Saturday, January 29, 2011

ပါဝါရှော့ဖြစ်ခြင်း


အားမသန်မာန်လျော့-အားမသန်၍ မာန်လျော့ခြင်းမျိုးသည်၊ မည်ကဲ့သို့သော ငြိမ်းချမ်းမှုဆီသို့ ဦးတည်သွားနိုင်လိမ့်မည် မဟုတ်။ အာဏာပြိုင်မှုများဖြင့် နိုင်ငံအသီးသီး၏ ပါဝါပြင်းထန်သော တိုက်ပွဲများသည်၊ အားမသန်၍မာန်လျော့မှုဖြင့် အဆုံးသတ် လိုက်သော်၊ ထိုပြိုင်ပွဲ၏ အရိပ်ငွေ့များသည် တမြေ့မြေ့ဆိုသလို လောင်ကျွမ်းနေပေလိမ့်မည်။ အကြမ်းအထည် ပါဝါသည် နုညံ့သိမ်မွေ့သော ပါဝါပျော့အား ဘယ်သောအခါမှ တွန်းလှန်ဖြိုချနိုင်စွမ်းမရှိ။ တဒင်္ဂသာဖြစ်ပါလိမ့်မည်။ ပြိုင်ဆိုင်မှုအားကြီးသော ပြိုင်ပွဲများကား တစ်ကမ္ဘာလုံးလိုလို မျက်စေ့ဒေါက်ထောက်ကြည့်နေရသည်။ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်သည် အာဏာရှင်စိတ်ဓာတ် ဖြစ်ပြီး၊ အားနွဲ့သူအား လက်တွဲလျှက် ဖေးမခေါ်ဆောင်ခြင်းသည် ဒီမိုကရေစီဆန်သော စိတ်ဓာတ်ဖြစ်သည်။ အာဏာရှင်စိတ်ဓာတ် သည် အမြဲတန်းလိုလို ကြောက်ရွံ့နေရသည်။ မိမိအား တစ်နေ့ရန်သူများက ပြန်လည်တိုက်ခိုက်မည်ကို စိုးရွံ့စိတ်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ ဘယ်သူနိုင်သည်ဆိုတာ သတ်မှတ်လို့မရ။ ဒီမိုကရေစီစိတ်ဓာတ်ဖြင့် လက်တွဲမဖြုတ်ခြင်း သည်သာ ပျော့ပြောင်းမှုအသွင်ဆောင်လျှက် အေးချမ်းမှုဆီသို့သွားရန် ဦးတည်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

အာဃာတပြင်းပြင်းဖြင့် သာကီဝင်မင်းများ၏ လည်ချောင်းသွေးဖြင့် မင်းကွန်းဟုခေါ်သော် လွှတ်တော်အရပ်ကို ဆေးကြော ခြင်းဖြင့် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဝိဋဋူဘ၏အောင်ပွဲကား စစ်မှန်သောအောင်ပွဲမဟုတ်။ လက်စားချေလိုမှု သက်သက်ဖြင့် မိမိမျိုးနွယ်စုအား ကြက်၊ ငှက်ပမာ သတ်ဖြတ်လျှက် အောင်ပွဲခံခဲ့သော ဝိဋဋူဘ၏ အထင်မှာ ကြီးမားသော အောင်ပွဲဟု ရှုမြင်သုံးသပ်ခြင်းသည် မဟာအမှားဖြစ်သည်။ သို့အတွက် သဘာဝတရားကြီးသည်လည်း ဓမ္မဘက်မှာ မားမားမတ်မတ် ရပ်တည်လျှက် အဓမ္မဘက်တော်သားအား ကြီးမားသော ပြန်လည်တိုက်ခိုက်မှုလုပ်ပေးခဲ့သည်။ သို့အတွက် ဝိဋဋူဘသည်လည်း စည်းစိမ်ယစ်ကာ အပျော်ကြီးပျော်ရမည့်အချိန်ကို မရလိုက်ခြင်းပင်ဖြစ်သည်။

