွဲ့မှ သက်ဆိုင်ရာ သံဃာတော်များ သွားရောက်ကြိုဆို ဂါရ၀ပြုကြပြီး ဧပက်တက္ကသိုလ်သို့ပင့်ဆောင်ကာ နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့ပါသည်၊

ယနေ့ညနေတွင်ပင် ယင်းတက္ကသိုလ် Hall of Fame တွင် ကျောင်းသားရံပုံငွေအတွက် တရားပွဲကို ၆ နာရီမှ ၇ နာရီထိ ဧပက်ရောက် မြန်မာ ဒကာ ဒကာမများအတွက် ကျင်းပခဲ့ပြီး ရရှိခဲ့သော ဓမ္မပူဇာအလှူတော်ငွေ ၁၂၂၅၀ (တစ်သောင်းနှစ်ထောင်နှစ်ရာ့ငါးဆယ်) ဘတ်ကို ဦးကောဝိဒနှင့် ဦးဓမ္မပါလ တို့မှ လက္ခံရယူပြီး တရားပွဲဖြစ်မြောက်ရေး ဘဏ္ဍာရေးမှူးဆရာတော် ဦးကုဝေရထံတွင် အပ်နှံခဲ့ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ဘုရား၊

စနေနေ့နှင့် တနင်္ဂနွေနေ့ညများတွင်လည်း ကြေငြာထားသည့်အတိုင်း တရားပွဲများ ကျင်းပသွားမှာဖြစ်ပါသည်ဘုရား၊ ၎င်းညတရားပွဲများကို ကြွရောက်တော်မူလိုသော ကျောင်းသားသံဃာတော်များရှိပါက အဖွဲ့အနေဖြင့် ကားအကြိုအပို့လုပ်ပေးရန် အစီအစဉ်ရှိပါသည်ဘုရား၊ သို့ဖြစ်ပါ၍ ကြွရောက်တော်မူလိုသော သံဃာတော်များရှိပါက တရားပွဲနေ့ ၃-နာရီအချိန် နောက်ဆုံးထား၍ အောက်ပါ ဖုံးနံပါတ်များသို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း အသိပေးအပ်ပါသည်ဘုရား၊ အားလုံးကြွရောက်ရမည်ဟု မဆိုလိုပါဘုရား၊ ကြွရောက်နာယူလိုပါက ကြွရောက်ရာတွင် အဆင်ပြေအောင် စီစဉ်ပေးခြင်းမျှသာ ဖြစ်ပါသည်ဘုရား၊

ဆက်သွယ်ရန် ဖုံး- ၀၈၇၆၈၄၀၁၄၀
-၀၈၄၆၇၄၂၆၃၄
-၀၈၉၆၃၆၀၁၉၄

Thursday, March 18, 2010

entrance exam MCU ( MA program)

19.3.2010 (9-11 AM)
(1) GENERAL KNOWLEDGE
STUDY ABOUT MCU(MAHACHULALONGKORNRAJAVIDYALAYA UNIVERISTY), GENERAL BUDDHIST KNOWLEDGE.

http://inter.mcu.ac.th/En/major/major_base.php?Data_type=3
http://www.mcu.ac.th/En/major/major_index.php
19.3.2010 (1-3 PM)
(2) ENGLISH TEST
COMPREHENSION TEST.
READING SKILL ( READ THE PASSAGE)
ESSAY WRITING AND GRAMMAR WRITING.


20.3.2010 (1-3 PM)
(3) BUDDHISM

WHAT THE BUDDHA TAUGHT WRITTEN BY RUHULA ( TO KNOW ABOUT THE MEANING OF ABHIDHAMMA )
BUDDHIST + DICTIONARY WRITTEN BY P.A PAYUTTO

NOTE: IF U MISS THIS EXAM , U CAN ENTRANCE EXAM AGAIN . ( NOT RE-ANSWER)

BA ENGLISH PROGRAM ON APRIL 26
BA THAI PROGRAM ON APRIL 29
ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

Sunday, March 14, 2010

အရူးတို့ရဲ့ လုပ်ရပ်

သေနပ်လွယ်မယ်
အမေ့ကိုပြန်တိုက်ဖို့ .....      
လက်ဝှေ့ပြမယ်
အဖေ့ကိုစိန်ခေါ်ဖို့ .....
တက္ကသိုလ်သွားမယ်
ဆရာကို စာပြဖို့ ......
အစည်းဝေးပွဲတက်မယ်
ပျက်အောင် ဖျက်ဖို့ .......
ရည်းစားထားမယ်
အသည်းကွဲအောင် လုပ်ဖို့ ......
ရှင်ဘုရင်ကိုဖြုတ်မယ်
နန်းတော်ကို အုပ်ချုပ်ဖို့ ......

