Sunday, March 14, 2010

သံသယကင်းသည့် နှလုံးသား (၁)

ကဗျာတစ်ပုဒ် ဦးနှောက်ရှုပ်
ချစ်တဲ့ သူမှာ၊ အပြစ်ရှာ၊ ဘယ်ခါ အပြစ်တွေ့မှာလဲ။
မုန်းတဲ့သူမှာ၊ အချစ်ရှာ၊ ဘယ်ခါ အချစ်တွေ့မှာလဲ -ဆိုသည့် ကဗျာတပုဒ်က ဦးနှောက်ကို အလုပ်ရှုပ်စေခဲ့သည်။
ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း၊ ယင်း အချက်နှစ်ချက်၏ မူရင်းပဓာနကို သေချာကျန ဝေခွဲမရခဲ့။

ချစ်ခြင်း၏ အခြားတဖက်မှာ
ချစ်ခင်ခြင်း၏ အခြားတဖက်တွင် ဆွေမျိုးသားချင်းဖြစ်နိုင်ရေး၊ ငယ်ပေါင်း ကြီးဖော်ဖြစ်နိုင်ရေး၊ နိုင်ငံတူရေး၊ လူမျိုးတူရေး၊ ဘာသာတူရေး စသည်တို့ကို အခြေခံလျက် သံယောဇဉ် ထားရှိနိုင်ခြင်း၊ အတူတကွ နေထိုင်နိုင်ခြင်း၊ သူ့အကျိုး ကိုယ့်အကျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း၊ အနစ်နာခံနိုင်ခြင်းတို့က တပါတည်း တသားတည်း ကပ်လိုက်လာခဲ့ကြ၏။

လွယ်ကူသည့် ကိစ္စမဟုတ်
တစ်ယောက်နှင့်တစ်ယောက် သင့်သင့်မြတ်မြတ် အတူနေထိုင်နိုင်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စမဟုတ်။ တခါတရံ မိဘသည်သော်မှ မွေးထားသည့် သားသမီးအပေါ် စိတ်တိုင်းမကျသည့် အချက်ပေါင်းများစွာရှိ၏။ မိဘတို့ဖြစ်စေချင်သည်က တမျိုး၊ သားသမီးတို့ ဖြစ်ချင်သည့်ဆန္ဒက တဖုံ၊ အတူစုံညီ မဖြစ်နိုင်သည်က များလှချေ၏။
ဒါကလည်း အမှန်တကယ်တော့ ထူးဆန်းလှသည်မဟုတ်။ သူ့ဝါသနာနှင့် သူ့စရိုက် ကိုက်ညီမှ အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်မှာ ဖြစ်၏။

မိသားစုစိတ်ဓာတ်

မိဘနှင့်သားသမီး၊ ညီအကို မောင်နှမတို့သည် နေ့စဉ် နေ့စဉ် တွေ့မြင်ဆက်ဆံနေကြရ၏။ တခါတရံ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှုများနှင့် ကြုံခွင့် ဆုံခွင့် ရကြသလို၊ တခါတရံ မိသားစု ပြဿနာများနှင့် ကြုံရသည့်အခါ ကျိတ်မနိုင်ခဲမရ ကြိမ်မီးအုံးကြွသည့် အကြိမ်ပေါင်းလည်း ရေတွက်နိုင်မည်မဟုတ်။ အဓိကအားဖြင့် မိသားစု စိတ်ဓာတ်နှင့် မိသားစုပြဿနာဟု နားလည်သဘောပေါက်လျက် ဖြေရှင်းနိုင်ကြဖို့သာ အရေးကြီးပါ၏။ မိသားစု စိတ်ဓာတ်ကို အရင်းခံထားပါက အရာအားလုံးတို့ ပြေလည်သွားကြမည်မှာ အမှန်ဖြစ်၏။
မိဘတူကြလင့်ကစား ညီအကိုမောင်နှမ များစွာတို့မှာ စိတ်ဓာတ်နှင့်လုပ်ရပ်တွေ မတူညီကြ။ သို့သော် မိသားစုဝင် ညီအကိုမောင်နှမ သံယောဇဉ်ကို အခြေခံတည်ဆောက်ထားခြင်းကြောင့် အချိန်တန်တော့ ပြေလည်သွားကြ သည်ပင်။

