Saturday, July 9, 2011

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး နှင့် ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး
ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဘဝမှာ အပါယ်မလားဘူးလို့ အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ အဲဒီနိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒီဝါဆိုသင်္ကန်းအလှူကို လုပ်ထားပေမယ့် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ်ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုးလို့ သီးသန့်မဟုတ်ဘဲ သင်္ကန်းလှူရကျိုးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာတွေမှာ ဖွင့်ပြထားတာကတော့ သင်္ကန်းအလှူဟာ အမျိုးသားများအတွက် ဘုရားတစ်ဆူဆူရဲ့ အထံတော်မှာ ဧဟိဘိက္ခု (ရဟန်းလာလော့) အခေါ်ခံရကာ ရဟန်းအဖြစ်ကို ရရှိနိုင်ခြင်း၊ အမျိုးသမီးများအတွက် ဝိသာခါတို့လို တန်ဘိုးအလွန်ကြီးမားတဲ့ မဟာလတာ တန်ဆာကို ဆင်မြန်းနိုင်ခြင်း အကျိုးထူးတရားတွေကိုလည်း ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ကိံဒဒသုတ်မှာတော့ အဝတ်သင်္ကန်း လှူဒါန်းတဲ့သူဟာ အဆင်းကို လှူဒါန်းရာရောက်တဲ့အတွက် ရုပ်အဆင်းအင်္ဂါ လှပခြင်းအကျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဝါဆိုသင်္ကန်းစတဲ့ သင်္ကန်းအလှူကို လှူဒါန်းရတဲ့ သူတွေဟာ အဆင်းကိုလှူရာရောက်သလို နိဗဒ္ဓအလှူ အမျိုးအစားဖြစ်တဲ့အတွက် စွဲမြဲတဲ့ ကုသိုလ်ဖြစ်စေကာ ဒီစိတ်နဲ့ သေသွားပါက သေပြီးနောက်မှာ အပါယ်မလားနိုင်ခြင်း အကျိုးထူးကို ဖြစ်စေတဲ့အပြင် နောက်ဆုံးမှာ အမျိုးသားများအတွက် ဧဟိဘိက္ခုရဟန်းအဖြစ်၊ အမျိုးသမီးများအတွက် မဟာလတာတန်ဆာကို ဆင်မြန်းခွင့်စတဲ့ အကျိုးများကို ဖြစ်စေကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။
၂၁၉-ဝိသာခါဝတ္ထု
၃၄၉။ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော် မူပြီးလျှင် သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် သာဝတ္ထိပြည်သို့ ရောက် တော်မူ၏၊ မြတ်စွာဘုရားသည် ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော မိဂါရမာတာမည်သော ဝိသာခါကို မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက် တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။
ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးသော် မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံ တော်မူ၏။ ထိုအခါ မိဂါရမာတာ မည်သော ဝိသာခါသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထိုအခါ၌ ထိုညဥ့်လွန်သော် လေးကျွန်းလုံးနှံ့သော မိုးကြီးရွာ၏။ ထိုအခါ မြတ်စွာဘုရားသည့်ရဟန်းတို့ကို ''ရဟန်းတို့ ဇေတဝန်ကျောင်း၌ ရွာသကဲ့သို့ ထို့အတူ လေးကျွန်းလုံးတို့၌ ရွာ၏၊ ရဟန်း တို့ ကိုယ်ကို မိုးရေခံကုန်လော့၊ ဤမိုးကြီးသည်ကား နောက်ဆုံးဖြစ်သော လေးကျွန်းလုံးကို နှံ့သော မိုးကြီးပေတည်း''ဟု မိန့်တော်မူ၏။
''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံ၍ သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံကုန်၏။ ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေပြီးလျှင် ကျွန်မကို ''ဟယ် ကျွန်မ သွားချေ၊ အရံကျောင်းတော်သို့ သွား၍ အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကို လျှောက် လေလော့''ဟု စေလွှတ်လိုက်၏။
