Monday, April 9, 2012

စာသင်သားနှင့် သူတို့ဘဝ

အပင်ရှိမှ အရိပ်ရမည်

(၁)
`အကြင်သူသည် ကိုရင်အရွယ် ကလေးငယ်တို့ကို ဒကာခံ၍ ရှင်ပြုပေး၏။ ထိုသူသည် ဘုရားသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပြုသူမည်၏။
အကြင်သူသည် ရဟန်းအရွယ် အမျိုးကောင်းသားတို့ကို ဒကာခံ၍ ပဉ္စင်းတက်ပေး၏။ ထိုသူသည် ဘုရားသာသနာတော်ကို တိုးတက်ကြီးပွားအောင် ပြုသူမည်၏´ဤသည်မှာ မုနိသုတ္တန်လာ ဒေသနာစကားတော်တစ်ခု ဖြစ်ပါသည်။
`အကြင်သူသည် မိမိ၏ သားသမီးတို့ကို ရှင်ရဟန်း ပြုပေး၏။ ထိုသူသည် သာသနာတော်၏ အမွေတော်ကို ခံယူရရှိသူ မည်၏´ဤသည်ကား အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးက သီရိဓမ္မာသောကမင်းကြီးအား ချီးမြှင့်ခဲ့သော ဒေသနာတော် စကားတစ်ရပ် ဖြစ်ပါသည်။
မှန်၏။ သီရိဓမ္မာသောကမင်းကြီးသည် သူမတူအောင် အလှူများစွာ လှူပြီးနောက် သာသနာတော်၏ အမွေခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီဟု အထင်ရှိလာပါသည်။ ထို့ကြောင့် မထေရ်မြတ်ကြီးက တိကျစွာ ဟောကြား ချီးမြှင့်တော်မူခြင်းပင်။
`တောထဲမှာ အလေ့ကျပြီးပေါက်လာတဲ့ သစ်ပင်တွေကတော့ အများကြီးပါ။ အဲဒီအပင်တွေထဲမှာ ကျွန်းလို၊ သစ်မာလို အသုံးကျ၊ အနှစ်မာပင်တွေလဲ ပါမယ်။ အသုံးမကျတဲ့ အနှစ်မဲ့တွေလဲ ပါပါလိမ့်မယ်။ အသုံးကျ-မကျ၊ အနှစ်ထည့်-မထည့်ဆိုတာကို အချိန်စောင့်ကြည့်ပြီးမှ သိခွင့်ရပါတယ်။
လူတန်းစားအမျိုးမျိုးကနေ မွေးဖွားပြီး သာသနာ့ဘောင် ရောက်လာကြတဲ့ ကိုရင်ကလေးတွေထဲမှာ အနှစ်ထည့်မှာတွေလဲ ရှိပါတယ်။ အနှစ်မဲ့တွေလဲ ရှိပါလိမ့်မယ်။ ကိုရင်ကလေးတွေ ဘောလုံးကန်ချင်ကန်ပါစေ။ ဆရာသမားတွေထံကနေ ဘုရားစကားတွေ တစ်နေ့တစ်လုံးပဲ ဖြစ်ဖြစ်၊ တစ်နေ့တစ်ခါပဲ ဘုရားရှိခိုးတယ် ဆိုဆို ဒါကလေးတွေကိုက ပရိယတ်အနှစ်၊ ပဋိပတ်အနှစ်တွေ ထည့်နေတာပါပဲ။ အနှစ် မထည့်တာတွေ၊ အနှစ် မတည်တာတွေလဲ လေမုန်တိုင်းတွေကြောင့် ကျိုးကြေ ပျက်ပြား လဲကျသွားမှာပါ။ ဒါကြောင့်မို့ ပထမဆုံးအဆင့် အနေနဲ့ သာသနာ့ဘောင်မှာ ကိုရင်ငယ်ကလေးတွေကို ပျော်အောင် မွေးထားရမှာ ဖြစ်ပါတယ်။
အခု ဒကာကြီးတို့က ဆရာအဖြစ်နဲ့ ကိုးကွယ်ခွင့်ရကြတဲ့ ဆရာတော်ကြီးတွေဟာ ဒကာကြီးတို့ မိဘ ဘိုးဘွားများလက်ထက်တုန်းက ကိုရင်ငယ်ကလေးတွေပဲ ဖြစ်ခဲ့ကြမှာပါ။ ဒကာကြီးတို့သားတွေ၊ သမီးတွေ၊ မြေးတွေရဲ့ခေတ်ကို မျှော်ကြည့်လိုက်ရင် အခုကိုရင်ငယ် ကလေးတွေက သာသနာတော်ရဲ့ အသက်ပဲဆိုတာ မြင်ရမှာပါ။ ဒကာကြီး´ဤသည်တို့ကား ကျေးဇူးတော်ရှင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက (ထိုစဉ်က) နိုင်ငံတော်အကြီးအကဲ ဒကာကြီးတစ်ဦးအား ဟောကြားချီးမြှင့်ခဲ့သော သြ၀ါဒတရားတော်များ ဖြစ်ပါသည်။
(၂)
အထက်ပါ တရားတော်အားလုံး၏ ကျောရိုးမှာ တစ်ခုတည်းပင် ဖြစ်ပါသည်။ `သာသနာတော်´ ဟူ၍ ဖြစ်ပေသည်။ အများအားဖြင့် နားလည်ထားကြသည်မှာ `သာသနာဟူသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ´ ဟူ၍ ဖြစ်ပါသည်။ ယင်းအဓိပ္ပာယ်ကား မှန်လှပါသည်။