ဗန္ဓုလ၏ လိစ္ဆဝီမင်းသားများအား အစွမ်းအစများဖြင့် တိုက်ခိုက်မှုသည်လည်း စစ်မှန်သောအောင်ပွဲမဟုတ်။ အာဏာပြင်းပြင်း၊ ပါဝါပြင်းပြင်းဖြင့် လူသားမဆန်သော ဝါဒကိုသာ ဆွဲကိုင်လျှက် အောင်ပွဲခံခြင်းသည်သာဖြစ်သည်။ သို့သော် အဆိုပါ အောင်ပွဲသည်လည်း စစ်မှန်သော၊ တရားမျှတသော အောင်ပွဲမဟုတ်။ လူသားမဆန်သော သူ၏ဘဝအဆုံးသတ်မှုသည် လည်း မကောင်းခဲ့ပေ။ ကောသလဘုရင်၏ မာယာပရိယာယ်အောက် ပြားပြားမှောက်ရင်း လူမဆန်သော သေဆုံးမှုဖြင့်ပင် ပြန်လည်း စတေးခဲ့ရသည်။ လောကကြီးသည် နိုင်လိုမင်းထက်ပြုမှုဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး သွေးစိမ်းနီနီဖြင့် ညစ်ပတ်နေ ပေလိမ့်မည်။ တရားမျှတဖို့၊ လွတ်လပ်ဖို့ဆိုသည်မှာ လူသားဆန်သော လူများ၏ ကိုယ်ကျိုးမဖက် လုပ်ရပ်များဖြင့်သာ တည်ဆောက် နိုင်ပေလိမ့်မည်။ ငါ့လူ၊ ငါ့အဖွဲ့စည်း၊ ငါ့အမျိုးလောက်ဆိုတဲ့ စိတ်ဓာတ်ဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး လှပသောရုပ်လုံးြ<ွကမှုများ မှေးမှိန်နေတော့မည်သာဖြစ်သည်။

ကမ္ဘာအသီးသီးမှာ ဖြစ်ပွားနေသော စစ်ပွဲအသီးသီးသည် တရားမျှတမှုဆီသို့ ဦးတည်ခဲ့သော စစ်ပွဲဆိုတာမရှိခဲ့ဟု ဆိုရမည်ဆိုလျှင် လွန်အံ့မထင်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စိတ်ဓာတ်ဖြင့် ဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းသည်ပင် မတရားမှုပင်ဖြစ်သည်။ စစ်ပွဲ၏ အဓိကပစ်မှတ်သည်ပင် ပါဝါပြိုင်ဆိုင်မှုဖြစ်သည်။ မပြိုင်ဆိုင်သင့်သည်ကို ပြိုင်ဆိုင်သည်နှင့်အမျှ ပါဝါရှော့သည်လည်း တမြေ့မြေ့လောင်မြိုက်လျှက် မကောင်းမှုဆီသို့ ဦးတည်သွားပေလိမ့်မည်။ အနိုင်ကျင့်မှုဝါဒ၊ လူသားမဆန်တဲ့ ဝါဒဖြင့် ခရီးဆက်နေသမျှ ကာလပတ်လုံး ကမ္ဘာ့မျက်နှာပြင်သည်လည်း သန့်ရှင်းနေလိမ့်မည်မဟုတ်။ အဆိုပါ အနိုင်ကျင့်ဝါဒ၊ လူသားမဆန်မှုဝါဒသည် တစ်နေ့ကိုယ့်ထံသို့ မုချပြန်လာမည်သာဖြစ်သည်။

အီရန်အရေး စိတ်မအေးနိုင်၊ မြောက်ကိုရီးယားကိုလည်း စောင့်ကြည့်နေဆဲ။ အင်အားပြင်းမှုသည် ပျက်စီးမှုဆီသို့ ဦးတည်မောင်းနှင်နေသော ယန္တရားတစ်ခုဖြစ်သည်။ မပြေလည်မှုများဖြင့် အရိပ်တကြည့်ကြည့် စောင့်ကြည့်နေကြရင်း ပါဝါကို ကစားနေကြသည်။ အဆိုပါ ပါဝါပြိုင်ပွဲသည် အကြမ်းအထည်ဖြစ်လျှင် အခြေအနေဆိုးသို့ ဦးတည်မည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ အပျော့ပါဝါပြိုင်ပွဲသို့ နှစ်ဦးသဘောတူ ဆွေးနွေးမှုများဆီသို့ လျှောက်ကြမည်ဆိုလျှင် ကမ္ဘာကြီးသည် စင်စစ်အေးငြိမ်းမှုများဆီသို့ မောင်းနှင်နိုင်မည်ဖြစ်သည်။ ဆွေးနွေးပွဲသည် အားအကောင်းဆုံး တုန့်ပြန်မှုဖြစ်သည်။ တစ်ဖက်မရလျှင် အခြားတစ်ဖက်မှနေပြီး ဆွေးနွေးဖို့လိုသည်။ တစ်ဖက်ကလျှော့ပေးလျှင် အခြားတစ်ဖက်အနေဖြင့်လည်း လိုက်ပြီးပျော့ပေးရန် လိုသည်။ ထိုကဲ့သို့မဟုတ်ဘဲ နှစ်ဖက်ပြိုင်ပြီး ခါးတောင်းကြိုက်ကာ အတင်းဆွဲနေမည်ဆိုလျှင် ပြတ်တောက်သွားမှုဖြစ်ပေလိမ့်မည်။