ချစ်ခြင်းနှင့် မုန်းခြင်း

ချစ်ခြင်း မုန်းခြင်းတို့သည် သံယောဇဉ်နှင့် များစွာနှီးနွယ်နေ၏။ သံယောဇဉ်ကြောင့် အရာအားလုံးတို့ လင်းလက် တောက်ပနေကြသလို အရာအားလုံးတို့လည်း တိမ်ဖုံးသွားကြပြန်၏။ ယင်းကို အထက်ကို တွန်းပေးတတ်တဲ့ (ဥဒ္ဓံဘာဂိယ)သံယောဇဉ်နှင့် အောက်ကို ဆွဲခေါ်တတ်တဲ့ (အဓောဘာဂိယ) သံယောဇဉ်ဟု နှစ်မျိုးနှစ်စား ခွဲခြား၍ နာမည် ပေးလို့ ရနိုင်မည် ထင်ပါ၏။

သတိထားဖို့လို

တခါတလေ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းရှိ နွှယ်နေတဲ့ သံယောဇဉ်တွေက ကွေးနေသည့် လမ်းကြောင်း၊ စောင်းနေသည့်လမ်းကြောင်းတွေကို လမ်းမှန်ပေါ်သို့ မရောက် ရောက်အောင် တွန်းပို့ပေးတတ်သလို၊ တခါတလေ ဖြောင့်နေသည့် လမ်းကြောင်းကိုလည်း မိမိပတ်ဝန်းကျင်က ကွေးသွား စောင်းသွားအောင် လုပ်တတ်ကြသေး၏။ သတိထားဖို့တော့ လိုမည်ထင်ပါ၏။

သာယာသည့်လမ်းကြောင်းနှင့် ပျက်သုဉ်းသည့်လမ်းကြောင်း

ပြောချင်သည့်စကားကို ပြန်ကောက်ရလျှင် မိသားစု စိတ်ဓာတ်ကို အရင်းခံလျှက် ချစ်ခင်မှု ရင်နှီးမှု ဆွေးနွေး နှီးနှောတိုင်ပင်မှုတို့ဖြင့် အပြုသဘောဆောင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းကြလျှင် တိမ်လွှာတိမ်ပြင် သံသယငွေမှင်တို့ မြူမှုန်မရှိ ပကတိ ဖြူစင်တောက်ပလျှက် သာယာသည့်လမ်းကြောင်းသို့ မလွဲမသွေ ရောက်ရှိနေမည်မှာ အမှန်ပင်။
သို့သော် မိသားစုစိတ်ဓာတ်ကို အရင်းမခံ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင် အမုန်းတရား အာဃာတများ ဝင်နေလျှင် မည်သည့်အလုပ်ကို မည်သို့ပင် ကောင်းအောင်လုပ်လုပ် ကောင်းသည်ဆိုးသည် မသိ။ ပကတိ အမုန်းစူးကြီးကြောင့် အရာအားလုံးတို့ ပျက်သုဉ်းသည့် လမ်းကြောင်းပေါ်သို့ အနှေးနဲ့အမြန် မလွယ်မသွေ ရောက်ရှိသွားကြမှာ အမှန်ပင်ဖြစ်၏။

ယုံကြည်မှုရှိဖို့

ဤနေရာတွင် လမ်းကြောင်းလမ်းမှန်ပေါ်သို့ ရောက်ရှိရန် ယုံကြည်မှုလိုလာသည်။ သံသယများနှင့် နေရသောဘ၀သည် အလွန်ပင် ပူလောင်လှ၏။ မိမိ၏ မိဘပင် ဖြစ်လင့်ကစား ကိုယ့်အပေါ်မှာ မိဘက မယုံကြည်၊ သံသယစိတ်နှင့် ဆက်ဆံနေလျင် သားသမီးတို့ဘ၀သည် မအေးချမ်းနိုင်။ ယုံကြည်မှု ကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်နှင့် အလုပ်သမား စသော မည်သည့် အဖွဲ့အစည်းမဆို ဘယ်လုံဘယ်ပုံ လက်တွဲ နေနိုင်ကြမည်နည်း။ တဦးနှင့်တဦး ယုံကြည်ဖို့တော့ လိုမည်ထင်ပါ၏။