( အဘိုးပြောတဲ့စကား )

သံသယကင်းသည့် နှလုံးသား (၁)

ကဗျာတစ်ပုဒ် ဦးနှောက်ရှုပ်
ချစ်တဲ့ သူမှာ၊ အပြစ်ရှာ၊ ဘယ်ခါ အပြစ်တွေ့မှာလဲ။
မုန်းတဲ့သူမှာ၊ အချစ်ရှာ၊ ဘယ်ခါ အချစ်တွေ့မှာလဲ -ဆိုသည့် ကဗျာတပုဒ်က ဦးနှောက်ကို အလုပ်ရှုပ်စေခဲ့သည်။
ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း၊ ယင်း အချက်နှစ်ချက်၏ မူရင်းပဓာနကို သေချာကျန ဝေခွဲမရခဲ့။

ချစ်ခြင်း၏ အခြားတဖက်မှာ
ချစ်ခင်ခြင်း၏ အခြားတဖက်တွင် ဆွေမျိုးသားချင်းဖြစ်နိုင်ရေး၊ ငယ်ပေါင်း ကြီးဖော်ဖြစ်နိုင်ရေး၊ နိုင်ငံတူရေး၊ လူမျိုးတူရေး၊ ဘာသာတူရေး စသည်တို့ကို အခြေခံလျက် သံယောဇဉ် ထားရှိနိုင်ခြင်း၊ အတူတကွ နေထိုင်နိုင်ခြင်း၊ သူ့အကျိုး ကိုယ့်အကျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း၊ အနစ်နာခံနိုင်ခြင်းတို့က တပါတည်း တသားတည်း ကပ်လိုက်လာခဲ့ကြ၏။

လွယ်ကူသည့် ကိစ္စမဟုတ်
တစ်ယောက်နှင့်တစ်ယောက် သင့်သင့်မြတ်မြတ် အတူနေထိုင်နိုင်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စမဟုတ်။ တခါတရံ မိဘသည်သော်မှ မွေးထားသည့် သားသမီးအပေါ် စိတ်တိုင်းမကျသည့် အချက်ပေါင်းများစွာရှိ၏။ မိဘတို့ဖြစ်စေချင်သည်က တမျိုး၊ သားသမီးတို့ ဖြစ်ချင်သည့်ဆန္ဒက တဖုံ၊ အတူစုံညီ မဖြစ်နိုင်သည်က များလှချေ၏။
ဒါကလည်း အမှန်တကယ်တော့ ထူးဆန်းလှသည်မဟုတ်။ သူ့ဝါသနာနှင့် သူ့စရိုက် ကိုက်ညီမှ အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်မှာ ဖြစ်၏။

မိသားစုစိတ်ဓာတ်

မိဘနှင့်သားသမီး၊ ညီအကို မောင်နှမတို့သည် နေ့စဉ် နေ့စဉ် တွေ့မြင်ဆက်ဆံနေကြရ၏။ တခါတရံ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှုများနှင့် ကြုံခွင့် ဆုံခွင့် ရကြသလို၊ တခါတရံ မိသားစု ပြဿနာများနှင့် ကြုံရသည့်အခါ ကျိတ်မနိုင်ခဲမရ ကြိမ်မီးအုံးကြွသည့် အကြိမ်ပေါင်းလည်း ရေတွက်နိုင်မည်မဟုတ်။ အဓိကအားဖြင့် မိသားစု စိတ်ဓာတ်နှင့် မိသားစုပြဿနာဟု နားလည်သဘောပေါက်လျက် ဖြေရှင်းနိုင်ကြဖို့သာ အရေးကြီးပါ၏။ မိသားစု စိတ်ဓာတ်ကို အရင်းခံထားပါက အရာအားလုံးတို့ ပြေလည်သွားကြမည်မှာ အမှန်ဖြစ်၏။
မိဘတူကြလင့်ကစား ညီအကိုမောင်နှမ များစွာတို့မှာ စိတ်ဓာတ်နှင့်လုပ်ရပ်တွေ မတူညီကြ။ သို့သော် မိသားစုဝင် ညီအကိုမောင်နှမ သံယောဇဉ်ကို အခြေခံတည်ဆောက်ထားခြင်းကြောင့် အချိန်တန်တော့ ပြေလည်သွားကြ သည်ပင်။

ချစ်ခြင်းနှင့် မုန်းခြင်း

ချစ်ခြင်း မုန်းခြင်းတို့သည် သံယောဇဉ်နှင့် များစွာနှီးနွယ်နေ၏။ သံယောဇဉ်ကြောင့် အရာအားလုံးတို့ လင်းလက် တောက်ပနေကြသလို အရာအားလုံးတို့လည်း တိမ်ဖုံးသွားကြပြန်၏။ ယင်းကို အထက်ကို တွန်းပေးတတ်တဲ့ (ဥဒ္ဓံဘာဂိယ)သံယောဇဉ်နှင့် အောက်ကို ဆွဲခေါ်တတ်တဲ့ (အဓောဘာဂိယ) သံယောဇဉ်ဟု နှစ်မျိုးနှစ်စား ခွဲခြား၍ နာမည် ပေးလို့ ရနိုင်မည် ထင်ပါ၏။

