Wednesday, July 21, 2010

ငယ်ငယ်တုန်းက တို့ဘဝ



















တခါတခါ ငယ်ဘ၀ကို တောင့်တမိတယ်။ အပူအပင် ကင်းတယ်။ အေးချမ်းတယ်။ ရန်ငြှိုးရန်စ အာဃာတ မရှိဘူး။ သူများအတင်း မပြောတတ်ဘူး။ သူများကို ကုံးမတိုက်တတ်ဘူး။ စားချင်တာ လိုချင်တာတွေ အမေ့ကို ပူဆာတယ်။ အခြေအနေ အမျိုးအမျိုးကြောင့် အမေက ဖြည့်ဆည်း မပေးနိုင်ရင်လည်း စိတ်ဆင်းရဲမိတာက ခေတ္တခဏ။ ပြီးတော့လည်း ဟိုလိုလို ဒီလိုလိုနဲ့ မေ့ပျောက်သွားပြန်တယ်။ အနာဂတ်ဆိုတာ မရှိ။ ဘ၀ဆိုတာ နတ္ထိ။ ပစ္စုပ္ပန်မှာ အတိပြီးနေတဲ့ ပျော်ရွှင်မှု။ ဒါက ဆယ်နှစ်သားလောက်အထိ ဖြစ်တည်မှုရဲ့ ခဏတာ။

ငယ်ငယ်က အမေဆင်ပေးတာသာ ဝတ်တတ်တယ်။ အစ်မလျှော်ပေးတဲ့ အဝတ်တွေကိုသာ အနံ့အသက်တွေ သတိမထားမိဘဲ ဝတ်တတ်ခဲ့တယ်။ သူများချောတာ လှတာ မသိ၊ မငေးမိ၊ မတွေးမိ၊ ပကတိ ဖြူစင်ရိုးသားမှုတွေနဲ့လေ . . . ။ ခုများတော့ ဒီလို မဟုတ်ပါလေပြီ။ ဆယ်ကျော်သက် ဘဝ ရောက်လာပြန်တော့ လိုချင်တာတွေ များလာတယ်။ ငေးတတ်လာတယ်။ တွေးတတ်လာတယ်။ ငေးမိတာက အလှအပ၊ တွေးမိတာက ခဏခဏ။ ရေရာလှတယ်လိုတော့ ဘာမှကို မရှိရိုးအမှန်ပါ။

အမေဝယ်ပေးတဲ့ ဗလာစာအုပ်ကို သူများတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ထက် ကောင်းတာတွေ တွေ့တော့ သိမ်ငယ်တတ်လာတယ်။ ကိုယ့်လောက် မကောင်းတာတွေ တွေ့တော့ မာန်တက်လာပြန်တယ်။ ငယ်ငယ်က သတိမထားမိခဲ့တဲ့ ကိုယ့်ရုပ် ကိုယ့်ရည်။ ဆယ်ကျော်သက် ခုများမှာတော့ မှန်ရှေ့မှာ ရပ်မိလာတတ်ပြန်တယ်။ အမလျှော်ပေးခဲ့တဲ့ နှစ်ပေါင်းများစွာ ဒီအတိုင်းဝတ်လာတဲ့ အဝတ်က ခုတော့ ရေမွှေးအကူမပါရင် မဝတ်ချင်သလိုလို။ ကိုယ် လိုချင်တာ ရချင်တာတွေက များလာပြီလေ။ အမေ့ကို ပူဆာပြန်တော့ မိခင်က ဖြည့်ဆည်းပေချင်သား။ ဒါပေမယ့် စလေဦးပုညစကားနဲ့ ပြောရရင် ငွေတွင်းက နက်လွန်းတော့ မိခင်ကလည်း မတတ်နိုင်။ ကိုယ့်ဘ၀ကလည်း ငိုင်တတ်လာပြီလေ။

စာသင်ပြန်တော့ အရင်ကဆို ဆရာမပေးတဲ့ စာကိုသာ တွင်တွင်ရအောင် ကျက်ခဲ့တာ။ ဒါကလည်း ကျက်ချင်လွန်းလို့တော့ မဟုတ်။ အမေ့ တုတ်နဲ့ ဆရာမက နားရင်းအုပ်မှာစိုးလို့သာ ကျက်ခဲ့တာ။ ကျောင်းပိတ်ရက်များဆိုရင်တော့ ပျော်လိုက်သည့် ဖြစ်ခြင်း။ တခါတခါ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းသူ ကျောင်းသားတွေ စာကျက်မလား ကျောင်းခြံသန့်ရှင်းရေးလုပ်မလား ဆရာမက ဆန္ဒမဲများ ကောက်ခံပြန်တော့ စာမကျက်ရ ပြီးရော။ အလုပ်လုပ်ဖို့ မငြင်းမိ။ စာမကျက်ရဖို့ကို အခါခါ တောင့်တမိသား။ ဒီတော့လည်း ပျော်ပျော်ပါးပါး အလုပ်လုပ်ကြသည်ပဲပေါ့။