အတွင်းသိ အဆင်းသိ အချင်းသိ

တဦးတယောက်ကို ယုံဖို့ဆိုသည်မှာလဲ အကြောင်းသိ၊ အတွင်း၊ အဆင်းသိ၊ အရည်အချင်းသိမှ ယုံနိုင်မည်။ ယုံမိပြီ ဆိုပါက အရာရာတိုင်းသည် ကြည်လင်တောက်ပလာတော့၏။ ယုံကြည်မှုက စိတ်ချမ်းသာမှုအဖြစ်သို့ မရောက် ရောက်အောင် ပို့ဆောင်ပေးတော့၏။ ယုံကြည်မှု ရှိလာသည်နှင့်တပြိုင်နက် နေထိုင်ရသည့် လက်ရှိဘ၀အတွက် ပျော်ရွှင်လာတော့၏။ တစ်ဦးကို တစ်ဦး သဘောတူ ကြည်ဖြူ၊ နှစ်သက် လက်ခံလာတော့သည်။ တစ်ဘ၀နှင့်တစ်ဘ၀၊ တစ်ဦးနှင့်တစ်ဦး၊ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းဆက်ဆံဖို့ဆိုသည်မှာ ထက်သလောက် မခဲယဉ်းတော့။ ဤသည်မှာ ယုံကြည်မှုကို အခြေခံထားခြင်း ကြောင့် ဖြစ်၏။

အရည်အချင်း ရှိဖို့

တစ်ဦးနှင့်တစ်ဦး ယုံကြည်ဖို့ ဆိုသည်မှာ အရည်အချင်းရှိဖို့တော့ လိုမည်ထင်သည်။ အရည်အချင်း ဆိုသည်မှာလည်း လုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများကို ဆိုလိုပါသည်။
ဥပမာ - မိဘနှင့် သားသမီး။ မိဘကို သားသမီးက ယုံကြည်ဖို့အတွက် မိဘတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ မကောင်းတာတွေ လုပ်နေတာကို တိုက်တွန်းအားပေး၊ လမ်းကောင်းလမ်းမှန်ကို မညွှန်ပြ၊ ပညာသင်ချိန်မှာ ပညာသင်ပေးဖို့ ခွင့်မပြု၊ မတိုက်တွန်း၊ လမ်းမပြ၊ အရွယ်ရောက်လို့ သားသမီးအတွက် သင့်တင့်တဲ့ အိမ်ထောင်ရေးကို မဝေဖန် အကြံမပေး၊ မတိုက်တွန်းတတ်တဲ့ မိဘမျိုး။
သားသမီးများ အိမ်ထောင် ရက်သား ကျပြန်တော့ မိဘတို့ ဆောင်ရွက်ပေးရမယ့် ၀တ္တရားတွေ ပျက်ကွက်တတ်တဲ့ မိဘမျိုး၊ အဲဒီလို မိဘတွေကို ဘယ်သားသမီးတွေက ယုံကြည်ကြမည်နည်း။ သားသမီး မယုံကြည်သော မိဘတွေအတွက် ကြည်ကြည်လင်လင် ရက်ရက်ရောရော ကျွေးမွေး ပြုစု စောင့်ရှောက်မှုများ ရှိလာတော့မည် မဟုတ်ချေ။

တိုးတက်ပြန့်ပွား စည်ကားသာယာ

မိဘနှင့် သားသမီး၊ မယားနှင့်လင်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဘုန်ကြီးနှင့်ဒကာ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ အချင်းချင်း ကြည်ကြည်ဖြူဖြူ ချမ်းချမ်းသာသာဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံနိုင်ဖို့ ဆိုသည်မှာ ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားများ မပျက်မကွက် ပြုလုပ်ကြပြီး၊ ပွင့်လင်းမြင်သာစွာဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြပြီဆိုလျှင် မည်သည့်အစုဝင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည် တည်တန့် ခိုင်မြဲ၍ တိုးတက်ပြန့်ပွား စည်ကားသာယာနေမည်မှာ အမှန်ပင်ဖြစ်၏။

ဆက်ရန်


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.