အထက်ကပြောခဲ့တဲ့ အာဏာလုပွဲနှင့်၊ ပါဝါပြိုင်ပွဲများသည် လောကကြီးကို သွေးစွန်းစေသော နေ့ရက်များဆီသို့ ခေါ်ဆောင်သွားနေပေလိမ့်မည်။ အီရန်အရေး စိတ်မအေးနိုင်ဘူးဆိုလျှင်၊ စိတ်အေးအောင် ဘယ်လိုသောနည်းများဖြင့် ပြေလည် အောင် ဆောင်ရွက်သင့်သနည်း။ ဒါသည် အရေးအကြီးဆုံး မေးခွန်းနှင့် ထိုမေးခွန်းအပေါ် နိုင်ငံအသီးသီး၏ အဖြေသည်လည်း ပိုမိုကောင်းမွန်သော အဖြေဖြစ်စေဖို့ ခေါင်းချင်းဆိုင်ဖြေဆိုရန် လိုအပ်သည်။

'' မိမိအနေဖြင့် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် မျက်နှာချင်းဆိုင်၍ ကမ္ဘာ့ရေးရာကိစ္စရပ်များကို မီဒီယာများရှေ့ တွင် လွတ်လပ်စွာဆွေးနွေးလိုကြောင်း၊ ယင်းသို့ဆွေးနွေးခြင်းဖြင့် မည်သူ၏ဖြေရှင်းနည်းက ပိုမိုကောင်းမွန်သည်ဆိုခြင်းကို မြင်တွေ့ နိုင်မည်ဖြစ်ကြောင်း '' အီရန်သမ္မတအာမက်ဒီနေဂျက်ကဆိုသည်။ ထိုအဆိုကို တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ အမှန်က သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံအဖြေရှာကြည့်ဖို့လိုသည်။ နျူကလီးယား ကိစ္စများနှင့် နပန်းလုံးနေခဲ့သော ပါဝါပြိုင်ပွဲသည်၊ သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံဆွေးနွေးရင်း အဆုံးသတ်ကြည့်ဖို့ အိုဘားမားအနေဖြင့် အဘယ့်ကြောင့် လက်မခံခဲ့သနည်း။ ကောင်းမွန်သော ဆွေးနွေးခြင်းသည် တစ်ခုမဟုတ်တစ်ခုသို့ ပြောင်းလဲ နိုင်သွားနိုင်သည်ကို အိုဘားမားအနေဖြင့် မသိလို့တော့ဟုတ်မည်မဟုတ်။ သူ့အမြင်အရအားဖြင့် ပြောရမည်ဆိုလျှင် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့်သာ ယခုကဲ့သို့ ကမ်းလှမ်းသည်ထင်သည်။ မှန်သည်။ သို့သော် ကမ္ဘာမျက်နှာပြင် မီဒီယာများရှေ့ သို့ တက်ရောက်ဆွေးနွေး အဖြေရှာကြည့်လိုက်လျှင် အပြောင်းအလဲတစ်ခု ဆီသို့တော့ ဦးတည်နိုင်လိမ့်မည်ထင်သည်။

ရာမမင်းသားအနေနဲ့ ပုရောဟိတ်များထံမှာ သစ္စာဆိုပြခဲ့သော စကားတစ်ရပ်ကို မှတ်သားခဲ့ဘူးသည်။ '' လောက၏ အစီးအပွားအတွက် ဆောင်ရွက်ရာ၌ နိုင်ငံသူ၊ နိုင်ငံသားများ ကျေနပ်စေရန်၊ ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊ ကြင်နာခြင်း ကရုဏာကို ဖြစ်စေ၊ မင်းစည်းစိမ်းချမ်းသာကို ဖြစ်စေ၊ အကယ်၍လိုအပ်မည်ဆိုလျှင် အသက်သမျှချစ်ရပါသော သီတာဒေဝီကိုဖြစ်စေ၊ စွန့်လွှတ် လှူဒါန်းမှ ကျေနပ်မည်ဆိုလျှင် အဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏။ ထိုသို့စွန့်လွှတ်ရသဖြင့်လည်း ကျွန်ုပ်အား မကျေနပ်ခြင်းမည်သည် မဖြစ်ပါ ''တဲ့။ မီချဲလ်အိုဘားမားအားလည်း စွန့်လွှတ်ရန်မလို၊ အမေရိကန်လို တိုင်းပြည်ကြီးအားလည်း စွန့်လွှတ်ရန်မလို၊ သို့သော် တကယ်လိုအပ်သည်ကား၊ နှစ်ဦးနှစ်ဘက်အနေဖြင့် စစ်မှန်သော ဆွေးနွေးမှုဆီသို့ ဦးတည်သွားပြီး အဖြေရှာကြည့်ရန် ဖြစ်သည်။ မဟာရန်သူများအဖြစ် ဆက်လက်ရပ်တည်နေမည်ဆိုလျှင် အပြစ်မဲ့ပြည်သူများအနေဖြင့် ဆင်းရဲတော့တွင်းက လွတ်နိုင် လိမ့်မဟုတ်။