''အရှင်မ ကောင်းပါပြီ''ဟု ဆို၍ ထိုကျွန်မသည် မိဂါရမာတာမည်သော ဝိသာခါအား ဝန်ခံ၍ အရံ ကျောင်းတော်သို့ သွားသည်ရှိသော် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံနေကုန်သော ရဟန်း တို့ကို မြင်၍ ''အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေကုန်၏''ဟု (မှတ်ထင်ကာ) မိဂါရမာတာမည်သော ဝိသာခါထံသို့ သွားပြီးလျှင် မိဂါရမာတာမည်သော ဝိသာခါကို ''အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေပါကုန်၏''ဟု ပြောဆို၏။
ထိုအခါ ပညာရှိ၍ လိမ္မာသော လျင်သော ပညာနှင့် ပြည့်စုံသော မိဂါရမာတာမည်သော ဝိသာခါအား ''စင်စစ် အသျှင်ကောင်းတို့သည် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံကာ နေကုန်လတ္တံ့၊ ထိုမလိမ္မာသော ကျွန်မသည် အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေ ခံကာ နေကုန်၏ဟု မှတ်ထင်ဟန်ရှိ၏''ဟု အကြံဖြစ်၏။
ထို့နောက် ကျွန်မကို ''ဟယ်ကျွန်မ သွားချေဦး၊ အရံကျောင်းတော်သို့ သွားပြီးလျှင် အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ''ဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကို လျှောက်လေလော့ဟု စေလွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းတို့သည် ကိုယ်ကို ချမ်းအေးအောင် ပြုပြင်ပြီးလျှင် ခံ့ကျန်းသော ကိုယ်ရှိကုန်သည် ဖြစ်၍ သင်္ကန်းတို့ကို ယူကုန်လျက် ကျောင်းသို့ ဝင်ကုန်၏။
ထိုအခါ၌ ကျွန်မသည် အရံကျောင်းတော်သို့ သွား၍ ရဟန်းတို့ကို မမြင်သည်ရှိသော် ''အရံကျောင်း တော်၌ ရဟန်းတို့ မရှိကုန်၊ အရံကျောင်းတော်သည် ဆိတ်ငြိမ်၏''ဟု (မှတ်ထင်ကာ) မိဂါရမာတာမည်သော ဝိသာခါ ထံသို့ သွားပြီးလျှင် မိဂါရမာတာမည်သော ဝိသာခါကို ''အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အရံကျောင်းတော်သည် ဆိတ်ငြိမ်၏''ဟု ပြောဆို၏။
ထိုအခါ ပညာရှိ၍ လိမ္မာသော လျင်သော ပညာနှင့် ပြည့်စုံသော မိဂါရမာတာမည်သော ဝိသာခါအား ''စင်စစ် အသျှင်ကောင်းတို့သည် ကိုယ်ကို ချမ်းအေးအောင် ပြုကုန်လျက် ခံ့ကျန်းသော ကိုယ်ရှိကုန်သည် ဖြစ်၍ သင်္ကန်းတို့ကို ယူကာ ကျောင်းတွင်းသို့ ဝင်ကုန်သည် ဖြစ်လိမ့်မည်၊ ထိုမလိမ္မာသော ကျွန်မသည် အရံကျောင်း တော်၌ ရဟန်းတို့ မရှိကုန်၊ အရံကျောင်းတော်သည် ဆိတ်ငြိမ်၏ဟု မှတ်ထင်ဟန် ရှိ၏''ဟု အကြံဖြစ်၏။
ထို့နောက် ကျွန်မကို ''ဟယ် ကျွန်မ သွားချေဦး၊ အရံကျောင်းတော်သို့ သွားပြီးလျှင် အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကို လျှောက်ထားလေလော့''ဟု စေလွှတ်လိုက်ပြန်၏။
၃၅ဝ။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ သပိတ်သင်္ကန်းကို ပြင်ဆင်ကုန် လော့၊ ဆွမ်းဘုဉ်းပေးရန် အချိန်တန်ပြီ''ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်း တို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူကာ့အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့် ထားသော လက်ကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူသာလျှင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ မိဂါရမာတာမည်သော ဝိသာခါ၏ တံခါးမုခ်၌ ထင်ရှားဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။
ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် ''အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည် အံ့ဖွယ်ရှိပေစွတကား၊ အချင်းတို့ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား၊ မြတ်စွာဘုရားသည် ပုဆစ်ဒူးအတိုင်း အရှည်ရှိသော ရေအလျဉ်တို့သည် စီးနေပါကုန်လျက် ခါးအတိုင်းအရှည်ရှိသော ရေအလျဉ် တို့သည် စီးနေပါကုန်လျက် တစ်ပါးသော ရဟန်း၏သော်လည်း ခြေတို့သည်လည်းကောင်း၊ သင်္ကန်းတို့သည်လည်းကောင်း မစိုစွတ်ကုန်''ဟု ရွှင်လန်းဝမ်းမြောက်သည် ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာ ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင်လုပ်ကျွေး ၍ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်တော်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ ၌ ထိုင်နေသော မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကို တောင်းလိုပါ၏''ဟု လျှောက်၏။ ဝိသာခါ မြတ်စွာဘုရား တို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ဟု (မိန့်တော်မူရာ) အသျှင်ဘုရား အပ်လည်း အပ်ပါ၏၊ အပြစ်လည်း မရှိပါဟု လျှောက်၏။ ဝိသာခါ ဆိုလော့ဟု (မိန့်တော်မူ၏)။
------
ဝိသာခါတောင်းသော ဆု (၈) ပါး
အသျှင်ဘုရား အကျွန်ုပ်သည်- (၁) သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။ (၂) ဧည့်သည်အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။ (၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၄) သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။ (၆) သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။ (၇) အမြဲယာဂုလှူလိုပါ၏။ (၈) ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏ဟု (လျှောက်၏)။ ဝိသာခါ သင်သည် အဘယ်သို့သော အကျိုးထူးကို ကောင်းစွာ မြင်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား အကျွန်ုပ်သည် ယခုအခါ ကျွန်မကို ''ဟယ် ကျွန်မ သွားချေ၊ အရံကျောင်းတော်သို့ သွား၍ အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကို လျှောက်လေလော့''ဟု စေလွှတ်လိုက်ပါသည်။ အသျှင်ဘုရား ထိုအခါ ကျွန်မသည် အရံကျောင်းတော်သို့ သွားသည်ရှိသော် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံနေကုန်သော ရဟန်းတို့ကို မြင်၍ ''အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေကုန်၏''ဟု (မှတ် ထင်ကာ) အကျွန်ုပ်ထံသို့ လာပြီးလျှင် အကျွန်ုပ်ကို ''အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိပါကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေပါကုန်၏''ဟု ပြောကြားပါသည်။
အသျှင်ဘုရား အဝတ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ်ဖွယ် ရွံ့ရှာဖွယ် ဖြစ်ပါသည်။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကိုကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက့်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။
အသျှင်ဘုရား ထို့ပြင်လည်း ဧည့်သည်အာဂန္တုဖြစ်သော ရဟန်းသည် ခရီးကို မကျွမ်းကျင်သည် ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို မသိသဖြင့် ပင်ပန်းစွာ ဆွမ်းခံရပါ၏၊ ထိုဧည့်သည် အာဂန္တု ရဟန်းသည် အကျွန်ုပ်၏ အာဂန္တုတို့အား လှူသော ဆွမ်းကို စားပြီးမှ ခရီးကို သိသည်ဖြစ်၍ ဆွမ်းခံ အပ်, မခံအပ်သော အိမ်ကို သိသဖြင့် မပင်ပန်းဘဲ ဆွမ်းခံရပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ဧည့်သည်အာဂန္တုရဟန်းသံဃာအား ဆွမ်းလှူ ရန် အလိုရှိပါသည်။
အသျှင်ဘုရား ထို့ပြင်လည်း ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် အဖော်ကုန်သည်မှလည်း ကျန်ရစ်ပါလိမ့်မည်၊ သွားလိုသော ကျောင်းသို့ အချိန်အခါမဲ့၌ ရောက်ပါလိမ့်မည်၊ ပင်ပန်း စွာ ခရီးရှည် သွားရပါလိမ့်မည်။ ထိုရဟန်းသည် အကျွန်ုပ်၏ ခရီးသွားရဟန်းတို့အား လှူသော ဆွမ်းကို စားပြီးမှ သွားရသော် အဖော်ကုန်သည်မှ မကျန်ဘဲရှိပါလိမ့်မည်၊ သွားလိုသော ကျောင်းသို့ အချိန်အခါ၌ ရောက်ပါလိမ့်မည်၊ မပင်ပန်းဘဲ ခရီးရှည် သွားနိုင်ပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ခရီးသွားရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။
အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဘောဇဉ်တို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွားပါလိမ့်မည်၊ သေခြင်းသော်လည်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်၏ သူနာ ရဟန်းတို့အား လှူသော ဆွမ်းကို စားရသော ထိုရဟန်းအား အနာသည် မတိုးပွါးလတ္တံ့၊ သေခြင်းသည်လည်း မဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက် ဆုံး သူနာရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။
အသျှင်ဘုရား ထို့ပြင်လည်း သူနာပြုရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် နာဖျားသော ရဟန်း၏ ဆွမ်းကို နေမြင့်မှ ဆောင်ရလတ္တံ့၊ ဆွမ်းငတ်ပြတ်လတ္တံ့၊ ထိုသူနာပြုရဟန်းသည် အကျွန်ုပ်၏ သူနာပြုရဟန်းတို့အား လှူသော ဆွမ်းကို စားရသော် နာဖျားသော ရဟန်း၏ ဆွမ်းကို စောစောဆောင် နိုင်ပါလတ္တံ့၊ ဆွမ်းငတ်ပြတ်ခြင်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည် ဖြစ်၍ အသက်ထက်ဆုံး သူနာပြုရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။
အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဆေးတို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွါးပါလတ္တံ့၊ သေခြင်းသော်လည်း ဖြစ်ပါလတ္တံ့၊ အကျွန်ုပ်၏ သူနာတို့အား လှူသော ဆေးကို စားရသော ထိုရဟန်းအား အနာသည်လည်း မတိုးပွါးပါလတ္တံ့၊ သေခြင်းသည်လည်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆေးလှူရန် အလိုရှိပါသည်။
အသျှင်ဘုရား ထို့ပြင်လည်း မြတ်စွာဘုရားသည် အန္ဓကဝိန္ဒရွာ၌ ဆယ်ပါးသော အကျိုးတို့ကို မြင်တော်မူသဖြင့် ယာဂုကို ခွင့်ပြုတော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုဆယ်ပါးသော အကျိုးတို့ကို ကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး အမြဲယာဂုလှူရန် အလိုရှိပါ၏။
အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းမိန်းမတို့သည် အစီရဝတီမြစ်၌ ပြည့်တန်ဆာမတို့နှင့် အတူ အဝတ်မဆီးအချည်းအနှီးဖြင့် တစ်ခုတည်းသော ရေဆိပ်၌ ရေချိုးကုန်၏၊ အသျှင်ဘုရား ထိုပြည့်တန်ဆာမ တို့သည် ရဟန်းမိန်းမတို့ကို ''အသျှင်မတို့ ငယ်ကုန်သော သင်တို့သည် အဘယ့်ကြောင့် အကျင့်ကို ကျင့်ကုန်သနည်း၊ ကာမဂုဏ်တို့ကို ခံစားသင့်သေးသည် မဟုတ်ကုန်လော၊ အိုမင်းသော အခါ၌ ကျင့်ကုန် လော့၊ ဤသို့ ကျင့်သည်ရှိသော် သင်တို့အား နှစ်ပါးသော အကျိုးတို့ကို ယူအပ်သည် ဖြစ်ကုန်လတ္တံ့''ဟု ပြက်ရယ်ဆိုပါ၏။
အသျှင်ဘုရား ထိုရဟန်းမိန်းမတို့သည် ပြည့်တန်ဆာမတို့က ပြက်ရယ်ပြုအပ်ကုန်သည် ဖြစ်၍့မျက်နှာမသာယာ ဖြစ်ရပါကုန်သည်၊ အသျှင်ဘုရား မိန်းမအား အဝတ်မဆီးအချည်းနှီး နေခြင်းသည် မစင် ကြယ်ပါ၊ စက်ဆုပ် ရွံရှာဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည် ဖြစ်၍ ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်လှူရန် အလိုရှိပါသည်ဟု (လျှောက်၏)။
၃၅၁။ ဝိသာခါ သင်သည် အဘယ်အာနိသင်ကို ကောင်းစွာ မြင်သည်ဖြစ်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသာသနာတော်၌ ဝါမှကျွတ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကုန်လတ္တံ့၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား ဤမည်သော ရဟန်းကား သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်၌ ဖြစ်ခြင်းကား အဘယ်ပါနည်း (အကျွတ်တရားရခြင်းကား အဘယ်နည်း) ''ဟု မေးကုန်လတ္တံ့။ မြတ်စွာ ဘုရားသည် ထိုကွယ်လွန်ခဲ့သော ရဟန်းကိုသောတာပတ္တိဖိုလ်သို့ ရောက်၏ဟူ၍သော်လည်းကောင်း၊ သကဒါဂါမိဖိုလ်သို့ ရောက်၏ဟူ၍သော်လည်းကောင်း၊ အနာဂါမိဖိုလ်သို့ ရောက်၏ဟူ၍သော်လည်းကောင်း၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟူ၍သော်လည်းကောင်း ဟောကြားတော်မူလတ္တံ့။