ဆယ်ကျော်သက် ခုများတော့ ဒီလို မဟုတ်။ ကိုယ်က စာသင်ခန်းမှာ ဆရာမမေးတာကို မဖြေနိုင်ဘဲ ငုတ်တုတ်မနေချင်။ စာမေးပွဲ ဖြေရင်လည်း ထိပ်ဆုံးမှာနေရမှ။ အလှအပကိုလည်း ခုံမင်။ ကောင်မလေးတွေ ငြိုငြင်မှာလည်း ကြောက်တတ်လာတယ်။ တခါတလေ အတန်းထဲမှာ မျက်နှာသာရအောင် ဆရာမကြိုက်တတ်တဲ့ နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ အမေပေးတဲ့ မုန့်ဖိုးထဲက ဝယ်ပေးတတ်လာတယ်။ သမားရိုးကျ ပြိုင်ဆိုင်မှုကို မခုံမင်ဘဲ ဘာဖြစ်လို့များ ဒီလို အတွေးတွေ ဝင်လာတယ်ဆိုတာကိုလည်း သတိမထားမိခဲ့ရိုး အမှန်ပါ။

မှောင်မိုက်နေရင် ဘယ်ကိုမှ မသွားရဲ။ ငယ်ငယ်ကတည်းက အမေဆိုပြတဲ့ ကြောင်ကြီးကိုက်လိမ့်မယ် သီချင်းကလည်း နားထဲကမထွက်။ ဒါပေမယ့် ခုများမှာတော့ ခရေပင်အောက်မှာ သရဲတစ္ဆေလည်း မကြောက်တတ်တော့ပြီ။ နံနက်စောစော ခရေပန်းကောက် ချစ်သူဆီ အရောက်ပေးပို့ တတ်လာတယ်။ ပိုးကြေး ပန်းကြေးတွေလည်း ပေးတတ်လာပြန်တယ်။ ဒါတွေကို ဘယ်သူများ သင်ပေးခဲ့တာလည်း မသိ။ ငယ်ငယ်တုန်းက အမေပေးခဲ့တဲ့ မုန့်ဖိုးတွေကို စုမိဆာင်းမိခဲ့ပေမယ့် ခုများတော့ မုန့်ဖိုးဆိုတာ ပိုတယ်မရှိ။ ဘယ်ဆီ ဘယ်ဝယ် မသိပါဘဲ ဆီလိုအပေါက်ရှာ ပျောက်မှန်းမသိ၊ အမြဲတမ်းလိုလို နတ္ထိ(မရှိ)ချည်းသာ ဖြစ်နေပါတော့တယ်။

ဒီလိုနဲ့ ကျော်ဖြတ်ခဲ့ရ တက္ကသိုလ် ကျောင်းသားဘ၀မှာတော့ လဘက်ရည်ဆိုင်ထိုင် ကွမ်းယာလေးက အပြိုင်ဖြစ်လာခဲ့တယ်။ ဖက်ကြမ်းကို မထိ၊ စီးကရက်မှ မီးညှိဖြစ်တော့တယ်။ အမေပေးတဲ့မုန်းဖိုး၊ သောင်းကျော်တာတောင် လူစဉ်မတိုးတော့သလိုပါပဲ။ ဒီလိုနဲ့ အမေ့ဆီ အကြောင်းပြ စာတမ်းရေးခကိုတောင် တစ်သိန်းမက(အဲဒီတုန်းက နှစ်သောင်းလောက်သာ) တောင်းခဲ့ဖူးပြန်တယ်။ အဝတ်အစားတွေက ကော့လို့ပျံ၊ မီးပူတောင် ဆလံပေးခဲ့ရတယ်။ ကွန်ပျူတာ စပီကင်၊ ကျူရှင်တွေဆီမှာ သင်တာကနည်းနည်းရယ်။ လူရှိန်အောင် ဖောင်းလို့ကြွ တောင်းသလောက် မကဘဲ၊ အမေ့ဆီမှ မုန့်ဖိုး၊ တစ်သိန်းနဲ့မကအောင် ဆိုးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်မှာ ကကြိုးစုံခဲ့ပေါ့။