သတိထားဖို့လို

တခါတလေ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းရှိ နွှယ်နေတဲ့ သံယောဇဉ်တွေက ကွေးနေသည့် လမ်းကြောင်း၊ စောင်းနေသည့်လမ်းကြောင်းတွေကို လမ်းမှန်ပေါ်သို့ မရောက် ရောက်အောင် တွန်းပို့ပေးတတ်သလို၊ တခါတလေ ဖြောင့်နေသည့် လမ်းကြောင်းကိုလည်း မိမိပတ်ဝန်းကျင်က ကွေးသွား စောင်းသွားအောင် လုပ်တတ်ကြသေး၏။ သတိထားဖို့တော့ လိုမည်ထင်ပါ၏။

သာယာသည့်လမ်းကြောင်းနှင့် ပျက်သုဉ်းသည့်လမ်းကြောင်း

ပြောချင်သည့်စကားကို ပြန်ကောက်ရလျှင် မိသားစု စိတ်ဓာတ်ကို အရင်းခံလျှက် ချစ်ခင်မှု ရင်နှီးမှု ဆွေးနွေး နှီးနှောတိုင်ပင်မှုတို့ဖြင့် အပြုသဘောဆောင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းကြလျှင် တိမ်လွှာတိမ်ပြင် သံသယငွေမှင်တို့ မြူမှုန်မရှိ ပကတိ ဖြူစင်တောက်ပလျှက် သာယာသည့်လမ်းကြောင်းသို့ မလွဲမသွေ ရောက်ရှိနေမည်မှာ အမှန်ပင်။
သို့သော် မိသားစုစိတ်ဓာတ်ကို အရင်းမခံ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင် အမုန်းတရား အာဃာတများ ဝင်နေလျှင် မည်သည့်အလုပ်ကို မည်သို့ပင် ကောင်းအောင်လုပ်လုပ် ကောင်းသည်ဆိုးသည် မသိ။ ပကတိ အမုန်းစူးကြီးကြောင့် အရာအားလုံးတို့ ပျက်သုဉ်းသည့် လမ်းကြောင်းပေါ်သို့ အနှေးနဲ့အမြန် မလွယ်မသွေ ရောက်ရှိသွားကြမှာ အမှန်ပင်ဖြစ်၏။

ယုံကြည်မှုရှိဖို့

ဤနေရာတွင် လမ်းကြောင်းလမ်းမှန်ပေါ်သို့ ရောက်ရှိရန် ယုံကြည်မှုလိုလာသည်။ သံသယများနှင့် နေရသောဘ၀သည် အလွန်ပင် ပူလောင်လှ၏။ မိမိ၏ မိဘပင် ဖြစ်လင့်ကစား ကိုယ့်အပေါ်မှာ မိဘက မယုံကြည်၊ သံသယစိတ်နှင့် ဆက်ဆံနေလျင် သားသမီးတို့ဘ၀သည် မအေးချမ်းနိုင်။ ယုံကြည်မှု ကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်နှင့် အလုပ်သမား စသော မည်သည့် အဖွဲ့အစည်းမဆို ဘယ်လုံဘယ်ပုံ လက်တွဲ နေနိုင်ကြမည်နည်း။ တဦးနှင့်တဦး ယုံကြည်ဖို့တော့ လိုမည်ထင်ပါ၏။

အတွင်းသိ အဆင်းသိ အချင်းသိ

တဦးတယောက်ကို ယုံဖို့ဆိုသည်မှာလဲ အကြောင်းသိ၊ အတွင်း၊ အဆင်းသိ၊ အရည်အချင်းသိမှ ယုံနိုင်မည်။ ယုံမိပြီ ဆိုပါက အရာရာတိုင်းသည် ကြည်လင်တောက်ပလာတော့၏။ ယုံကြည်မှုက စိတ်ချမ်းသာမှုအဖြစ်သို့ မရောက် ရောက်အောင် ပို့ဆောင်ပေးတော့၏။ ယုံကြည်မှု ရှိလာသည်နှင့်တပြိုင်နက် နေထိုင်ရသည့် လက်ရှိဘ၀အတွက် ပျော်ရွှင်လာတော့၏။ တစ်ဦးကို တစ်ဦး သဘောတူ ကြည်ဖြူ၊ နှစ်သက် လက်ခံလာတော့သည်။ တစ်ဘ၀နှင့်တစ်ဘ၀၊ တစ်ဦးနှင့်တစ်ဦး၊ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းဆက်ဆံဖို့ဆိုသည်မှာ ထက်သလောက် မခဲယဉ်းတော့။ ဤသည်မှာ ယုံကြည်မှုကို အခြေခံထားခြင်း ကြောင့် ဖြစ်၏။

