Friday, November 11, 2011

                         ရဲရင့်သောပညာရှင်များအလိုရှိသည်

နိုင်ငံတခုမှာ တရားမဲ့မှုတွေ ထူထပ်သိပ်သည်းနေရင် အဲတာတွေကို တုံ့ပြန်ဖို့ တော်လှန်ရေးတွေ ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ အဲသလို မတရားတာတွေကို ဆန့်ကျင်တဲ့ လူတွေ အစုကလေးတွေ ပေါ်လာတတ်ပါတယ်။ ပြောရမယ် ဆိုရင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများလို့ သူတို့ကို ခေါ်နိုင်ပါတယ်။ သူတို့ဟာ ဘဝကို အနစ်နာခံပြီး ဆောင်ရွက်နေသူ တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ရှိနေတာ အားလုံးလဲ သိထားပြီးသားပါ။

အခုပြောမှာက သူတို့အကြောင်း မဟုတ်ပါဘူး။ ပညာရှင် (သို့) ကျွမ်းကျင်သူများ အကြောင်း ဖြစ်ပါတယ်။ ပညာရှင်၊ ကျွမ်းကျင်သူ ဆိုတာ ဘာကိုဆိုလိုပါသလဲ။ လိုရင်းပြောရရင် အထူးသဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် သက်ဆိုင်ရာ ဘာသာရပ်တွေကို နှစ်ရှည်လများ စောက်ချပြီး အထူးပြုလေ့လာလိုက်စားတဲ့ လူပုဂ္ဂိုလ်မျိုးကို ကျွမ်းကျင်သူ (သို့မဟုတ်) ပညာရှင်လို့ သတ်မှတ်ကြပါတယ်။ သို့သော်လည်း ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုံးကို သိသလိုမျိုး၊ တတ်သလိုမျိုး ပြောဆိုကျင့်ကြံနေတဲ့ လူမျိုးတွေကိုတော့ ပညာရှင် စစ်စစ်မှန်မှန် ဖြစ်တယ်လို့ အများက မသတ်မှတ်ကြပါဖူး။ တချို့ကတော့ ပညာရှင်ဆိုတာ တက္ကသိုလ်ကြီးတွေကနေ ဘွဲ့တွေ တသီတတန်းကြီး ရရှိထားမှ ပညာရှင် ဘောင်ဝင်တယ်လို့ သတ်မှတ် ပါတယ်။ ဒီအယူအဆဟာ ထိုက်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် တက္ကသိုလ် တွေကနေ ဘွဲ့တွေ ဒီဂရီတွေ တသီကြီး ရထားပေမယ့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ပညာရပ်အလိုက် စိုက်လိုက်မတ်တပ် ဆက်လက်လေ့လာ ဆည်းပူးခြင်း၊ သုတေသနပြုလုပ်ခြင်း စတာတွေကို ဆက်မလုပ်တော့ဖူးဆိုရင် ကျွမ်းကျင်သူ ပညာရှင်လို့ သတ်မှတ်ဖို့ ခက်ခဲပြန် ပါတယ်။ အဲတာမျိုးကိုတော့ သံချေး တက်နေတဲ့ ပညာရှင်ရယ်လို့လဲ တင်စားကြပါတယ်။ နိုင်ငံတကာမှာတော့ ပညာရှင် ဆိုတာ အနည်းဆုံး သုံး-လေးနှစ်တခါ ဆိုသလို သူတို့ရဲ့ ရှာဖွေတွေ့ရှိချက် လေ့လာချက်တွေကို ပညာရှင် အဆင့်အတန်းနဲ့ အညီ စာအုပ်တအုပ် အဖြစ် ထုတ်ဝေကြပါတယ်။ အနည်းဆုံးတော့ သုတေသနလေ့လာချက် စာတမ်းရှည် တခုလောက်တော့ မထုတ်မဖြစ် ထုတ်ကြရပါတယ်။ ဘာမှမထုတ်ဘဲ ရတဲ့ဘွဲ့ကို ဒီအတိုင်းပိုက်ပြီး ဟိုအစည်းအဝေးမှာ ဒီကွန်ဖရင့်မှာ အပြောသက်သက်နဲ့ နေလာတာ ကြာလာရင် သံချေးတက်ကုန်ပြီလို့ ပညာရှင်လောကမှာ ဝေဖန်ခံရပါတယ်။

