Monday, February 14, 2011

ဗုဒ္ဓသရီရဓာတ်တာ် မြတ်စွယ်တော်

ရှင်မဟာ ကဿပ အမှူးရှိသော ရဟန်းသံဃာ ငါးရာမျှတို့သည် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာစဉ်ဝယ် မြတ်စွာဘုရား၏ သတင်းကို တိကျသေချာ သိသေးဟန် မတူပေ။ ခေတ္တခဏ အပန်းဖြေလျက် သစ်ပင်ခြေ၌ ထိုင်နေတော်မူခိုက် တက္ကတွန်း(အာဇီဝက)ကို အဝေးမှာ လာနေကြောင်း တွေ့မြင်ကြလေရာ “ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော” ဟု မေးတော်မူ၏။ ထိုသို့ မေးလေမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမြန်းသည်မှာ ခုနှစ်ရက်ရှိပြီ ဖြစ်ကြောင်း သိကြရတော့သည်။ ထိုအခါ အရှင်မဟာကဿပ၏ နောက်ပါးမှ ရဟန်းငါးရာတို့အနက် ရာဂမကင်းရသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော် ကြီးလှစွာသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ပညာမျက်စိ ရှိတော်မူ တတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ” ဟု ငိုကြွေးမည်တမ်းကြကုန်၏။ အရုပ်ကြိုး ပြတ်မြေမှာ လူးခတ်ကြကုန်၏။ သင်္ခါရ တရားအတွင်း မြဲခြင်းသဘောမရှိ နိုင်ရကာ ရာဂကင်းပြီး ရန်းတို့မှာမူ အောက်မေ့ချင့်တုံ သည်းခံကုန်ကြလေသည်။ ထိုရဟန်း ငါးရာတွင်ပါဝင်သာ အသိခေါက်ခေါက် အ၀င်နက်လှသည့် တောထွက်ရဟန်း သုဘဒ္ဒမှာ အချုပ်အချယ်မှ လွတ်မြောက်ဘိအလား လိုရာကို ပြုကြပြီး မလိုရာကို မပြုဘဲနေကြ ရုံသာရှိပြီိဟု မပူဆွေးမငိုကြွေးရန် အကြောင်းကို ဆိုလေ၏။ ရှင်မဟာကဿပကမူ မြတ်နိုးချစ်ခင် ဆက်ဆံချင်သော်လည်း ရှင်လျက်နှင့်လည်း ခွဲခွာရတတ်၏။ အရာရာသည် မတည်မြဲကြ၊ ပျက်စီးခြင်း သဘောရှိကြောင်း ကျေးဇူးတော် အရှင်မြတ်စွာဘုရား ဟောကြားဆိုဆုံးမ ခဲ့ပြီးကြောင်း ဖျောင်းဖျလေ၏။


ထိုစဉ်ဝယ် ကုသိနာရုံပြည်သား မလ္လမင်းအကြီးအကဲလေးဦးတို့က မြတ်စွာဘုရား၏ (အလောင်းတော် တည်ရာ) နံ့သာထင်းပုံအား မိးရို့ကုန်သော်လည်း နတ်တို့က မလိုလား၍ လောင်ကျွမ်းခြင်းမရှိ။ နတ်တို့သည် ရှင်မဟာကဿပ ကိုယ်တော်ကြီးကိုယ်တိုင် မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက် မရှိခိုးရသေးမီ နံ့သာထင်းပုံ မီးမလောင်ကျွမ်းစေလိုကြ။ ရှင်မဟာကဿပနှင့် ရဟန်းငါးရာတို့ ခြေစုံဦးခိုက် ရှိခိုးလိုက်ပြီးသည်နှင့် (လူတို့မမြင်ရဘဲ) နတ်တို့ အာနုဘော်ကြောင့် မီးတောက်လောင် သွားတော့၏။ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်းတော်မှ အရေပါး အရေထူ အသား အကြော အစေးတို့၏ ပြာသည်လည်းကောင်း၊ မိုင်းသည်လည်ကောင်း မထင်၊ သရီရ ဓာတ်တော်တို့သည်သာ ကြွင်းကျန်ကုန်၏။ ဆင်မြန်းထားရှိသော(သင်္ကန်း) ပုဆိုး အစုံငါးရာအနက် အတွင်းအကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုး တို့သာ မီးမလောင်ကုန်၊ ကောင်းကင်မှလည်းကောင်း၊ အင်ကြင်းပင်မှလည်းကောင်း၊ ရေများပန်းထွက်ကာ မီးကိုငြိမ်းစေ၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ ထားလျက် လှံချိုင်ဖြင့်ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီး ခုနှစ်ရက်ပတ်လုံး ကဆို တီးမူတ်ကာ ပန်းနံ့သာတို့ဖြင့် ရိုသေလေးမြတ် ပူဇော်လတ်ကြကုန်၏။