သို့သော် ထိုသို့ဆွေးနွေးရာ၌ Win Winလား။ Lose Lose လား။ တစ်ဖက်တည်းတော့ အနိုင်လိုချင်လို့မရ၊ တစ်ဖက်တည်းလည်း အရှုံးပေးရန်မျိုးမဖြစ်သင့်။ ဒါဆိုရင်တော့ ဆွေးနွေးမှုသက်သက်သာ ဖြစ်ပါလိမ့်မည်။ အမှန်တကယ် ဆွေးနွေးဖို့ဆိုရင်တော့ အထက်ကပြောခဲ့သလို ဘာကြောင့်ဆွေးနွေးချင်တာလောက်တော့ မဖြစ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ထားဖို့လိုမည်။ ရှိနေတဲ့ ရန်ငြိုးကိုလည်း တဖြည်းဖြည်းဆိုသလို ဖယ်ရှားနိုင်ဖို့အရေးကြီးတယ်။ ကောင်းတာကိုပြော၊ ခြိမ်းခြောက်မှုကို လျှော့၊ တင်းမာမှုကိုလျှော့၊ စိတ်ရှည်ရှည်ထား၊ အပြန်အလှန်လေးစား ယုံကြည်မှုရှိပြီး၊ စစ်မှန်တဲ့၊ အပြုသဘော ဆောင်တဲ့သဘောနဲ့ အကောင်းမြင်ဝါဒ ပါဝါပျော့ပျော့နှင့် ပြန်လည်တုန့်ပြန်မည်ဆိုလျှင် ဆွေးနွေးမှုဟာ ကောင်းမွန်မှုတစ်ခုဆီသို့ ဦးတည်သွားနိုင်ပါလိမ့်မည်။ ထိုကဲ့သို့သော အရေးကိစ္စများသည် နိုင်ငံတိုင်းလိုလိုရှိသည်၊ ကိုယ့်နိုင်ငံထဲမှာပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ငြိုးတွေ၊ အာဃာတတွေကို ပြေလျော့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့ ရှိနေပေလိမ့်မည်။ မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ မိသားစုကိုသော်လည်း၊ စွန့်လွှတ်စရာမလို၊ အသိစိတ်ဓာတ်ဖြင့် အယူသီးမှုများ၊ မာန်မာန၊ အာဃာတများကိုသာ စွန့်လွှတ်လျှက် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အဖြေရှာကြည့်ဖို့လိုသည်။

ဒီနေရာမှာ ခေါင်းဆောင်မှုတစ်ခုကို ပြောဆိုချင်သည်။ အာဏာကိုမင်းမမူ၊ ပါဝါကိုဗန်းမပြဘဲ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဆန္ဒကိုသာ ဦးစားပေးခဲ့သော ဇာတ်တော်တစ်ပုဒ်ကို အများသိပြီးဖြစ်သော်လည်း အနည်းငယ်ပြောပြလိုသည်။ သက်ဦးဆံပိုင်စနစ် ဖြင့် အာဏာကို သုံးစွဲခွင့်ရှိသော်လည်း၊ ဝေဿန္တရာမင်းကြီး၏ ဖခမည်းတော် သိဉ္စည်းမင်းကြီးဟာ သားတော်ကို ပြည်သူ၊ ပြည်သားများ၏ တောင်းဆိုမှုဖြင့် စေတုတ္တရာပြည်ကနေ နှင်ထုတ်ခဲ့ဘူးသည်။ အမှန်အားဖြင့် ဆိုရလျှင် အာဏာရှင်ဆန်သော သက်ဦးဆံပင်စနစ်ဖြင့် အုပ်ချုပ်နေသော တိုင်းပြည်ဝယ် မင်းကြီးကို သားတော်အားနှင်ထုတ်ဖို့ တောင်းဆိုခဲ့သော ပြည်သူ၊ ပြည်သားများကိုလည်း လေးစားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အလွန်အန္တရာယ်များလှသည်။ မင်းကြီး၏ မျက်မာန် တော်ရှမှုဖြင့် အသက်ဆုံးရှုံးမှုကို ပဓာနမထားဘဲ လိုအပ်မှုတစ်ခုကို ရဲဝံ့စွာတောင်းဆိုခဲ့ကြသည်။