နောက်တချက်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပညာရှင်ဆိုတာ ဘက်မလိုက်ရဖူးလို့ ဆိုထားပါတယ်။ တွေ့တာကို တွေ့တဲ့အတိုင်း၊ ရှိတာကိုရှိတဲ့အတိုင်း တင်ပြရမယ်လို့လည်း သတ်မှတ်ကြပါတယ်။ နောက်တချက်က ပညာရှင်ဆိုတာ အနာဂတ်ကို မှန်အောင်ဟောနိုင်တဲ့ ဗေဒင်ဆရာ မဟုတ်ဖူး ဆိုတာကလည်း သတိထားစရာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေဟာ သူတို့ တတ်ကျွမ်းတဲ့ ပညာရပ်ကို အသုံးပြုပြီး လူသားတွေကို တတ်နိုင်တဲ့ဖက်က ကူညီလမ်းပြပေးဖို့ လိုအပ်ပါတယ်။ လူသားတို့ကို ကြေပြုန်းစေမယ့် ကိစ္စမျိုး၊ လူသားတွေအတွက် အကျိုးမဲ့မယ့် ကိစ္စမျိုးကို ရှောင်ရှားဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကျွမ်းကျင်သူ ပညာရှင်တွေဟာ လူသားတို့ အတွက် ရေရှည်မှာ အကျိုးယုတ်စေတဲ့ ကိစ္စရပ်များအတွက် အရှိကိုအရှိအတိုင်း တင်ပြဖို့ တာဝန်ရှိပါတယ်။ ဘက်မလိုက်သင့်ပါဖူး။ ဥပမာ တင်ပြရမယ်ဆိုရင် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဟာ လူတွေ၊ နိုင်ငံသားတွေအတွက် ရေရှည်မှာထိခိုက်စေမယ့် ကိစ္စရပ်တွေကို ကြိုတင် သိထားရဲ့သားနဲ့ အကျိုးစီးပွား တခုခုကိုငဲ့ပြီး အုပ်ချုပ်သူတွေဖက်က၊ စီးပွားရေးကုမ္ပဏီကြီးတွေဖက်က ဘက်လိုက်ပြီး တင်ပြ တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပဒေသရာဇ်ခေတ်က စာပေ၊ ဂီတနဲ့ သမိုင်း ပညာရှိအများစုဟာ အကြီး အကျယ် ဘက်လိုက် ခဲ့တာကို တွေ့ရပါတယ်။ ဘယ်သူ့ဖက်ကို လိုက်တာလဲဆိုတော့ အုပ်ချုပ်တဲ့ ရှင်ဘုရင်တွေအတွက် ဘက်လိုက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရင်တွေရဲ့ ဘုန်းလက်ရုန်းနဲ့ တန်ခိုးသြဇာကြီးပုံ၊ အာဏာစက် ကျယ်ပြန့်ပုံ၊ တရားသော မင်းဖြစ်ပုံ စတာတွေကိုသာ ရေးသားစပ်ဆို မှတ်တမ်းတင်ကြပါတယ်။ ပြောရရင်တော့ ဘုန်းတော်ဘွဲ့တွေက များနေပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူ ဘုရင်ဟာ ဗုဒ္ဓသာသနာတော်ကို ရိုသေကိုင်းရှိုင်းပြီး ဘာသာနဲ့ သာသနာ ပြန်ပွားရေးအတွက် ကြိုးပမ်းပုံတွေလည်း အများအပြား ပါဝင်နေပါတယ်။ ဘယ်ဘုရင်လက်ထက်မှာ အုပ်ချုပ်တဲ့ စနစ် မကောင်းလို့၊ ဘုရင်ဟာ အမျက်မာန်စောင် ကြီးမားလို့၊ အခွန်တွေ အလွန်အကျွံကောက်လို့ တိုင်းသူပြည်သားတွေ ဘယ်လို ဒုက္ခရောက်ကြရတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းမျိုးကို အဲဒီခေတ်က ပညာရှင်တွေက ရေးလေ့မရှိတဲ့အတွက် ရှာလို့တောင် မလွယ်ကူပါဖူး။ နောက်တချက်ကတော့ ဘုရင်တွေ လိုက်နာအပ်တဲ့ မင်းကျင့်တရား ဆယ်ပါးဆိုတာ ကျနော်တို့ ယဉ်ကျေးမှုမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဘယ်ဘုရင်တွေဟာ မင်းကျင့်တရားဆယ်ပါးကို မလိုက်နာဖူး၊ ပြည်သူကို နှိပ်စက်တယ် ဆိုတာမျိုး တိတိလင်းလင်း မှတ်တမ်းတင် ရေးသားထားတဲ့ အထောက်အထားမျိုးလည်း မရှိသလောက်ပါ။ ပဒေသရာဇ်ခေတ် တလျှောက်လုံးမှာ ရဲဝံ့တဲ့၊ အမှန်ကိုအမှန်အတိုင်း တင်ပြရေးသားတဲ့ ပညာရှိမျိုး အနည်းအကျဉ်း လောက်တော့ ပေါ်ထွန်းခဲ့ဖူးပါတယ်။