ဘွဲ့တွေရပြီးနောက် ခေတ်မီတဲ့ အတွေးတွေလား၊ ခေတ်မမီတဲ့ အဆွေးတွေလားတော့ မသိ။ မြန်မာပြည်မှာ မရှိတဲ့ပုံစံ၊ အမေ့ကို အမျိုးမျိုး ပလန်ချ၊ ဒီပုံစံ နေလို့မရတဲ့စတိုင်လ်နဲ့ လူဝင်ဆန့်နိုင်အောင်လို့ နိုင်ငံခြားမှာ ပညာသင်ခွင့် တောင်းခဲ့ပြန်ပါတယ်။ အမေ့အတွေးကတော့ ငါ့သားဆီက အားမာန်၊ ဘ၀ဟန်ပန်တွေ မပျက်ဆီးစေဖို့၊ သားစိတ်ဓာတ်ကို မြှင့်တင်၊ လူရာဝင်စေဖို့အတွက် ရှိသမျှကို ထုခွဲ၊ အမေ မနည်းရှာဖွေခဲ့ရပြန်ပါပေါ့။ ဒီတခါတော့ ဆယ်သိန်းမက အမေလည်း ခါးချိလှပြီလေ။

အမေနဲ့ ဝေးကွာသွားအောင် နိုင်ငံခြားက ခွဲခဲ့ပြန်ပြီလေ။ ချစ်သူကို မတမ်းတ၊ လေဆိပ်မှာ အမေ့မျက်နှာကို ငေးမ၀အောင် ကြည့်ခဲ့မိပါတယ်။ အမေ့ရဲ့ မျက်ရည်တွေက သားဘဝကို ခိုင်မြဲစေတယ်လို့ ယုံကြည်မိတယ်လေ။ နိုင်ငံခြားတိုင်းပြည်ရောက် လေဆိပ်မှာပဲ မျက်စိတွေက မှောက်မှောက်မှားမှား. . . အားလားလား . . . ရန်ကုန်က တောရောက်သွားသလိုပါပဲ။ ကိုယ့်ကိုယ်ကို ဘဝင်ထိ ရန်ကုန်သား ဖြစ်ခဲ့မိတဲ့ ဘဝကို အမြဲတမ်းဂုဏ်ယူနေခဲ့တာလေ။ ခုများတော့ တောသားတစ်ယောက် မြို့ကိုရောက် ကျီးကန်းတောင်မှောက် မျက်စိတွေ အနားပေးလို့မရတဲ့အထိ ရောက်ခဲ့ရပြန်တယ်။ ရန်ကုန်သားဆိုတဲ့ဘဝက ဂုဏ်ငယ်၊ မြို့လယ်က နှစ်ထပ် သုံးထပ် တံတားတွေကိုသာ မျက်စိ ကလယ်ကလယ်နဲ့သာ ငေးမောလို့သာ ကြည့်နေမိပြန်ပါတော့တယ်။

နိုင်ငံခြားတက္ကသိုလ် အပိုအလိုမရှိ၊ အချိန် အတိအကျ သင်တယ်။ အင်တာနက်ဆိုတာက နှစ်ဆယ့်လေးနာရီ တစ်ရက်၊ မီးကလည်း မပျက်မကွက်၊ အလှည့်ကျရက်ဆိုတာ မရှိဘူးလေ။ ကွန်ပျူတာကို အငမ်းမရ ငယ်ငယ်ကတည်းက အမေ့သားတမ်းတခဲ့တာ ခုများတော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ရယ်စရာစကား အမေကြားအောင် သားပြန်ပြောရရင် အမေ့အိမ်မှာပေါ့။ သား နိုင်ငံခြားမသွားခင် အထုတ်အပိုးတွေ ပြင်ဆင်ခဲ့တုန်းကလေ။ “ သားရယ် စာအုပ်တွေက များလိုက်တာကွယ် ဒီလောက်ထိ သယ်မသွားပါနဲ့” လို့ အမေပြောတုန်းခဲ့တာ သားမှတ်မိ နေသေးတယ်။ စာအုပ်ကို တန်ဖိုးထား လေဆိပ်နားရောက်အောင် မနည်း သယ်ခဲ့ရတယ်။ ကီလိုချိန်ပြန်တော့ ပေးတာက နှစ်ဆယ်၊ အမှန်တကယ်က သုံးဆယ်ဖြစ်နေလို့ အနားက ညီလေးက ဖေးဖေးမမ သူ့ထဲက တစ်ဆယ် ယူခဲ့ရပြန်တယ်။