အရည်အချင်း ရှိဖို့

တစ်ဦးနှင့်တစ်ဦး ယုံကြည်ဖို့ ဆိုသည်မှာ အရည်အချင်းရှိဖို့တော့ လိုမည်ထင်သည်။ အရည်အချင်း ဆိုသည်မှာလည်း လုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများကို ဆိုလိုပါသည်။
ဥပမာ - မိဘနှင့် သားသမီး။ မိဘကို သားသမီးက ယုံကြည်ဖို့အတွက် မိဘတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ မကောင်းတာတွေ လုပ်နေတာကို တိုက်တွန်းအားပေး၊ လမ်းကောင်းလမ်းမှန်ကို မညွှန်ပြ၊ ပညာသင်ချိန်မှာ ပညာသင်ပေးဖို့ ခွင့်မပြု၊ မတိုက်တွန်း၊ လမ်းမပြ၊ အရွယ်ရောက်လို့ သားသမီးအတွက် သင့်တင့်တဲ့ အိမ်ထောင်ရေးကို မဝေဖန် အကြံမပေး၊ မတိုက်တွန်းတတ်တဲ့ မိဘမျိုး။
သားသမီးများ အိမ်ထောင် ရက်သား ကျပြန်တော့ မိဘတို့ ဆောင်ရွက်ပေးရမယ့် ၀တ္တရားတွေ ပျက်ကွက်တတ်တဲ့ မိဘမျိုး၊ အဲဒီလို မိဘတွေကို ဘယ်သားသမီးတွေက ယုံကြည်ကြမည်နည်း။ သားသမီး မယုံကြည်သော မိဘတွေအတွက် ကြည်ကြည်လင်လင် ရက်ရက်ရောရော ကျွေးမွေး ပြုစု စောင့်ရှောက်မှုများ ရှိလာတော့မည် မဟုတ်ချေ။

တိုးတက်ပြန့်ပွား စည်ကားသာယာ

မိဘနှင့် သားသမီး၊ မယားနှင့်လင်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဘုန်ကြီးနှင့်ဒကာ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ အချင်းချင်း ကြည်ကြည်ဖြူဖြူ ချမ်းချမ်းသာသာဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံနိုင်ဖို့ ဆိုသည်မှာ ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားများ မပျက်မကွက် ပြုလုပ်ကြပြီး၊ ပွင့်လင်းမြင်သာစွာဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြပြီဆိုလျှင် မည်သည့်အစုဝင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည် တည်တန့် ခိုင်မြဲ၍ တိုးတက်ပြန့်ပွား စည်ကားသာယာနေမည်မှာ အမှန်ပင်ဖြစ်၏။

ဆက်ရန်


Saturday, March 13, 2010

အဖိုးပြောတဲ့စကား

လူချင်းတူပေမယ့်
နှလုံးသားချင်းမတူညီရင် ပေါင်းစပ်လို့မဖြစ်နိုင်ပါ၊

နှလုံးသားချင်းတူပေမယ့်
ခံစားချက်ချင်းမတူညီရင် ပေါင်းစပ်လို့မဖြစ်နိုင်ပါ၊

ခံစားချက်ချင်းတူပေမယ့်
အသိပညာချင်းမတူညီရင် ပေါင်းစပ်လို့မဖြစ်နိုင်ပါ၊

အသိပညာချင်းတူပေမယ့်
အတတ်ပညာချင်းမတူညီရင် ပေါင်းစပ်လို့မဖြစ်နိုင်ပါ၊

လူချင်း နှလုံးသားချင်း ခံစားချက်ချင်း အသိပညာချင်း အတတ်ပညာချင်းတွေ
တူညီအောင်ပေါင်းစပ်ဖို့ဆိုတာ
ဘီလူးကိုယောက်ဖခေါ်
မိချောင်းပါးစပ်ထဲ တရားဝင်ထိုင်တာထက်
ဆပ်ပေါင်းများစွာ ပို၍ခက်ခဲလှတာမို့
အားလုံးမတူနိုင်ကြပဲ
နီးစပ်ရာ နီးစပ်ရာတွေကိုသာ ပေါင်းစပ်ကာနေကြရလေတော့
ဆင်ပြေတစ်လည့် မပြေဆယ်ခါ ဖြစ်ရှာနေရော့ပေါ့ ချစ်သူ.....

မျက်လုံးရှိသူတိုင်း အရာရာမှာ မြင်တတ်ကြ
နှလုံးသားရှိသူဆိုင်း အရာရာမှာ ခံစားတတ်ကြ
ဦးနောက်ရှိသူတိုင်း အရာရာမှာ တွေးတောတတ်ကြ
ပညာရှိသူတိုင်း အရာရာမှာ ပိုင်းဖြတ်တတ်ကြ
လူ့ဘ၀ရသူတိုင်း လူလို သိတတ်ကြမယ်ဆိုရင်
မဏိစန္ဒာရဲ့ အထင်လွဲမှုအောက်မှာ မင်းကျန်းစစ်လည်း ရှင်သန်နေရမှာ မဟုတ်ဘူးပေါ့ ချစ်သူ...