အကျွန်ုပ်သည် ထိုရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရားတို့ ထိုအသျှင်သည် သာဝတ္ထိပြည် သို့ လာဖူးပါသလော''ဟု မေးအံ့။ ထိုရဟန်းသည် ''သာဝတ္ထိပြည်သို့ လာဖူး၏''ဟု အကျွန်ုပ်အား အကယ်၍ ပြောဆိုကုန်ငြားအံ့၊ ဤသို့ဆိုသောအခါ၌ ဧကန်မုချ ထိုအသျှင်သည် ငါ၏ မိုးရေခံသင်္ကန်းကိုသော်လည်း သုံးဆောင်ဖူး၏၊ ဧည့်သည်တို့အား လှူသော ဆွမ်းကိုသော်လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုသော်လည်းကောင်း၊ သူနာတို့အား လှူသော ဆွမ်းကိုသော်လည်းကောင်း၊ သူနာပြု ရဟန်းတို့အား လှူသော ဆွမ်းကိုသော်လည်းကောင်း၊ နာဖျားသော ရဟန်းတို့အား လှူသော ဆေးကိုသော်လည်းကောင်း၊ အမြဲလှူသော ယာဂုကိုသော်လည်းကောင်း သုံးဆောင်ဖူး၏''ဟု ဆုံးဖြတ်ခြင်းသို့ ရောက်ပါအံ့။
ထိုသုံးဆောင်ဖူးသော ရဟန်းကို အောက်မေ့သော အကျွန်ုပ်အား ဝမ်းမြောက်ခြင်း ဖြစ်လတ္တံ့၊ ဝမ်း မြောက်သော အကျွန်ုပ်အား နှစ်သက်ခြင်း ဖြစ်လတ္တံ့၊ နှစ်သက်သော စိတ်ရှိသော အကျွန်ုပ်၏ ကိုယ်သည် ငြိမ်းအေးလတ္တံ့၊ ငြိမ်းအေးသော ကိုယ်ရှိသော အကျွန်ုပ်သည် ချမ်းသာကို ခံစားရလတ္တံ့၊ ချမ်းသာသော အကျွန်ုပ်၏ စိတ်သည် တည်ကြည်လတ္တံ့၊ ထိုတည်ကြည်ခြင်းသည် အကျွန်ုပ်အား ဣနြေ္ဒကို ပွါးစေခြင်း ဗိုလ်ကို ပွါးစေခြင်း ဗောဇ္ဈင်ကို ပွါးစေခြင်း ဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးအာနိသင် ကို ကောင်းစွာ မြင်သည် ဖြစ်၍ မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကို တောင်းပါသည်ဟု (လျှောက်၏)။
ဝိသာခါ ကောင်းပေစွ၊ ကောင်းပေစွ။ ဝိသာခါ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာ မြင်သည် ဖြစ်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသည်မှာ ကောင်းပေစွ၊ ဝိသာခါ သင့်အား ရှစ်ပါးသော ဆုတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ဝိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။
'' (ဝိသာခါ) ငါ၏ အကြင်တပည့်မသည် ဆွမ်း, အဖျော်အလှူကို လှူ၏၊ လွန်စွာ ဝမ်းမြောက်၏၊ အကျင့်သီလနှင့် ပြည့်စုံ၏။ ဝန်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊ စိုးရိမ်ခြင်းကို ပယ်တတ်သော၊ ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။
ထိုတပည့်မသည် ကိလေသာမြူကင်းသော၊ အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။ ကောင်းမှုကို အလိုရှိသော၊ ချမ်းသာခြင်းနှင့် ပြည့်စုံသော၊ နာဖျားခြင်းမရှိသော ထိုတပည့်မသည် နတ်ပြည်၌ ကြာမြင့်စွာ့မွေ့လျော်ရ၏''ဟု (အနုမောဒနာပြု တော်မူ၏)။
၃၅၂။ ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ဝိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ မိုးရေခံသင်္ကန်းကိုလည်းကောင်း ဧည့်သည်တို့အား လှူသော ဆွမ်းကိုလည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာရဟန်းအား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာပြုရဟန်းအား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာအား လှူသော ဆေးကိုလည်းကောင်း၊ အမြဲလှူသော ယာဂုကိုလည်ကောင်း၊ ဘိက္ခုနီ သံဃာအား ရေသနုပ်ကိုလည်းကောင်း ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ဝိနည်း မဟာဝါပါဠိတော်မြန်မာပြန်စာအုပ်မှ ဓမ္မဒါန ထပ်ဆင့်မျှဝေပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.