ဒါက အင်တာနက်နဲ့ နှုတ်မဆက်ရသေးခင်ပေါ့။ အင်တာနက်နဲ့ ကျွမ်းဝင်၊ ၀ဘ်ဆိုဒ်တွေ တပုံတပင် သိပြန်တော့။ ဟာ . . . ငါလိုချင်တဲ့ စာအုပ်တွေ မနည်းပါလားဆိုပြီး နေ့နေ့ညည ဒေါင်းလော့လုပ်၊ ကွန်ပျူတာ ဝင်းဒိုးပြုတ်တဲ့ အထိပါပဲ။ သယ်လာတဲ့ စာအုပ်တွေ သူတို့ မဟုတ်သလိုလိုနဲ့ အိတ်ထဲမှာ တုတ်တုတ်တောင် မလှုတ်ကြပါလား။ သြော် . . . နည်းပညာဆန်းကြယ် အမှန်တကယ်ပင် အသိပညာမှာ ငါ တော်တော် မလည်မဝယ်သေးပါတကား . . . ။

အင်တာနက်ကို ဆရာတင် ဒီကြားထဲမှာ တက္ကသိုလ်က စာတွေက တပုံတပင်ပေါ့။ ဘလောဂ်ဂါတွေကို အားကျ၊ နေ့နေ့ညည ဆည်းပူးမိတာက ညီနေမင်း။ မောင်နွေမင်းက အစစ်ပါသေးတယ်။ ခရစ်စ်တဲလ်ကို အကူအညီတောင်း အင်တာနက်က အသိတွေကို စုလို့ ဆောင်းလို့ပေါ့။ ရုရှားက မောင်ဖိုးသား အကျိုးများအောင် ခဏခဏ မေလ်းကနေ စာတွေ ပို့ပေးတယ်။ ဂျီတောကို သုံးတတ်မိပြန်တော့ ကမ္ဘာက ရွာကြီးဖြစ်လို့နေပြီလေ့။ ကမ္ဘာကို ရွာမှတ် ဘလော့ဂ်တွေ လုပ်တတ်လာပြန်တော့ တစ်ခုနဲ့ အားမရ၊ နှစ်ခုကျပြန်တော့ အလုပ်ရှုတ်၊ သုံးခုမြောက်တော့ ငုတ်တုတ်ပါ မေ့တော့တယ်။ ကွန်ပျူတာနဲ့ အင်တာနက်။ သူတို့က လင်နဲ့မယား။ အဆင်ပြေပြန်တော့ သူတို့အပြင် နှစ်ယောက်မရှိ။ ပတ်ဝန်းကျင်ဆိုတဲ့ ဗိုင်းရပ်စ်က ငြိပြန်တော့ ဖိုက်တင် ပလေးကြပြန်ပါသေးတယ်။ ပြီးတော့လည်း သူတို့ မဟုတ်သလိုပါပဲလေ။

ခုများတော့ အခန်းကျဉ်းလေးမှာ ကမ္ဘာကြီးနဲ့ မိတ်ဆက် သောကတွေ ကယောက်ကယက်နဲ့ပေါ့။ မိုးလင်းတာနဲ့ ကွန်ပျူတာဖွင့် နောင်မှ မျက်နှာသစ်တာ အလေ့အကျင့်တစ်ခုလို ဖြစ်နေပြီ။ ကိုးနာရီမှာ ကျောင်းတက် ဆင်းဖို့သတ်မှတ်တာက ငါးနာရီပါ။ အခန်းရောက်လို့ ရေမိုးချိုး လန်းဂွေ့စင်တာကို ဒိုးရသေးတယ်လေ။ ငါးခွဲက ရှစ်ခွဲ သုံးနာရီပဲ သင်လို့တော်တော့တယ်။ အမေရိကန်က ဆရာ၊ သူသင်တာ ကောင်းပေမယ့် ဦးနှောက်က မခံနိုင်၊ တမှိုင်မှိုင် ဖြစ်လို့နေပါပြီ။ အခန်းကို ပြန်အရောက် အိမ်မြှောင် မြည်သံက ကိုးနာရီထိုးသလို တဒေါက်ဒေါက်နဲ့ပေါ့။ ဒီလိုနဲ့ မနေနိုင် ကွန်ပျူတာ နဲ့ အင်တာနက်ကို ဆက်ကိုင်ဖြစ်တယ်လေ။ သတိရလို့ အချိန်ကို ကြည့်ပြန်တော့ အမလေးလေးလေး . . . အမေရေ့ . . . သုံးနာရီတောင် ရှိပြန်ပါပေါ့လား။ ဒါကတော့ နေ့စဉ်မပျက် အခစား ဝင်ခဲ့ရတဲ့ရက်တွေပေါ့။