ဥပမာ တဦးလောက်ကို ထောက်ပြရမယ်ဆိုရင် ယောအတွင်းဝန် ဦးဘိုးလှိုင် လိုပုဂ္ဂိုလ်မျိုး။ ရာဇဓမ္မသင်္ဂ္ဂဟကျမ်းကို ရေးသားပြုစုခဲ့သူ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် အဲသည့်ကျမ်းဟာ ရှေးဦးအကြို ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့တောင် ဆိုနိုင်ပါတယ်။ အနောက်တိုင်းကလို စည်းမျဉ်းခံ ဘုရင်စနစ်ဆံတဲ့ တင်ပြမှုမျိုးလို့ ပြောလို့ရပါတယ်။ အဲသည့်အထဲမှာ ပါတဲ့တချက်က ဘုရင်ဟာ ကောက်ခံရရှိတဲ့ အခွန်တော်ငွေကို စိတ်ကြိုက်သုံးစွဲခွင့် မရှိဘဲ ဘုရင့်အတွက် လစာငွေ သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲတာကို သီပေါမင်းရဲ့ မိဖုယားဖြစ်သူ စုဖုရားလတ်က “ငဒို့က ဘုရင်နဲ့ မိဖုယားတွေပဲ၊ ရေမြေ့ရှင်တွေပဲ၊ ငလှိုင်ပေးသလောက် လခနဲ့ နေရမှာလား” လို့ပြောပြီး ပယ်ချပါတယ်။ ဦးဘိုးလှိုင်ဟာ မြန်မာပြည် အပြင်ဖက်မှာ ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကို ရိပ်စားမိတဲ့ သူဖြစ်ပါတယ်။ ခေတ်အခါအလိုက် ဖြစ်သင့်တာကို သက်ဦးဆိုင်ပိုင်အတိ ရဲရဲဝံ့ဝံ့ တင်ပြရဲသူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘုရင့်အာဏာစက်က ရှေးကလို ကြီးမားနေဆဲ ဖြစ်တာက တကြောင်း၊ ဦးဘိုးလှိုင်ကို မကြည်ဖြူတဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ အခြားသော နန်းတွင်းက ပညာရှိအမတ်များ ကလည်း မထောက်ခံတာက တကြောင်း စတာတွေကြောင့် ဦးဘိုးလှိုင်လို ပညာရှိမျိုးတွေရဲ့ ကြိုးပမ်းမှုတွေဟာ အကျိုးသက်ရောက်မှု နည်းခဲ့ရပါတယ်။