မင်းကြီးအနေဖြင့်လည်း လေးစားစရာ၊ တန်းဖိုးထားစရာ၊ ဂုဏ်ယူစရာဖြစ်သည်။ မိမိအနေဖြင့် သက်ဦးဆံပိုင်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်နေသော်လည်း အများဆန္ဒအရ သားတော်ဝေဿန္တရာကို တိုင်းပြည်ကနေ နှင်ထုတ်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်သည် သူတော်ကောင်းဆန်သော၊ လူသားဆန်သော အမြင်ဖြစ်သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အနိုင်ကျင့်မှုဝါဒကို လက်မကိုင်၊ ပါဝါအာဏာကို မသုံးစွဲဘဲ အများသဘောတူ ဒီမိုကရေစီဝါဒအရ၊ အခြားသော နိုင်ငံသူ၊ နိုင်ငံသားများအားလည်း မိမိသားအရင်း ဝေဿန္တရာပမာ မိမိ၏သား၊ သမီးများဟု သတ်မှတ်သောကြောင့်ဖြစ်သည်။ မြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်ဖြစ်သည်။ သို့အတွက် တစ်ယောက်တည်းသာဖြစ်သော သားတော်အစစ်ဝေဿန္တရာကိုသာ အခြားမိမိ နိုင်ငံတွင်းမှာရှိတဲ့ မိမိလက်အောက်မှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများဆိုတဲ့ များတဲ့သဘောကိုသာ ဆောင်ခဲ့ခြင်းဖြစ်သည်။ အင်မတန် လေးစားဂုဏ်ယူစရာဖြစ်သည်။

သူတော်ကောင်းတွေရဲ့ လုပ်ရပ်ဟာ မြင့်မြတ်တဲ့သဘောဆောင်တာဟာ ဘာအတွက်ပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ်၊ အလုပ်တစ်ခု လုပ်တဲ့အခါ အမြဲတန်းပန်းခင်းသော လမ်းကိုပဲ လျှောက်ရတာမဟုတ်၊ ဒါကြောင့် အစုန်လမ်းကနေ အမြဲတန်းလိုလို သွေဖီနေတတ်သည်။ မျှောပြီး လိုက်နေလို့မရဘူး။ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတတ်တယ်။ အဲဒီလို အသာတကြည် မျှောလိုက်ပြီး ကိုယ့်ဘက်ကိုသာ အနေချောင်မှုသက်သက်လုပ်မယ်ဆိုရင်လည်း အဲဒါဟာ မြင့်မြတ်တဲ့လုပ်ရပ်မဟုတ်ဘူး။ အဆန်သဘောကို ပဲ လျှောက်ရတတ်ပြီး မတွေဝေဘဲ၊ ရပ်မနေဘဲ၊ အားရှိသလောက်မောင်းနှင်းမှသာလျှင် အများကို ကိုယ်စားပြုတဲ့လုပ်ရပ်များဖြင့် တည်ဆောက်မှသာ မြင့်မြတ်သူများရဲ့ လုပ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ အများဆန္ဒကို ဦးစားပေးပြီး လုပ်စရာရှိတာတွေကို ဝိုင်းဝန်းအဖြေရှာတဲ့အခါ ခက်ခဲပင်ပန်းသော်လည်း ရပ်မနေဘဲ ဆက်လျှောက်ဖို့ဟာ အရေးကြီးပါသည်။ ထို့အတူ ပါဝါအားပြိုင်လျှက် ပါဝါရှော့ဖြစ်ခြင်းများကို အထူးတလည် သတိထားကာ ရှောင်ရှားရန်အရေးကြီးပါသည်။ သို့မှသာလျှင် . . . .။

''တစ်ဖန်ပြန်၍ ရှုံးတတ်သော အောင်နိုင်မှုသည်ကား မကောင်းသော အောင်နိုင်ခြင်းဖြစ်၏။ တစ်ဖန်ပြန်၍ မရှုံးသော အောင်နိုင်ခြင်းကား ကောင်းသောအောင်နိုင်ခြင်းဖြစ်၏။ ယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဆောင်နိုင်သည်'' (ဗုဒ္ဓ)။

မောင်မင်းစိုး၊ရွှေနံ့သာ၊

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.