အဆိုပါ ကြွင်းကျန်ရစ်သော(ဗုဒ္ဓအမွေ) သရီရဓာတ်တော်များကို စေတီပုထိုးတည်ထားပူဇော်ရန် ဗုဒ္ဓရှင်မြတ်နှင့် ဆွေမျိုးတော်စပ်ခြင်း၊ မင်းမျိုးဖြစ်ခြင်း၊ ပုဏ္ဏားမျိုးဖြစ်ခြင်း စသည်ဖြင့် အကြောင်းပြလျက် ရယူထိုက်ကြောင်း အောက်ပါ ပုဂ္ဂိုလ်တို့က တောင်းဆိုလာကြ၏ -

(က) ဝေဒေဟီ မိဖုရား၏သား မဂဓ တိုင်းရှင် အဇာတသတ်မင်း၊
(ခ) ဝေသာလီပြည်သား လိစ္ဆ၀ီ မင်းများ၊
(ဂ) ကပိလ၀တ်ပြည်၌ နေကြသော သာကီဝင်မင်းများ၊
(ဃ) အလ္လကပ္ပပြည်သား ဗုလီမင်းများ၊
(င) ရာမရွာသား ကောဠိယ မင်းများ၊
(စ) ဝေဌဒီပတိုင်းသားပုဏ္ဏား၊
(ဆ) ပါဝါပြည်သား မလ္လမင်းများ၊
(ဇ) ပရိနိဗ္ဗာန် စံမြန်းရာ ကုသိနာရုံ ပြည်သားမလ္လမင်းများ။

ဤသို့ သူလိုချင်၊ ကိုယ်လိုချင် ဖြစ်နေစဉ်ဝယ် ဒေါဏပုဏ္ဏားသည် ထိုမင်းပေါင်းစုံတို့အား “အရှင်တို့ ကျွန်ုပ်တို့၏ မြတ်စွာဘုရားမှာ သည်းခံသောဝါဒ ရှိပါသည်။ ထိုမြတ်စွဘုရား၏ သရီရဓာတ်တော်တို့ကို ခွဲဝေရေးကြောင့် စစ်ဖြစ်ရန် မသင့်ပါ။ အလုံးစုံသော ငါတို့သည် တစ်ပေါင်းတည်း အညီအညွတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၍ သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ ခွဲဝေကြပါစို့၊ မြတ်စွာဘုရားကို လူအများတို့ ကြည်ညိုလျက် ရှိကြပါသည်။ အရပ်ရှစ်မျက်နှာတို့၌ စေတီပုထိုးအနှံ့အပြား တည်ရှိကြပါစေ” ဟု ဆို၏။ မင်းသားအပေါင်းက သဘောတူကြလေ၏။ ဒေါဏပုဏ္ဏားအားလည်း ဓာတ်တော်ခြင်သော ပြည်တောင်းကို စေတီပုထိုးတည်ထား ကိုးကွယ်ရန်ပေးလေသည်။

ထိုသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော် အမွေခွဲဝေပြီးပါမှ ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့က ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ ဝေစုတောင်းဆိုကြရာ အားလုံးခွဲဝေပြီးကုန်သဖြင့် ပေးရန်မရှိတော့တော့ရကား တေဇောဓာတ် လောင်ကျွမ်းတော်မူရာ (မီးသင်္ဂြိုလ်ရာ) အရပ်မှ မီးသွေးများ ကိုသာ ယူဆောင်ကြရတော့၏။