ကိုင်း ရှေးတုန်းက အကြောင်းတွေ ပြောအပြီးမှာ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလအတွင်းမှာ စစ်အစိုးရက ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နေပြီလို့ ပြောခဲ့ပါတယ်။ အခုလက်ရှိ အစိုးရသစ်ကလည်း ဈေးကွက်စီးပွားရေးကို ဆက်လက် အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်များနဲ့ သူတို့ရဲ့ စီးပွားဖက်တွေ တိုင်းပြည်ရဲ့ သယံဇာတတွေကို အဆင်အခြင်မဲ့ ထုတ်ယူရောင်းခြနေတာ တတိုင်းပြည်လုံး အသိပါ။ အဲတာကို အဲသလို မလုပ်သင့်ဖူးလို့ ချက်ကျလက်ကျ အကြံပေး ဝေဖန်ထောက်ပြတဲ့ မြန်မာ ပညာရှင်တွေ ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးခဲ့ပါတယ်။ တချို့ ပညာရှင် ဆိုသူများကတော့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့်အောင်နေ နောင်မှာ အခွင့်သာရင် တဖြည်းဖြည်းခြင်း ပြောင်းယူတာပေါ့ဆိုတဲ့ လမ်းစဉ်ကို လိုက်ကြပါတယ်။

တချို့ ခါတော်မီပညာရှင် ဆိုသူများကတော့ အနာဂတ် စီးပွားရေး ပေါ်လစီဆိုတဲ့ ကိစ္စတွေမှာလည်းပါ၊ ဆင်းရဲမွဲတွေမှု လျှော့ချရေးဆိုတဲ့ ကိစ္စတွေမှာလည်းပါ၊ နိုင်ငံရေး ပဋိပက္ခ ဖြေရှင်းရေးဆိုတဲ့ ကိစ္စတွေမှာလည်း မလွတ်၊ လယ်ယာစိုက်ပျိုးရေး ပြန်လည် မြှင့်တင်ရေးဆိုတဲ့ ကိစ္စတွေမှာလည်း ဝင်ဆရာလုပ်ကြ၊ အဲတာအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စတွေ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စအရပ်ရပ်တွေ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ကိစ္စတွေ အစရှိတဲ့ ကိစ္စများ အားလုံးမှာလည်း ဝင်ပါ ကြပါတယ်။ အမှန်တကယ် ဖြစ်သင့်တာက ကိစ္စရပ်တိုင်း နေရာတိုင်းမှာ ဝင်ပါနေမယ့်အစား မိမိကျွမ်းကျင်တဲ့ နယ်ပယ်၊ မိမိဘဝ တလျှောက်လုံး ဆည်းပူးလေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေမှာ လက်တွေ့ကြကြ ပါဝင်ပူးပေါင်း ဆောင်ရွက်မှ တိုင်းပြည်အတွက် ပိုပြီး အကျိုး ရှိမယ်လို့ ထောက်ပြ လိုပါတယ်။

