Monday, April 5, 2010

လူသားနှင့် အသိပညာငတ်မွတ်စိတ်

ကမ္ဘာဦးက စပြီး ကနေ့အချိန်ထိ လူသားဟာ ဘာကြောင့် ခေတ်ကာလတလျောက် မပျက်မစီးဘဲ ရပ်တည်နေသလဲဆိုတာ စဉ်းစားမိတိုင်း လူသားရဲ့ အသိပညာငတ်မွတ်စိတ်ကိုပါ တဆက်တည်း တွေးမိတတ်ပါတယ်၊ ဟုတ်ပါတယ်၊ လူသားဟာ လူသားမျိုးနွယ် အဆက်မပြတ်ဖို့၊ လူသား မျိုးမတုံးဖို့ လွယ်လွယ်ကျိုးပမ်းခဲ့ရတာ မဟုတ်ပါဘူး၊ သမိုင်းကို ပြန်ကြည့်ယင် လူသားဟာ မိမိထက် ခွန်အား သို့မဟုတ် ကိုယ်ခန္ဓာကြီးမားတဲ့ သားရိုင်းသတ္တ၀ါတွေနဲ့ အပြိုင် ရှင်သန်ခဲ့ရတာကလား၊ လူသားရဲ့ နေ့စဉ်ဘ၀မှာ အန္တရာယ်ပေါင်းစုံနဲ့ ကြီးပြင်းခဲ့ရတာကလား၊ သက်ရှိသတ္တ၀ါတွေရဲ့ အဲဒီ ဒုက္ခဆင်းရဲအတွေအပြင် မမြင်ရတဲ့ သဘာဝ ဘေးဆိုးတွေနဲ့ တခရီးတည်း တလှေတည်း သွားနေရတာကလား၊ လူသားသာ အသိပညာကို ငတ်မွတ်စိတ်မရှိခဲ့ရင် ဒီကနေ့အချိန်မှာ လူသားဆိုတာ မျိုးတုံးသွားပြီဖြစ်တဲ့ ဒိုင်နိုဆော သတ္တ၀ါကြီးတွေလို အပိုင်းအစလေးတွေပဲ ကျန်တော့မှာဖြစ်ပြီး အဲဒါတွေကိုကြည့်ပြီး လူသားဟာ အသက်ရှင်နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းလောက်သာ နှောင်းခေတ်သတ္တ၀ါတွေ သိကြတော့မှာဖြစ်ပါတယ်၊

အသိပညာဟာ လူသားရဲ့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်တဲ့ လက်နက်ကြီးဖြစ်သလို သာမာန်စက္ခုပသာဒ အကြည်ဓာတ်နဲ့ မမြင်နိုင်တဲ့ ခွန်အားဖြစ်ပါတယ်၊ အဲဒီလက်နက်နဲ့ မိမိထက် အဆမတန် ကိုယ်ခန္ဓာကြီးမားတဲ့ သားရိုင်းသတ္တ၀ါတွေရဲ့ အန္တရာယ်က ကာကွယ်ခဲ့သလို အဲဒီ ခွန်အားတွေနဲ့ပဲ ဒီကနေ့အချိန်ထိ လူသားဟာ ဟန်မပျက် ဆက်လျောက်နေနိုင်ခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့ခေတ်မှာတော့ အပေါ်ယံအာရုံတွေရဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်ယင်း လူသားဟာ ပညာကို မျက်ကွယ်ပြုချင်နေပါပြီ၊ ဒါဟာ လူသားအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး၊ ရေရှည်မှာ လူသားဟာ ပညာကို မျက်ကွယ်ပြုခြင်းရဲ့ မကောင်းကျိုးတွေကို ခံစားရမှာ မလွဲပါပဲ၊ ပညာမယှဉ်တဲ့အလုပ် ပညာမပါတဲ့ ပြကွက်တွေဟာ လူသားအတွက် အန္တရာယ်တွေပါပဲ၊ ပညာဆိုပြီး တလွဲဆံပင်ကောက်နေသူလည်း လောကမှာ အများအပြားပါပဲ၊

ပညာဆိုတာကို အသက်မွေးဝမ်းမှု့ပညာနဲ့ စိတ်ဖွံ့ဖြိုးမှု့ပညာရယ်လို့ နှစ်မျိုးခွဲခြားရမယ်ထင်ပါတယ်၊ ခေတ်ကာလတွေ ပြောင်းလဲရွေ့လျားလာတာနဲ့အမျှ အသက်မွေးဝမ်းမှု့ပညာတွေ အမျိုးမျိုးအဖုံဖုံတိုးတက် ပြောင်းလဲလာပေမဲ့ လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့ကတော့ စိုးရိမ်ရေအမှတ်အောက်ကိုတောင် ရောက်နေခဲ့ပါတယ်၊