( အဘိုးပြောတဲ့စာကား )

Friday, March 12, 2010

You must reap what you sow

Don’t regret for your misfortune
That hellishly burn your destiny,
Remember, you’re reaping what you sown in the past.

“Every action has a reaction”
Newton’s its law is quite relevant to Law of Karma.
For those wanna reap fruitfully need to sow righteously,
Don’t foolishly crave applause for your demeritorious actions
That contradicts law of nature.

If you’re truly a man,
If you have human nature,
You should have the common sense of Law of Karma
And you should realize the vicissitudes of life.

Remember, you must reap what you sow.

Ashin Agga
13/03/2010

Wednesday, March 10, 2010

ဝေးရာသို့

သိုးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ သိုးရေခြုံတဲ့
ဝံပုလွေ တစ်ကောင်လား၊
ကျီးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ ဒေါင်းယောင်ဆောင်သော
ကျီးတစ်ကောင်ဖြစ်နေသလား၊
ကျီးအာသီးတစ်လုံးကို
မြင်လိုက်တဲ့အခါ
တွေဝေမိတယ်
ငါဟာ အပြင်ပန်းလှပပြီး
အတွင်းပုပ်တဲ့လူတစ်ယောက်ဖြစ်နေသလား၊
ပေးကမ်းကြ လှုဒါန်းကြသော
လူတွေကိုမြင်လိုက်တဲ့အခါ
တွေဝေမိတယ်
ငါဟာ ရယူခြင်းတွေ
ပိုင်ဆိုင်ခြင်းတွေ
ရင်မှာဝေနေလျှက်
ကျေနပ်နေရတဲ့လူတစ်ယောက်ဖြစ်နေသလား၊
အဇာတသတ်ကိုတွေးမိလေတိုင်း
လိစ္ဆ၀ိမင်းတို့ကို
သွေးခွဲအနိုင်ယူခဲ့တဲ့
အမတ်ကြီးရဲ့လုပ်ရပ်ကို
ငါပြန်မြင်မိတယ်၊
ဒေ၀ဒတ်ကိုတွေးမိလိုက်တိုင်း
သံဃာကိုအသင်းခွဲတဲ့
သမိုင်းတွင်လုပ်ရပ်ကို
ငါပြေးမြင်လိုက်မိတယ်၊
ငါတို့ရဲ့ညီညွတ်ပေါင်းစု
ငါတို့တည်ထောင်
ငါတို့အားသစ်လောင်း
ဒီM.S.M.O
ငါတို့--ပြိုကွဲတာကိုမလိုချင်ဘူး
လောကဓံလှိုင်းရေ-----
သွားတော့---ကွယ်
ဝံပုလွေလိုဟန်ဆောင်မှု
ကျီးတစ်ကောင်လို
လှည့်ပတ်နေမှုတွေ
အမတ်တစ်ယောက်လို
ကိုယ့်ဘက်လူ သူ့ဘက်သားတွေ
ဒေ၀ဒတ်လို သွေးခွဲမှုတွေ
ကျီးအာသီးလို
အတွင်းပုပ်ပြီး
အပြင်ပန်းလှနေကြသူတွေ
သွားတော့ကွယ်
ငါတို့နဲ့ဝေးရာ
ဟို--------ဝေးရာကို

Tuesday, March 9, 2010

နှလုံးသားမျက်ရည်

            လောကနယ်မြေမှာ အချစ်စစ်ပွဲတွေခင်းဖို့ ကြံရွယ်ထားပေမယ့် တစ်ကယ်နွှဲရတာက အမုန်းတိုက်ပွဲကြီး တစ်ခုဖြစ်နေတာမို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ရလာဒ်က သေကြေပျက်စီးခြင်း ကြေကွဲဝမ်းနည်းခြင်းတွေနှင့်အတူ ဘ၀နယ်မြေမှာလည်း ခြောက်သွေ့စွာနဲ့ ကျန်ရစ်ခဲ့ရပြီးပေါ့ ချစ်သူ...........

            နှလုံးသားရွှေပလ္လင်ပေါ်မှာ အချစ်ရှင်ဘုရင်ကို တင်ထားပါသော်လည်း အထက်နတ်ပြည် အောက်အ၀ီစိတိုင်အောင်  မေတ္တာစည်တော်ကိုတည်းပြီး အချစ်မိဘုရားခေါင်ကြီးကို ရှာဖွေကာ မတွေ့ရှိခဲ့လေတော့ ဘ၀နန်းတော်ကြီး ခြောက်သွေ့ရရှာပြီးပေါ့ ချစ်သူ..........