ကျောင်းအားရက်မှာ အမျိုးအတွက် အကျိုးများစေမယ့် ကိုယ်ကြိုးစားရှာဖွေထားတာတွေကို ပြန်ပြီး ဖောက်သယ် ချရသေးတယ်လေ။ ဒါမှ ပညာရေးကို မှတ်ကျောက်တင် ဘဝရဲ့ သတ်မှတ်ချက်လေး မဆုံးခင်ပေါ့။ လိုချင်တဲ့ လောဘတွေက အတောမသတ်၊ တစ်ခါတစ်ခါ ပတ်ဝန်းကျင်ရဲ့ ပြောချက်တွေကလည်း အထိနာစေတယ်လေ။ ဖုဋ္ဌဿ လောကဓမ်၊ ဝိမုတ္တိ ဂျီတောမှာ အမှန်ရှိတာကို တွေ့တွေ့ နေလေတော့၊ ဒီစာသားက အားပေး၊ လောကဓမ်ဆေးခါးကို မင်္ဂလာတစ်ပါးအနေနဲ့ မကြိုက်လည်း မှီဝဲခဲ့ရပြန်ပါတယ်။ ဦးနှောက်ကို အစာကျွေး ကမ္ဘာ့ဖလား ဘောလုံးပွဲက မဒီလေးတွေနဲ့ အင်တာနက်မှာ ပျော်မြူးမလို့ စဉ်းစာတုန်း ဗြုန်းကနဲဆို စီဘောက်က အော်သွားပြန်တယ်။

သြော် . . . မြတ်ဗုဒ္ဓရဲ့ ဘဝလောကဓမ် တရားတွေသာ အခုအခံမရှိရင် ဦးနှောက်တွေလည်း ပျက်သုဉ်း၊ ဘဝတွေပါ ဆုံးပါးသွားနိုင်တယ်။ ခုများတော့ အကော်ဒီယံ အုန်းကျော် ဆိုထားတဲ့ “ငယ်ငယ်တုန်းက တို့ဘ၀မယ် ပျော်စရာကောင်းလို့ အောင့်မေ့တယ်” သီချင်းလိုပါပဲ။ ငယ်ဘဝကို တောင့်တနေမိပြန်ပါတယ်။ ငယ်ဘဝကို တောင့်တပြန်ရင် ဘဝအသစ်က ပြန်စရမှာကိုး။ ဒီတော့ အစကိုလည်း မရောက်ချင်။ အဆုံးကို သွားပါဆိုတော့လည်း နောက်ဆံတွေက တငင်ငင်၊ အပူအပင်တွေ တပုံတပင်နဲ့ ကြိမ်မီးအုံးသလို ဖြစ်နေပြန်ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်မှာတော့ ငယ်စဉ်အခါ ကလေးတို့ ဘဝကိုသာ အောင့်မေ့တသ သတိရရင်းဖြင့် . . . ငယ်ငယ်တုန်းက တို့ဘ၀ . . .။

(ဒီဆောင်းပါးကို မမျှော်လင့်ဘဲ ရေးဖြစ်သွားတာပါ။ အမေရိကန် နယူးယော့်ခ် ဘရုကလင်းမြို့ရှိ မစိုးရိမ်ကျောင်းမှာ သီတင်းသုံးနေပြီး ညီအကိုအရင်းလို ခင်မင်ရတဲ့ အဆောင်မှူးလေး (ချစ်စနိုးအခေါ် )ရဲ့ အထိမ်းအမှတ် စာစောင်တွေမှာ ဆောင်းပါး တစ်ပုဒ် တစ်ပုဒ်ကတော့ မအားလည်း ရေး၊ အားလည်း ရေးနေရတယ်လေ။ မရေးလို့ကလည်း မရ။ အဆူအငေါက်ခံရမှာလည်း ကြောက်ရသေးသကိုး။ ဒီနေ့တော့ ဇူလိုင်လအတွက် ထုတ်တဲ့ ၀ါဆိုဦးစာစောင်ကို မေလ်းကနေ ပို့လိုက်တာကို ကြည့်မိရင်းက ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။ မျက်နှာဖုံးက ပုံလေးကို ကြည့်ပြီး ဖြူဖြူစင်စင် ကိုရင်လေးတို့ရဲ့ဘဝကို ပြန်လည်တောင့်တ အားကျမိရင်း ရေးဖြစ်သွားတာပါ။) (စကားချပ်)

မောင်ပညာ (မန်းတက္ကသိုလ်)
http://www.pyinnyarzarni.com/
pyinyar08@gmail.com

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.