ဓာတ်တော် အမွေခွဲဝေ ရရှိခဲ့ကြသော ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌လည်းကောင်း၊ ဝေသာလီ ပြည်သား လိစ္ဆ၀ီမင်းတို့သည် ဝေသာလီပြည်၌ လည်းကောင်း၊ ကပိလ၀တ် ပြည်နေသာကီဝင် မင်းတို့သည် ကပိလ၀တ်ပြည်၌လည်းကောင်း၊ အလ္လကပ္ပပြည်သား ဗုလီမင်းတို့က အလ္လကပ္ပပြည်၌ လည်းကောင်း၊ ရာမရွာသား ကောလိယမင်းတို့သည် ရာမရွာ၌ လည်းကောင်း၊ ဝေဌဒီပတိုင်းသား ပုဏ္ဏားကလည်း ဝေဌဒီပတိုင်း၌ လည်းကောင်း၊ ပါဝါပြည်သား မလ္လမင်းတို့ကလည်း ပါဝါပြည်၌ လည်းကောင်း၊ ကုသိနာရုံပြည်သား မလ္လမင်းတို့ကလည်း ကုသိနာရုံပြည်၌လည်းကောင်း မြတ်စွားဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုများ အသီးသီး တည်ထားပူဇော်ကြသည်။

ဒေါဏ ပုဏ္ဏားလည်း ဓာတ်တော်ခြင်တွယ်သည့် တောင်းကို စေတီပုထိုးတည်ထား ပူဇော်လေ၏။ နောက်ကျ၍ ဓာတ်တော်များ မရ၊ မီးသွေးများသာ ရရှိခဲ့ကြသော ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့သည်လည်း ထိုမီးသွေးများကိုပင် ၀ိပ္ပလီဝနတိုင်း၌ စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ထို့ကြောင့် ပြည်တောင်းစေတီနှင့် မီးသွေးစေတီများပါဝင်လျှင် စုစုပေါင်း စေတီပုထိုးတော် ဆယ်ဆူ ဖြစ်ပေါ်ခဲ့လေသည်။

အထက်၌ ဖော်ပြအပ်သော မြတ်စွာဘုရား၏ သရီရဓာတ်တော် ဓမ္မတော်များနှင့် ပတ်သက်၍ ဆဌသင်္ဂါယနာတင် ပိဋကတ်တော်၊ ဒိဃနိကာယ်ဝင် သုတ္တန်ပိဋကတ်(မဟာဝဂ်ပါဠိတော် - မြန်မာပြန်) အပိုဒ် ၂၄၀၌ ၂၄၀၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော်သည် ရှစ်စိတ် (ရှစ်ဒေါဏ) ရှိ၏။ ယောက်ျားမြတ် ဖြစ်သော မြတ်စွာဘုရား၏ (သရီရဓာတ်တော်) ခုနှစ်စိတ်ကို ဇမ္ဗူဒိပ်ကျွန်း၌ ကိုးကွယ်ပူဇော် ကြကုန်၏။ တစ်စိတ်ကိုမူကား ရာမရွာ၌ နဂါးမင်းသည်ကိုးကွယ်ပူဇော်၏။

(၁) တစ်ဆူသော စွယ်တော်ကို တာဝတိံသာ နတ်တို့သည် ကိုးကွယ်ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ဂန္ဓာရပြည်၌ ကိုးကွယ် ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ကာလိဂ်မင်း၏တိုင်းငံ၌ ကိုးကွယ်ပူဇော်ကုန်၏။

(၂) ထို သရီရဓာတ်တော်၏ တန်ခိုးကြောင့်ပင်လျှင် ဤမာပထ၀ီ မြေပြင်သည် မြတ်သောဓာတ်တော် ပူဇော်ပွဲတို့ဖြင့် တန်ဆားဆင်ထားသကဲ့သို့ တင့်တယ်ပေ၏။ ဤသို့လျှင် မြတ်စွာဘုရား၏ ဤသရီရဓာတ်တော်ကို မြတ်ထက်မြတ်ဖြစ်သော နတ်လူတို့သည် ကောင်းစွာအရို အသေပြုကြကုန်၏။

(၃) (အကြင်) သရီရဓာတ်တော်ကို နတ်မင်း၊ နဂါးမင်း၊ လူမင်းတို့သည် ပူဇော်ကလေပြီ။ ထို့အတူပင် မင်းထက် မင်းမြတ်တို့သည်လည်း ပူဇော်ကြလေပြီ။ (သရီရဓာတ်တော်)ကို ရရှိလတ်သော် လက်အုပ်မိုးချီရှိခိုး ကြကုန်လော့၊ မြတ်စွာဘုရားဟူသည် ကမ္ဘာအရာတို့ဖြင့်သော်လည်း စင်စစ် တွေ့ခဲ့ရ၏။