           ချစ်သူရွှေငါးတို့ရဲ့ဘ၀မှာ အကြင်နာရေလေးနဲ့သာ ပျော်မြူးခွင့်ရှိတယ်လို့ဆိုချင်ပေမယ့် အပြောကျယ်တဲ့ သမုဒ္ဒရာပင်လယ်ကြီးကို တစ်ကယ်ပိုင်စိုးနေတာက မိချောင်းရှင်ဘုရင်ဖြစ်နေလေတော့ ချစ်သူရွှေငါးတွေလည်း ဘ၀ပင်လယ်ထဲမှာ ပတ်ပြေးနေကြရရှာပြီးပေါ့ ချစ်သူ............

           တောတောင်တစ်ခွင်မှာ ငှက်ငယ်တို့ရဲ့ပျော်ရွှင်ရာဆိုပြီး တစ်ပင်မှတစ်ပင်ဆီသို့ လွယ်ကူစွာ ကူးစက်နိုင်တဲ့ ငှက်ငယ်တို့ရဲ့ဘ၀လေးကိုကြည့်ပြီး ငါလေအားကျခဲ့မိပေမယ့် တစ်ကယ်တမ်းကျတော့ ငှက်ငယ်တို့ရဲ့အရှင် သိန်းငှက်ဘုရင်ဖြစ်နေလေတော့ ငှက်ငယ်တို့ခဗျာလည်း ဘ၀ရဲ့အန္တရာယ်တွေအတွက် ကိုယ်စီကိုယ်စီ ရှောင်တိမ်းနေကြရပြီပေါ့ ချစ်သူ...........

            အချစ်တိုက်ပွဲ အတွက် ဒို့တစ်တွေ အားသစ်တွေလောင်းဖို့ ကြိုးစားနေချိန်မှာ မင်းဟာ အမုန်းတိုက်ပွဲကို ဖန်ဆင်းလိုက်လို့ မမျှော်လင့်ဘဲ ဒို့ဘ၀တွေ ခြောက်သွေ့ခဲ့ရပြီပေါ့ ချစ်သူ........
            နှလုံးသားပလ္လင်မှာ အချစ်ဘုရင်အတွက် မေတ္တာစည်တီးပြီး အချစ်မိဖုရားကို ဒို့တစ်တွေ ရှာပုံတော်ဖွင့်နေတဲ့ အချိန်မှာ အချစ်ဘုရင်ကို ထီးနန်းချခဲ့တဲ့ မင်းအတွက်ကြောင့် ဒို့ဘ၀မှာ ထီးနန်းပြောက်ခဲ့ ရပြီပေါ့ ချစ်သူ...........
            အချစ်ရွှေငါးလေးတွေအတွက် အကြင်နာရေပေးဖို့ ဒို့တွေကြိုးစားနေချိန်မှာ မင်းဟာ ပင်လယ်အရှင် မိချောင်း ရှင်ဘုရင် ဖြစ်နေတော့ ရွှေငါးလေးတွေ အကြင်နာရေ နဲ့အလှမ်းဝေးခဲ့ရပြီပေါ့ ချစ်သူ........
           တောတောင်တစ်ခွင်မှာ ငှက်ငယ်လေးတွေ တစ်ပင်ကနေတစ်ပင် ပျော်ရွှင်စွာ ကူးစက်နိုင်အောင် ဒို့တစ်တွေ သစ်ပင်လေးတွေ စိုက်ပျိုးဖို့ ကြိုးစားနေစဉ်မှာ မင်းဟာ ငှက်ငယ်တို့ရဲ့ အရှင် သိန်းငှက်ဘုရင် ဖြစ်နေတော့ ငှက်ငယ်လေးတွေ နားခိုရာနဲ့ အလှမ်းဝေးခဲ့ရပြီပေါ့ ချစ်သူ........
            (((အသိမကြွယ်သေးတဲ့ ဦးကရင်ရဲ့ နှလုံးသားမျက်ရည် စာသားလေးတွေကို ကြည့်ရှုခံစားမိသူတိုင်း အမုန်းမဖက် အပြုံးမပျက်ဘဲ ခွင့်လွှတ်ခံစား နားလည်ပေးနိုင်ကြပါစေကြောင်း.......ဆန္ဒပြုလိုက်ပါတယ်...)))

ဝဲမိသူများ


လမ်းတွေ
ဘယ်တုန်းကမှ မဖြောင့်တန်းဘူး
ရှေ့ကချီနှင့်သူတွေရဲ့ ကြွေးကြော်သံတွေအစား
တောက်ခေါက်သံတွေပဲ ပဲ့တင်ထပ်ခဲ့၊

အဲဒီလို မကျေနပ်တိုင်းသာ ဆူးတစ်ချောင်းရိုက်စတမ်းဆိုယင်
ကမ္ဘာမှာ ဆူးငြောင့်တွေ ဘယ်ကျန်တော့မှာလဲ
ကြေကွဲသူတွေက အလွမ်းတေးကိုဆိုတယ်
လွမ်းတတ်သူတွေက ကဗျာဖွဲ့တယ်၊

