Saturday, July 9, 2011

"လမြတ်ဝါဆို"

``သန္ဓေ, တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို´´ဟူသည်နှင့်အညီ မြန်မာ ၁၂-လတို့တွင် လေးခုမြောက်ဖြစ်သော ၀ါဆိုလ၌ ဂေါတမ ဘုရားအလောင်းတော်သည် ပဋိသန္ဓေနေတော်မူခဲ့သည်။ ဘုရားအဖြစ်ကိုကျင့်ရန် တောထွက်တော်မူခဲ့သည်။ ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံးတရားဦးဓမ္မစကြာကို ဟောကြားတော်မူခဲ့သည်။ ထို့ပြင် ဤ၀ါဆိုလ၌ ဘုရားရှင်သည် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့ရှေ့၌ ဘုရားအဖြစ်ကို ၀န်ခံတော်မူခဲ့သည်။ ဓမ္မစကြာတရားတည်းဟူသော တရားရတနာ စတင်ပေါ်ပေါက် ခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတည်းဟူသော သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားခွင့်ရခဲ့သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အနေဖြင့် ဤ၀ါဆိုလကို လထူးလမြတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ``၀ါဆိုလ´´ဟူရာ၌ ၀ါ-မှာ ၀ါသ-ဟူသောပါဠိမှဆင်းသက်လာပြီး ``နေခြင်း´´ဟု အဓိပ္ပါယ်ရသည်။ ဆို-မှာ ``ရွတ်ဆိုခြင်း´´ဟုအဓိပ္ပါယ်ရသည်။ ``၀ါဆိုလ´´၏ အဓိပ္ပါယ်အပြည့်အစုံမှာ ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်ဟု ရွတ်ဆိုကတိပြုသော လဟု အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။
ရှေးအခါက ``၀ါဆိုလ´´ကို ``မြွယ်တာလ´´ဟူ၍ခေါ်ဆိုကြောင်းသိရသည်။ မြွယ်-မှာ ``လယ်မြေ´´ဟူ၍အဓိပ္ပါယ်ရပြီး တာ-မှာ ``တိုင်းတာခြင်း´´ဟူ၍အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ၀ါဆိုလကို ရှေးအခါက ``မြွယ်တာလ=လယ်မြေများတိုင်းတာသောလ´´ဟူ၍လည်း အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။ ဤ၀ါဆိုလတွင် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များ မိုးတွင်းသုံးလပတ်လုံး မိမိတို့ကျောင်း၌ နေထိုင်ရန် ၀ါဆိုဝါကပ်ကြသည်။ ဗုဒ္ဓဘာသာဝင် ဒါယကာ/ဒါယိကာမတို့သည်လည်း ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်တို့အား မိမိတို့တတ်စွမ်းသည့် ၀ါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းသံဃာတော်တို့သည် နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြပြီး သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့၌ ၀ါကျွတ်ကြသည်။ ပထမ၀ါဆို၊ ဒုတိယ ၀ါဆိုအားဖြင့် ၀ါဆိုလနှစ်လရှိသောနှစ်(၀ါထပ်သောနှစ်)တွင် ဒုတိယ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြရသည်။ အရေးပေါ်ကိစ္စတစ်ခုခုကြောင့် ၀ါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းမပြုနိုင်ကြသော ရဟန်းသံဃာတော်များမှာ ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော် မူကြရပြီး တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ၀ါကျွတ်ကြရသည်။ ပုံမှန်ဝါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ၀ါဆို သည်ဟု ခေါ်ဝေါ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၀ါခေါင်လမှ ၀ါဆိုဝါကပ်ခြင်းကို ပစ္ဆိမ၀ါဆိုသည်ဟုခေါ်ဝေါ်သည်။
ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းသံဃာတော်များသည် နွေ, မိုး, ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြသည်။ မိုးတွင်းကာလ တောင်သူလယ်သမားတို့ လယ်ယာစိုက်ပျိုး ချိန်တွင် ခရီးလှည့်လည်ကြသော သံဃာတော်တို့ကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံ များ ပျက်စီးကြရသည်။ ထိုအခါ ဒကာ/ဒကာမ တောင်သူလယ်သမားများက ခရီးလှည့်လည်သွားလာကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်ကြသည်။ ``သာသနာပတိတ္ထိများသည်ပင် ဤကဲ့သို့မိုးတွင်းကာလ၌ ခရီးမသွားကြ၊ တိရစ္ဆာန်ငှက်များသည်ပင် ဤမိုးတွင်းကာလ၌ အရပ်တပါးသို့ မပျံသန်းကြဘဲ မိမိတို့အသိုက်အတွင်း၌ နေကြသည်။ ဤသာသနာတွင်း၌နေကြသော ငါတို့ကိုးကွယ်ရာ ရဟန်းတော်များသည် မိမိတို့နေရာ၌ အေးအေးဆေးဆေးမနေကြဘဲ မိုးတွင်းကြီး၌ ခရီးလှည့်လည် ကြသည်။ ထို့ကြောင့် ငါတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်´´ ဤကဲ့သို့ ပြည်သူ/ပြည်သား ဒကာ/ဒကာမ တို့က မိုးတွင်း၌ခရီးလှည့်လည်ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်စကားဆိုကြသည်။ ထိုအကြောင်းကို ဘုရားရှင်ကြားသိ တော်မူသောအခါ ရဟန်းသံဃာတော်အားလုံး ၀ါတွင်း(မိုးတွင်း)ကာလ၌ ခရီးလှည့်လည်ခြင်းမပြုဘဲ ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းတိုက်အတွင်း၌ ၀ါဆိုဝါကပ်ခြင်းပြု၍ ရဟန်းတရားပွားများအားထုတ်ရန် ပညတ်တော်မူသည်။ ထို့ပြင် ၀ါကျိုး ၀ါပြတ် ၀ါမကပ် ကြသော ရဟန်းတော်များအား ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့သည်။
ထိုကဲ့သို့ ၀ါဆိုဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များမှာ ၀ါမကျွတ်ခင်ဝါတွင်း၌ အရေးအကြောင်းကိစ္စမရှိဘဲ အရပ်တပါးသို့ ညဥ့်အိပ်ညဥ့်နေ မသွားရပေ။ အကယ်၍ မဖြစ်မနေ သွားရမည့် အရေးကြီးကိစ္စပေါ်လာလျှင် ၀ါပန်ပြီး သွားခွင့်ရှိသည်။ သို့သော် (၇)ရက်ကျော်အောင်နေခွင့်မရှိပေ။ ၀ါပန်သည့်နေ့မှ (၇)ရက် မကျော်မီ မိမိမူလသီတင်းသုံး ၀ါဆိုသည့်ဌာနသို့ ပြန်လာကြရသည်။ ဤသည်တို့မှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ခြင်းနှင့် ၀ါပန်ခြင်း အကြောင်းများဖြစ်သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သော ဓမ္မစကြာအခါတော် နေ့လည်းဖြစ်ပေသည်။ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့အခါက ကျွန်ုပ်တို့ကိုးကွယ်ရာ ဂေါတမဘုရားရှင်သည် ``ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ´´အစချီသော ဓမ္မစကြာတရားတော်မြတ်ကြီးကို အရှင်ကောဏ္ဍညအမှူးပြုသော ပဉ္စ၀ဂ္ဂီငါးဦး တို့အား အဦးဆုံး ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ``ဓမ္မစကြာအခါတော်နေ့´´ဟု သတ်မှတ်ခဲ့ကြသည်။
ဝါတွင်းကာလ ဥပုသ်နေ့များ၌ ဗုဒ္ဓဘာသာဝင် ဒကာ/ဒကာမအပေါင်းတို့သည် မိမိတို့နှင့်နီးစပ်ရာ ရပ်ကွက်ဓမ္မာရုံ များသို့လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့လည်းကောင်း သွားရောက်၍ သီတင်းသီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း-စသော ကုသိုလ်အမှုတို့ကို ပြုလုပ်ကြသည်။ ထို့ပြင် အမျိုးသမီးများသည် အသင်းအဖွဲ့ များစုပြီး ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်လေ့ ရှိကြသည်။ အချို့လူငယ်လူရွယ်များမှာ မိမိတို့ရပ်ကွက် အတွင်း၌ အသင်းများဖွဲ့၍ ၀ါတွင်းဥပုသ်နေ့နံနက်တိုင်း ဘုံဆွမ်းများလောင်းလှူ လေ့ရှိကြသည်။ ဤကဲ့သို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ကုသိုလ်ကောင်းမှုများပြုလုပ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ရဟန်း သံဃာတော်များဝါဆိုဝါကပ်၍ ရဟန်းတရားအားထုတ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်၏ ပဋိသန္ဓေယူရာ, တောထွက်ရာ, ဓမ္မစကြာတရားဦးဟောတော်မူရာလ ဖြစ်သောကြောင့်လည်းကောင်း ဤ၀ါဆိုလကို အလွန်ထူးမြတ်သော ``လမြတ်ဝါဆို´´ဟု ခေါ်ဝေါ်မှုပြုခဲ့ ကြသည်။
ထွန်းဇော်ဦး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.