လူသားရဲ့ဖန်တီးမှု့ကြောင့် အခုခေတ်ကာလမှာ ရှေ့တန်းရောက်နေတဲ့ အိုင်တီနည်းပညာနဲ့ သိပ္ပံပညာဟာလည်း လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့နဲ့ စာရိတ္တတိုးတက်မှု့ကို တစက်ကလေးမျှ အထောက်အကူ မပြုပါဘူး၊ တကယ်ဆိုယင် သိပ္ပံပညာရဲ့တိုးတက်လာမှု့ကြောင့် ကမ္ဘာကြီးဟာ ပိုပူနွေးလာပြီး ရေခဲတောင်ကြီးတွေပြိုလာတယ်၊ သဘာဝဘေးအန္တရာယ်တွေ ပိုထူပြောလာတယ်၊ ပေါက်ကွဲအားပြင်းတဲ့ လူသတ်လက်နက်တွေ အမျိုးမျိုးပေါ်လာတယ်၊ တကယ်တော့ ကျနော်ဟာ သိပ္ပံကိုဆန့်ကျင်သူတစ်ယောက်တော့ မဟုတ်ပါဘူး၊ သိပ္ပံပညာက လူသားအတွက် ကြီးမားတဲ့အထောက်အကူတွေ ပေးနိုင်ခဲ့တာဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့နဲ့ စာရိတ္တတိုးတက်မှု့ကိုတော့ သိပ္ပံပညာဟာ ဘာအကူအညီမှ မပေးနိုင်ခဲ့ပါဘူး၊

ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၆၂၃ ခုနှစ်က မဇ္ဈိမဒေသမှာ ထူးခြားတဲ့ လူသားတစ်ယောက် ဖွားမြင်ခဲ့ပါတယ်၊ သူဟာ လူသား မိဘနှစ်ဦးက မွေးဖွားလာတာဖြစ်ပြီး လူတွေရဲ့ စိတ်ဖွိံ့ဖြိုးမှု့နဲ့ စာရိတ္တကောင်းမွန်မှု့ကို အလေးထားတဲ့ ဘာသာတရားတစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်၊ သူဟာ ဗုဒ္ဓဂေါတမဖြစ်ပြီး တည်ထောင်ခဲ့တဲ့ ဘာသာတရားကတော့ ဗုဒ္ဓဘာသာပဲဖြစ်ပါတယ်၊ ဗုဒ္ဓရဲ့ဟောပြောချက်များဟာ ခေတ်အဆက်ဆက်ပညာရှင်တွေရဲ့ ချီးမွမ်းမှု့ နှစ်လိုမှု့တွေရရှိခဲ့ပြီး နှစ်ပေါင်း ၂၅၅၃-ခုထိတိုင်အောင် လျောက်လှမ်းခဲ့တဲ့ သမိုင်းတလျောက်မှာလည်း ဗုဒ္ဓဘာသာအမည်နဲ့ သွေးမြေတစ်စက်ကျမှု့ မရှိခဲ့သလို ဗုဒ္ဓရဲ့တရားတော်တွေ ပျံ့ပွားအောင် လုပ်ဆောင်ကြတဲ့နေရာမှာလည်း မသမာတဲ့နည်းတွေနဲ့ သာသနာပြုခြင်း မရှိခဲ့ပါဘူး၊

ဗုဒ္ဓရဲ့ အဆုံးအမတရားတော်တွေကြောင့် လူသားနဲ့ လူသားကမ္ဘာဟာ ပိုပြီးလူသားဆန်လာပြီး ငြိမ်းချမ်းမှု့ကို တည်ဆောက်လာနိုင်ခဲ့ပါတယ်၊ ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်ကြံမိလို့ ဒုက္ခပင်လယ်ဝေခဲ့သူ ဘ၀နာပြီး ဆုံးရှုံးခဲ့သူ ဆိုတာ သမိုင်းမှာ မရှိပါဘူး၊ ဗုဒ္ဓတရားတော်ကြောင့် ဆင်းရဲဒုက္ခက လွတ်မြောက်သွားသူ ကိုယ် စိတ် အေးချမ်းမှု့ကို ရသွားသူတွေပဲ ရှိပါတယ်၊ ဒါ့အပြင် လူတိုင်းနားလည်သဘောပေါက်သင့်တဲ့ သစ္စာလေးပါး တရားဟာလည်း ကမ္ဘာ့ဘာသာကြီးအားလုံးထဲမှာ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်၊