နာကြဉ်းသူတွေက ပေါက်ကွဲတယ်
ပေါက်ကွဲသူတွေက ငြင်းခုံတယ်
သဘာဝဟာ သဘာဝအတိုင်းဖြစ်တယ်
ဘယ်ဖန်ဆင်းရှင်ကများ တားဆီးနိုင်မှာလဲ၊

ညီးညွတ်မှု့တို့ကြီးစိုး၍
သဘာဝကို အမှန်တရားအဖြစ် လက္ခံတတ်တဲ့အခါ
(လမ်းလွဲခြင်း) ၀ဲဂယက်အတွင်းက လွတ်မြောက်၍
အသီးအပွင့်တို့ ဝေဆာပါလိမ့်မည်။ ။

Sunday, March 7, 2010

ပညာတော်သင်စရိတ်ဆက်ကပ်လှူဒါန်း


ဝေါနစ်တင်းစက်ရုံမိသားစုမှအလှူတော်ငွေ(၃၆၁၃)ဘတ် မောင်စောထူး+မချောချောဇံမှအလှူတော်ငွေ(၅၀၀)ဘတ် တို့ကို(m s m o)သို့လှူဒါန်းရာဆရာတော်ဦးအာစိဏ္ဏ နှင်ဦးနန္ဒောဘာသတို့မှလက်ခံပြီး ဘဏ္ဍားရေးဆရာတော်ဦးသုန္ဒရသို့ပေးပို့သည်ဟုသတင်းရရှိသည်

Friday, March 5, 2010

အစည်းအဝေး ပင့်လျှောက်လွှာ

၂၅-၂-၂၀၁၀၊ နေ့ ၊ ဝပ်တလုမ်ကျောင်းတွင် ပြုလုပ်ကျင်းပသော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ၊



၆-၃-၂၀၁၀၊ စနေနေ့ နေ့လည် ၀၁း ၀၀ အချိန်တွင်၊ ဝပ်တလုမ်ကျောင်းတိုက်၌ နောက်ထပ် အစည်းအဝေးတစ်ရပ် ပြုလုပ်ကျင်းပမည် ဖြစ်ပါသောကြောင့်၊ မြန်မာကျောင်းသားရဟန်းတော်များ အားလုံး ကြွရောက်တော်မူုနိုင်ကြစေရန်၊ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။



အစည်းအဝေးပြုလုပ်မည့်နေ့= ၆-၃-၂၀၁၀၊ စနေနေ့

ကျင်းပမည့် အချိန်= နေ့လည် ၀၁း ၀၀

ကျင်းပမည့်နေရာ= ဝပ်တလုမ်ကျောင်း။



Tuesday, March 2, 2010

တရားပွဲ ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် ဆွေးနွေး ဆုံးဖြတ်ချက်များ

၁-၃-၂၀၁၀ နေ့ မွန်းလွဲ ၁-နာရီ အချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMO) တရားပွဲ ဖြစ်မြောက်ရေးကော်မတီ (၁၃)ပါးတွင် ၁၂-ပါးဖြင့် ပထမအကြိမ် ညှိနှိုင်း ဆွေးနွေးတိုင်ပင်၍ အောက်ပါ ဆုံးဖြတ်ချက် အချို့ကို ချမှတ်ခဲ့ကြပါသည်။

ယင်းတို့မှာ -

အရှင်ကောဝိဒ (MA,Thesis+ဦးဆောင်သူ)။

ပြန်ကြားရေးတာဝန်ခံ ၄-ပါး

၁။ အရှင်ပညာဇောတ၊
၂။ အရှင်တေဇနိယ၊
၃။ အရှင်အဂ္ဂါစာရ၊
၎။ အရှင်ဣန္ဒောဘာသ။

ဘဏ္ဍာငွေထိန်းသိမ်းရေး တာဝန်ခံ ၃-ပါး

၁။ အရှင်ကုဝေရ၊
၂။ အရှင်ပညာဇောတ၊
၃။ အရှင်နန္ဒိယ။
(ယင်း တာဝန်ခံ ၃-ပါးသည် အရပ်ရပ်မှ ရရှိလာသော ဘဏ္ဍာငွေများကို အညီအမျှ ထိန်းသိမ်း တာဝန်ယူကြရမည်ဖြစ်ပါသည်။)

စာရင်းစစ် တာဝန်ခံ ၄-ပါး

၁။ အရှင်ဓမ္မပါလ၊
၂။ အရှင်သြဘာသ၊
၃။ အရှင်အာစာရ၊
၎။ ဦးဝါယမိန္ဒ။
(ယင်း တာဝန်ခံ ၄-ပါးသည် အရပ်ရပ်မှ ရရှိလာသော ဘဏ္ဍာငွေများ၏ စာရင်းများနှင့် သုံးစွဲငွေစာရင်းများကို အချိန်မရွေး စစ်ဆေးကြရမည် ဖြစ်ပါသည်။)

တရားပွဲဖြစ်မြောက်ရေး အစည်းဝေးပွဲသို့ အပင်ပန်းခံ ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်တို့၏ လမ်းစရိတ်ကို ဘဏ္ဍာငွေများမှ တိတိကျကျ သုံးစွဲခွင့်ပြုရန်။

