Sunday, April 11, 2010

M.S.M.O.ရုံးခန်းဖွင့်ပွဲအခမ်းအနားအစီအစဉ် အောင်မြင်စွာပြီးဆုံး

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ (၁၁) ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြန်မာကျောင်းသားရဟန်းတော်များ၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်သော ရွှေည၀ါဆရာတော်ကြွရောက်ချီးမြှင့်ပြီး သြ၀ါဒကထာများ မိန့်ကြားတော်မူခဲ့သည်။



ရွှေည၀ါဆရာတော်က “ဘုန်းကြီးတို့ မြန်မာပြည်ဖွားကျောင်းသားရဟန်းတော်များကို ခုလိုရေခြားမြေခြား တိုင်းတပါးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တွေ့ရတာ ဘုန်းကြီးဝမ်းသာပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားရဟန်းများဟာ အသက် (၂၀) ကနေ (၃၀) ၀န်းကျင်တွေဖြစ်နေတဲ့အတွက် ရဟန်းငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်သူတို့ ဖြစ်တဲ့အားလျော်စွာ မာန်ရွယ်ယစ်ချီဆိုတာလို တခါတရံ တဦးနဲ့တဦး အထင်အမြင်လေးတွေ တိမ်းစောင်းတာ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုအမြင်တိမ်းစောင်းမှုလေးတွေ မဖြစ်စေဘဲ။ တစ်ပါးနှင့် တစ်ပါး အကျိုးမလိုလားတဲ့ အပြုအမှုလေးတွေ ရှိခဲ့ရင်လည်း ပြင်ကြစေချင်ပါတယ်။လောကမှာ အကောင်းကိုကြည့်ပြီး အကောင်းကို မြင်ရင် မပေါင်းနိုင်စရာလူမရှိပါဘူး။ ဒီလိုပါပဲ လောကမှာ အဆိုးကိုကြည့်ပြီး အဆိုးကိုသာ မြင်တတ်သူအတွက် ပေါင်းစရာ လူမရှိပါဘူး။” ဟု သြ၀ါဒစကား ထည့်သွင်း မိန့်ကြားသည်။

ထို့နောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဦးဇောတိကမှ ရွှေည၀ါဆရာတော်ကြီး ကြွရောက်ကာ ရုံးခန်းဖွင့်လှစ်ပေးခြင်းအတွက် ၀မ်းမြောက်ကျေးဇူးတင်ပါကြောင်း မြန်မာကျောင်းသားရဟန်းတော်များ ကိုယ်စားလျှောက်ထားသည်။

“ဦးဇင်းတို့ မြန်မာပြည်သား ကျောင်းသားရဟန်းတော်တွေကို ထိုင်းနိုင်ငံရောက် မြန်မာမိသားစုတွေက ပေးလှူထားတဲ့ကျေးဇူးရှိပါတယ်။ ဒီကိုရောက်နေကြတဲ့ မြန်မာ ဒကာ ၊ ဒကာမတွေ အလုပ်တာဝန်တွေထဲမှာ နစ်မြောနေရတဲ့အတွက် ဘာသာရေး ၊ ပညာရေးပိုင်းတွေမှာ အားနည်းမှုတွေ ရှိနိုင်ပါတယ်။အဲဒီလိုအပ်ချက်လေးတွေကို ဦးဇင်းတို့က ပြန်လည် ဖြည့်ဆည်းပေးလိုတဲ့အတွက် ဒီရုံးခန်းကို ဖွင့်လှစ်ခဲ့တာပါ”ဟု ကျောင်းသား ရဟန်းတော် ဒု-ဥက္ကဋ္ဌ ဦးအဂ္ဂ၀ံသက မိန့်ကြားသည်။

ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာကျောင်းသားရဟန်းတော် (၂၃) ပါးနှင့် ဒကာဒကာမ (၃၀) ခန့် တက်ရောက်ခဲ့ကြသည်။

ယခုဖွင့်လှစ်လိုက်သော ဖလမ်ဆောင် ၊ (၆၃)လမ်းရှိ မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းတွင် ထိုင်းနိုင်ငံရောက် မြန်မာများကို ဗုဒ္ဓဘာသာယဉ်ကျေးမှု ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ပညာရပ်များကို မြန်မာကျောင်းသားရဟန်းတော်များက သင်ကြားပေးသွားမည်ဖြစ်သည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.