(၄) ညီညွတ်သော သွားတော်လေးဆယ်နှင့် အလုံးစုံသော ဆံတော် မွေတော်တို့သည် ရှိကုန်၏။ နတ်တို့သည် တစ်ဆူစီ၊ တစ်ဆူစီ စကြ၀ဠာအဆက်ဆက်သို့ ပင့်ဆောင်လေကုန်သတည်း။

(၅)(သွားတော် လေးဆယ်ဟုဆိုသော်လည်း စွယ်တော်လေးဆူမှတစ်ပါးသော သွားတော်သုံးဆယ့် ခြောက်ဆူကိုသာလျှင် ယူရာ၏။ ဤဂါထာတို့ကို သီဟိုဠ်မထေရ်တို့ ထည့်သွင်း ထားခဲ့သည်ဟု အဋ္ဌကထာ၌ ဆို၏။)

ထိုသို့ဆိုလျှင် ဂန္ဓာရပြည်၌ စွယ်တော်တစ်ဆူရောက်တော်မူသည်မှာ သေချာပါ၏။ ဂန္ဓာရပြည်သည် အဘယ်မှာရှိသနည်း။ အဘယ်တိုင်းပြည်ကို ခေါ်ဆိုသနည်း။ အချို့ကမူ မဟာဝဂ်ပါဠိတော်ပါ ဂန္ဓာရတိုင်းဆိုသည်မှာ အိန္ဒိယနိုင်ငံတွင်းမှတိုင်းတစ်တိုင်း ဖြစ်သည်ဟုဆို၏။ မြေပြင် အခြေအနေအရ လည်းကောင်း၊ ရှေးဟောင်း သုတေသန လေ့လာချက်များအရ လည်းကောင်း၊ ဂန္ဓာရတိုင်းသည် ပါကစ္စတန်နှင့် တရုတ်ပြည်အကြား၌ ရှိနေသော ရှေးယခင် အိန္ဒိယ နယ်မြေတိုင်းကိုးတိုင်း အနက်မှ တစ်တိုင်းဖြစ်သည်ဟု ဆို၏။ ထို ဂန္ဓာရတိုင်းမှ တရုတ်ပြည်သို့ ပင့်ဆောင်သွားခဲ့သည်ဟုလည်း မှတ်ယူအပ်၏။ မည်သို့ ဆိုစေ တရုတ်ပြည်သို့ သမ္မတနိုင်ငံ၌ စွယ်တော်မြတ် တစ်ဆူ ကိန်းဝပ်စံပယ်တော် မူသည်မှာ ယင်းဂန္ဓာရတိုင်းမှ စွယ်တော်မြတ်ပင်ဖြစ်ကြောင်း ယူဆရန် ရှိပေသည်။