မှတ်ချက်။ ။ ယခုလောလောဆယ်တွင် ကုန်ကျစရိတ်အသီးသီးကို ကျောင်းသားအဖွဲ့၏ အထွေထွေ အသုံးစာရိတ်မှ ရယူ သုံးစွဲ၍၊ နောင်တွင် တရားပွဲများမှ ဘဏ္ဍာငွေများရရှိလာခဲ့သော် ယင်းငွေဖြင့် ပြန်လည် ပေးဆောင်၍ အစားထိုး သုံးစွဲရန်။

၇၊ ၃၊ ၂၀၁၀ - နေ့တွင် ထိုင်းယူနီယမ် သို့ အောက်ပါသံဃာတော် ၅-ပါး ကြွရောက်၍၊ တရားပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အချို့ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန်။

၁။ အရှင်ကောဝိဒ၊
၂။ အရှင်ပညာဇောတ၊
၃။ အရှင်ဣန္ဒောဘာသ၊
၎။ အရှင်တေဇဓမ္မ၊
၅။ အရှင်အဂ္ဂါစာရ။

တရားပွဲ လက်ကမ်းကြော်ငြာအတွက်

A4 ဆိုဒ် wide ဖြင့် ကော်လံ ၆-ခုခွဲကာ စာမျက်နှာ ၆-မျက်နှာပါ အောက်ပါအကြောင်းအရာများဖြင့် ရေးသား ပြုလုပ်ရန်။

၁။ ဆရာတော်၏ ဓာတ်ပုံ နှင့် ဘွဲ့တံဆိပ်တော်များ၊
၂။ ဆရာတော်၏ အတ္ထုပ္ပတ္တိ၊
၃။ တရားပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသားရုံး တည်နေရာ။
၎။ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ရည်ရွယ်ချက်များ၊
၅။ ဆရာတော်၏ သြ၀ါဒတရားစကားများ၊
၆။ တရားပွဲကျင်းပမည့်နေရာများ။

တရားပွဲအတွက် ဆရာတော်၏ဓာတ်ပုံ၊ ကျောင်းသားအဖွဲ့သြ၀ါဒါစရိယနာမည်နှင့်တကွ၊ ဆရာတော်၏ ဘွဲ့တံဆိပ်တော်များကို ရေးသား၍ စုစုပေါင်း ဗှီနိုင်း ၉-ခု ပြုလုပ်ရန်။

တရားပွဲတည်နေရာ နှင့် ယာယီ ရက်စွဲများ

၂၇-၃-၂၀၁၀ နေ့ နေ့လည်နှင့် ညတရားပွဲများအတွက်
ပါ့နာမ်းနှင့်အုန်းနွဲ့

၂၈-၃-၂၀၁၀ နေ့ နေ့လည်တရားပွဲ
ထေရ၀ါဒဗုဒ္ဓဘာသာယာယီစံကျောင်း
ငါးသေတ္တာစက်ရုံးအနီး၊ ဘန်ဘောမ်။

၂၈-၃-၂၀၁၀ နေ့ ညတရားပွဲ
ထိုင်းယူနီယမ်စက်ရုံ။

မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းတည်နေရာ

အထပ်လေးထပ်၊ ဖလမ်ဆောင် ၆၅-လမ်း၊ ကက်စီခွန်ဘဏ်ဌာနအနီး၊
Carre Four ကုန်တိုက်အလွန် မှတ်တိုင်။

မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းလမ်းညွှန်

၆၈၊ ၇၆၊ ၁၀၅၊ ၁၄၀၊ ၁၄၁၊ ၁၄၇၊ ၁၆၉၊
ဝပ်တလုံးကျောင်းတိုက် ဖီကစင့် ၃၉-လမ်းမှ ၁၄၇ -ကားစီးလျှင်
ခန့်မှန်းခြေ မိနစ် ၃၀-အတွင်း ကျောင်းသားရုံးခန်းသို့ ရောက်နိုင်ပါသည်။

၁-၃-၂၀၁၀ နေ့ မွန်းလွဲ ၁-နာရီ အချိန်တွင်ကျင်းပခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMO) တရားပွဲ ဖြစ်မြောက်ရေးကော်မတီ၏ ညှိနှိုင်း ဆွေးနွေပွဲသည် ညနေ ၅-နာရီ ၁၅-မိနစ်တွင် အောင်မြင်စွာပြီးဆုံးသွားပါကြောင်း။

(သိလိုသည့် အကြောင်းအရာများကို တရားပွဲ ဖြစ်မြောက်ရေးကော်မတီသို့ အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါသည်။)

တင်ပြသူ

တရားပွဲဖြစ်မြောက်ရေးကော်မတီ၊ ပြန်ကြားရေးအဖွဲ့
Myanmar Student Monks Organization in Thailand. Powered by Blogger.