တဆက်ထဲမှာလည်း မြန်မာပညာရှင် ဆိုသူများအနေနဲ့ ရဲရဲရင့်ရင့် ထောက်ပြဝေဖန်သင့်တဲ့ ကိစ္စများလည်း ရှိနေပါသေး တယ်။ အဲတာ တွေကတော့ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်ဆောက်တဲ့ ကိစ္စတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အကြီးစား စက်မှုဇုံ လုပ်ငန်းတွေ တည်ဆောက်မယ် ဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ အကျိုးဆက်ကြောင့် တိုင်းပြည်မှာ ရေရှည် အတွက် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ဒါတွေကို ထောက်ပြဝေဖန် အကြံပြုဖို့ လိုပါတယ်။ အဲသလိုပဲ လယ်သမား တွေရဲ့ လယ်မြေယာမြေတွေကို စစ်တပ်နဲ့ စီးပွားရေးကုမ္ပဏီတွေ ပေါင်းပြီး ခွတုတ်နေတာ၊ သိမ်းယူနေတာကိုလည်း ရပ်တန့်ဖို့လိုကြောင်း လယ်မြေတွေကို လယ်သမားတွေကို ပြန်ပေးသင့်ကြောင်း ထောက်ပြသင့်ပါတယ်။ အစိုးရသစ်က လယ်ယာစိုက်ပျိုးရေးကို ပြန်လည်ဦးမော့ လာအောင် ဆောင်ရွက်မယ်လို့ ပြောခဲ့တာ အားလုံးလည်း မှတ်မိကြမှာပါ။ လယ်ယာစိုက်ပျိုးရေး ပြန်လည်ဦးမော့ လာဖို့ ဆိုတာက လယ်သမားတွေကို အကူအညီမပေးဘဲ၊ အကာအကွယ် မပေးဘဲ မဖြစ်နိုင်ပါ။ တကယ်တန်း စစ်စစ်မှန်မှန် လယ်လုပ်နေတဲ့ လယ်သမားတွေသာ လယ်ယာစိုက်ပျိုးရေး ပြန်ပြီးဦးမော့လာ အောင် ဆောင်ရွက်ပေးနိုင်တဲ့ သူတွေဖြစ်ပါတယ်။ စီးပွားရေး ကုမ္ပဏီတွေ စစ်ဗိုလ်တွေကြောင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဦးမော့လာစရာ အကြောင်းမရှိပါ။

နောက်တချက်ကတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်မှာ အခုထက်ပိုပြီး တိုးတက်ဖွံ့ဖြိုးလာအောင်၊ နိုင်ငံတကာ ကလည်း အပြန်အလှန် လေးစားလာအောင် ခေတ်နဲ့ ဘယ်လိုမှ မဆီလျှော်တော့တဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီး ခေတ်နဲ့ကိုက်ညီတဲ့ ဥပဒေများနဲ့ ပြန်လည်အစားထိုးဖို့ ပညာရှင်များ ကျွမ်းကျင်သူများဖက်က တညီတညာထဲ အစိုးရသစ်ကို တိုက်တွန်းဖို့ အကြံပေးဖို့လိုပါတယ်။ အဲသလိုမှမဟုတ်ဘဲ အခု အစိုးရသစ်လုပ်နေဟာ အရင်စစ်အစိုးရ လုပ်ခဲ့တာတွေထက် ပိုတော့ကောင်းလာတယ် ဆိုပြီး ထောက်ခံနေရုံ၊ အာသာဖြေနေရုံနဲ့တော့ မလုံလောက်ပါ။ ဆိုလိုတာက ပညာရှင်များအနေနဲ့ အစိုးရသစ်ကို နိုင်ငံရေးအရ တိုက်ခိုက်ဝေဖန်ဖို့ ဆိုလိုခြင်း မဟုတ်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အမှန်တကယ် ဦးမော့လာဖို့ အတွက် မြန်မာပညာရှင်များ၊ ကျွမ်းကျင်သူများက ဘက်မလိုက်ဘဲ သက်ဆိုင်ရာ နယ်ပယ် အလိုက် အရှိကိုအရှိအတိုင်း ရဲရဲဝံ့ဝံ့ အကြံပြု ဝေဖန်ဖို့ လိုကြောင်း ပြောလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး အကောင်းဖက် ကို ဦးတည်ပြောင်းလဲဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြသလို၊ ဆက်လက် ဆောင်ရွက် နေကြဆဲ လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အစိုးရသစ်ကို တင်ပြရဲတဲ့ ပညာရှင်မျိုး တဦးစနှစ်ဦးစတော့ ရှိလာနေပါပြီ။ ဘယ်သူ့ဖက်မှ ဘက်မလိုက်ဖဲ တိုင်းပြည် အကျိုးအတွက် ရဲရဲကြီး အကြံပေး တင်ပြတာမျိုး လုပ်ကြဖို့ စစ်မှန်တဲ့ မြန်မာပညာရှင်များ ကျွမ်းကျင်သူများ အထူးလိုအပ် နေသေးကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၁ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၁ ခုနှစ် 

http://fine-leaves.blogspot.com/2011/09/blog-post.html မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.