ထိုစွယ်တော်မြတ်နှင့် ပတ်သက်၍ တရုတ်မှတ်တမ်းများအရ မြတ်စွာဘုရား၏ အမွေ စွယ်တော်မြတ် လေးသွယ်အနက် လူသားတို့ထံ၌ စွယ်တော်နှစ်ဆူ ကျန်ရှိရာတစ်ဆူကို သီရိလင်္ကာနိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူကို ယနေ့ပါကစ္စတန်နိုင်ငံတွင် တည်ရှိသည့် ရှေးဟောင်း ဥဒယာန(Udyana) ဘုရင့်နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ကြ၏။ ထိုဥဒယာန နိုင်ငံမှ ခိုတန်(Khotan) နိုင်ငံ၊ ယနေ့တရုတ်နိုင်ငံ ဆင်ဂျီယန်း(Xinjiang) ပြည်နယ် ဟိတ်ယန့်(Hetian) ဒေသသို့ပင့်ဆောင် ခဲ့ကြသည်။ ခရစ်နှစ် ငါးရာစုခေတ်တွင်တောင်ပိုင်း ကီမင်းဆက်(Qi Dynesty)မှ တရုတ်ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်သော ဖာစီယန်(Fa-Xian)သည် ခိုတန်နိုင်ငံမှ တရုတ်ပြည် ကီမင်းဆက်၏ မြို့တော် နန်ကင်းမြို့(Nan Jing)သို့ ပင့်ဆောင်ခဲ့သည်။ ဆွီမင်းဆက်(Sui Dynasty) လက်ထက်၌ မြို့တော်သစ်ဖြစ်သည့် ချန်အန်း(Chang-an)သို့ ပင့်ဆောင်ခဲ့ပြန်သည်။ ထို့နောက်ပိုင်း မင်းဆက် ငါးဆက်ခန့်တွင် ပြည်တွင်းရေး ရူပ်ထွေးမူရှိခဲ့၍ နေရာအမျိုးမျိုး ရွှေ့ပြောင်း ပင့်ဆောင် ထိန်းသိမ်းခဲ့ကြရ၏။ နောက်ဆုံး လီယိုမင်းဆက်(Liao dynasty) လက်ထက်၌ ယင်းကင်း(Yen-Jing) ယနေ့ ပီကင်းမြို့(Bei-Jing)သို့ ပင့်ဆောင် ကိုးကွယ်ခဲ့ကြသည်။ ဒေါဇွန်(Dao Zong) ဘုရင်၏ မှတ်တမ်းတွင် ဗုဒ္ဓစွယ်တော်မြတ်အား ခရစ်နှစ် ၁၀၇၁၌ ဇောင်ဇီယန်ဘုရား(Zhao-Xian Pagoda)တွင် ဌာပနာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဇော်ဇီယန် ဘုရားကို တည်ထားရာ လင်းဂွမ်း(Ling guang) ကျောင်းတော်မှာမူ ခရစ်နှစ် ရှစ်ရာစုက တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၉၀၀ပြည့်က တရုတ်ပြည် စစ်ရေးအခြေအနေကြောင့် လင်းဂွမ်းဘုန်းတော်ကြီးကျောင်းနှင့် ဇော်ဗီယန်ဘုရားတို့ ပျက်စီးခဲ့လေရာ စေတီ၏ အောက်ခြေ၌ စွယ်တော်ကိန်းဝပ်ရာ ကျောက်သား ဓာတ်တော်ကြုတ်ကို တွေ့ကြရသည်။ ကြုတ်အတွင်း၌ သေတ္တာငယ်တွင် သကျမုနိ မြတ်စွာဘုရား၏ စွယ်တော်၊ ရေးသားသူ ရှန်းမှီး တီယန်ဝှီး၊ ခုနှစ်နှစ်မြောက် လေးလ နှစ်ဆယ့် သုံးရက်နေ့ဟု ရေးသား ဖော်ပြထားကြောင်း သိရပါ၏။ ထိုရက်စွဲမှာ “လီယိုမင်းဆက် သမိုင်း” စာအုပ်တွင်ပါရှိသော ရက်စွဲနှင့် ကိုက်ညီသဖြင့် တရုတ်သမိုင်း ကြောင်းအရ မှန်ကန်မူရှိကြောင်း သုံးသပ်ကြပါသည်။

အချုပ်အားဖြင့်ဆိုရပါမူ ဗုဒ္ဓ၏ဓာတ်တော် အမွေခွဲဝေခဲ့ ကြပုံကိုလည်းကောင်း၊ ခွဲဝေရရှိခဲ့သော ဓာတ်တော်များကို စေတီပုထိုး အမျိုးမျိုးတည်ထား ကိုးကွယ်ခဲ့ကြသည်ကိုလည်းကောင်း၊ သုတ္တန် ပိဋကတ်အထောက် အထားဖြင့် သိရှိနိုင်ပါ၏။ ထို့နောက်ပိုင်း အဆင့်ဆင့် ပင့်ဆောင်ကြပုံကိုမူ သမိုင်းရေးရာ အထောက်အထားများဖြင့် တွက်ချက်မှန်းဆအတည်ပြုခဲ့ကြပါ၏။ သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ သရီရ ဓာတ်တော်၊ စွယ်တော် အမွေအနှစ်များကို မပျောက်မပျက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရင်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ရိုသေလေးမြတ် ပူဇော်အပ်လှပါသဖြင့် ကြည်ညို သဒ္ဓါပွားများနိုင်ကြစေရန် အလို့ငှာ ကုသိုလ်ပုညခွဲဝေမျှလိုက် ရပါသတည်း။


မှီငြမ်းစာစောင်များ

(၁) မဟာဝဂ်ပါဠိတော် မြန်မာပြန်(သာသနာရေး ဦးစီးဌာန)
(၂) ပါဠိသက်ဝေါဟာရ အဘိဓာန်(ဦးထွန်းမြင့်)
(၃) The Buddha’s Tooth relic Pagoda(the Buddhist Association og China)

ကပ္ပိယစန်းလွင် ရေးသားချက်အား ပြန်လည်မျှဝေသည်(M.S.M.A) ဆိုက်မှ ကူး၍ဖော်ပြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.