ပြီး… ဗုဒ္ဓဟာ ရုပ်ဝတ္ထုတိုးတက်မှု့ထက် အတွင်းအဇ္ဈတ္တ စိတ်ဖွိံ့ဖြိုးတိုးတက်မှု့ကို ဦးစားပေးပါတယ်၊ စိတ်ဓာတ် ဖွိံ့ဖြိုးရင့်ကျက်တာနဲ့ လူသားဟာ ပူလောင်မှု့တွေကင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်နိုင်တော့တာပါပဲ၊ လူသားမှာ အရေးအကြီးဆုံးဟာ “စိတ်” ဆိုတာ ဗုဒ္ဓရှာဖွေတွေ့ရှိခဲ့ပါတယ်၊ စိတ်ကို ထိန်းချုပ်နိုင်သူ စိတ်ကို အောင်နိုင်သူဟာ အရာအားလုံးကို အောင်နိုင်သူပါပဲ၊ ငွေမချမ်းသာပေမဲ့ လူချမ်းသာသူတွေကို အများအပြား တွေ့ဖူးကြမှာပါ၊ သူတို့တွေဟာ စိတ်ကို ကောင်းကောင်းချုပ်တည်းနိုင်သူတွေပေါ့၊ ဗုဒ္ဓဟာ အတွင်းအဇ္ဈတ္တစိတ် ဖွိံ့ဖြိုးမှု့ကိုပဲဦးစားပေးတယ်ဆိုပေမဲ့ ရုပ်ဝတ္ထုတိုးတက်မှု့အတွက် ဥပေက္ခာတော့ မပြုခဲ့ပါဘူး၊ ချမ်းသာကြီးပွား ကြောင်း တရားလေးပါးတို့ အကရဏီယ (မပြုကျင့်ထိုက်သည့်)တရားတို့ ဟောခဲ့တာ အထင်အရှားပါပဲ၊

ဗုဒ္ဓရဲ့ အဆုံးအမတရားတွေဟာ လူသားနဲ့ လူသားကမ္ဘာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ၊ အဲဒီရတနာတွေကို နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်သည့်တိုအောင် မပျောက်မပျက် ထိန်းသိမ်းခဲ့သူတွေကို ကျေးဇူးတင်ရပါမယ်၊ သူတို့ဟာ နတ်ဘုရားလည်း မဟုတ်ပါဘူး၊ သိကြားမင်းလည်းမဟုတ်ပါဘူး၊ မိရိုးဖလာယုံကြည်သူတွေ အမြင်မှားနေတဲ့ သူရဿတီမယ်တော်လည်း မဟုတ်ပါဘူး၊ ဘုရားသားတော် ရဟန်းသံဃာတွေပါပဲ၊ သူတို့ဟာ ခေတ်အဆက်ဆက် ဆင်းရဲအမျိုးမျိုး ဒုက္ခအဖုံဖုံကိုရင်ဆိုင်ကျော်လွားပြီး လူသားနဲ့ လူသားကမ္ဘာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်၊ ယခုလည်း ထိန်းသိမ်းစောင့်ရှောက်ဆဲ နောင်လည်း ထိန်းသိမ်းစောင့်ရှောက်နေပါဦးမယ်၊

လူသားအတွက် အသိပညာငတ်မွတ်စိတ်ဟာ အရေးကြီးသလို အသက်မွေးမှု့ပညာထက် စိတ်ဖွိံ့ဖြိုးမှု့ပညာဖြစ်ဖို့လည်း အရေးကြီးပါတယ်၊ ဒါ့အပြင် ယင်းအသိပညာကို မတိမ်ကော မပျက်စီးအောင် ထိန်းသိမ်းသူတွေရဲ့ ကျေးဇူးတရားကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်၊ သူတပါးပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို ကျေးဇူးမှန်းသိခြင်း၊ ယင်းကျေးဇူးကို တတ်နိုင်သမျှပြန်ဆပ်ခြင်းဟာ ပညာရှိသူတော်ကောင်းတွေရဲ့ လမ်းစဉ်ဖြစ်ပါတယ်၊ လူသားဟာ အသုံးအဆောင် အစားအသောက်တွေကို ငတ်မွတ်ပြီး ရှာဖွေသလို အသိပညာကိုလည်း ငတ်မွတ်ပြီး ရှာဖွေကြဖို့လိုပါတယ်။ ။

***သူငယ်ချင်း ဆရာတော် ဘဒ္ဒန္တခေမိန္ဒာဘိဝံသ ၏ သကျသီဟဘိဝံသဘွဲ့တံဆိပ်တော်ရ ပူဇော်ပွဲအတွက် အမှတ်တရ

အရှင်အဂ္ဂ M.A (Thesis)
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism)
05/04/2010

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.