သို့ရာတွင် ပရိယတ္တိ (စာပေ) တို့ကို သင်ပြသူ၊ သင်ယူသူမရှိလျှင် ပရိယတ္တိသာသနာ ဘယ်မှာ တည်ရှိခွင့်ရပါတော့မည်နည်း။ ထို့အတူပင် ပဋိပတ္တိ (တရားကျင့်စဉ်) တို့ကို ဟောပြသူ၊ လေ့ကျင့်သူမရှိလျှင် ပဋိပတ္တိသာသနာ ဘယ်မှာ ရှိနိုင်အံ့နည်း။
ပရိယတ္တိ၊ ပဋိပတ္တိတို့ကို ဆောင်ရွက်သူ မရှိပါက ပဋိဝေဓသာသနာလည်း အဘယ်မှာ ဖြစ်ပေါ်လာပါတော့အံ့နည်း။ ဤသဘောတို့ကို အလေးအနက် ထားတော်မူလျက် မြတ်စွာဘုရားက မုနိသုတ္တန်ကို ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်ကြီး (တတိယ သံဃာယနာတင်ပွဲတွင် သံဃာဥသျှောင်မထေရ်)၊ မင်းကွန်းဆရာတော်ကြီး (ဆဋ္ဌသံဃာယနာတင်ပွဲတွင် သံဃာ့ဥသျှောင်မထေရ်) တို့ကလည်း အလားတူ ဟောကြားတော်မူခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
သာသနာတော်သုံးရပ်မှာ ပရိယတ္တိမှစ၍ ပဋိပတ္တိသို့တက်ပြီး ပဋိဝေဓသို့ ဆိုက်ရောက်သကဲ့သို့ပင် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တို့မှာလည်း `ပရိယတ္တိ=သင်သူ´ များမှစ၍၊ `ပဋိပတ္တိ=ကျင့်သူ´များ ဖြစ်ကြရပါသည်။ အနည်းဆုံးအားဖြင့် ပါဠိဘာသာ ကျမ်းရင်းအတိုင်း မသင်နိုင်သော်လည်း မြတ်စွာဘုရား ဟောကြားထားသောနည်းတို့ကို မိမိတို့ အရပ်သုံးစကားဖြင့် နားလည်အောင် သင်ပြီးမှသာ လိုက်နာ လေ့ကျင့်နိုင်ပါသည်။
ပရိယတ္တိကို အခြေခံ မရခဲ့ဘဲ ပဋိပတ္တိကို မရနိုင်ခြင်းကြောင့် အခုခေတ် သက်တော်ထင်ရှား ရိပ်သာဆရာတော်ကြီးများအားလုံး သက်ဆိုင်ရာ ပရိယတ္တိစာသင်တိုက်အသီးသီးမှ သီးပွင့်လာခဲ့ကြသော သာသနာ့သိက္ခာပန်းများချည်း ဖြစ်ကြပါသည်။
သို့ရာတွင် လူတို့သဘောက အသီးကိုသာ စားသုံးလိုကြသည်။ အပင်ကိုမူ မပျိုးလိုကြပေ။ ရေချိုကိုသာ သောက်လိုကြ၏။ ရေတွင်းကိုမူ မတူးလိုကြပေ။ ထို့ထက် ဆိုးသည်မှာ ပျားရည်ကို သောက်လိုပါလျက်ကယ်နှင့် ပျားအုံကို ခြေကန်သူ (တချို့) ရှိကြပေသေးသည်။
ဤသဘောတို့ကား ကြည့်တတ်မှ မြင်ရသော မှန်ကူကွက် အစက်အပြောက်များသာ ဖြစ်ပါသည်။
`ရိပ်သာက ဦးဇင်းကလေးတွေ ကြည့်လိုက်ရရင် မျက်နှာတော်ကလေးတွေက အေးမြပြီး နုနေတာပဲ။ သိပ်ကျက်သရေရှိတာ။ စာသင်တိုက်က ဦးဇင်းတွေကျတော့ ကြမ်းတမ်းလိုက်တာလေ။ ကြောက်စရာတောင် ကောင်းသေးတယ်´ ဟု ဆိုသူက ဆိုပေသည်။ ဆိုရုံမျှနှင့်မပြီးသေး။ (မပြီးသေးသော အကြောင်းအရာများကိုတော့ မဖော်ပြလိုတော့ပေ။ ထားလိုက်ပါတော့။) ရိပ်သာမှာက စားရေးအတွက်ပါ ပါးစပ်ဝအရောက် ပြည့်စုံကြသည်။ ၀တ်ရေးအတွက် လက်ထဲအရောက် ပြည့်စုံကြသည်။ နေရေးအတွက် အိစက်သာယာ ရှိကြပါသည်။ လုပ်ငန်းစဉ်ကလည်း အစဉ်သဖြင့် သာတောင့်သာယာ ရှိကြပါသည်။ အရုဏ်ဆွမ်းအတွက် ထင်းခွဲစရာ မလိုကြပေ။
စာသင်တိုက်မှာမူ အစားလည်း ဆင်းရဲကြသည်။ အ၀တ်အနေလည်း ဖြစ်သလို စီမံကြရသည်။ စာအံမှုများသွား၍ ဗိုက်ဆာသော်မှ အအေးကလေးပင် သောက်စရာ ရှိတတ်သည်မဟုတ်ပေ။ လုပ်ငန်းများက ကြမ်းတမ်းသည်။ ထင်းခွဲ၊ ရေခပ်၊ ရေနွေးကြို၊ ဆွမ်းပွဲပြင်၊ ဆွမ်းပွဲသိမ်း၊ ကျောင်းဆောက်နေခိုက်မျိုးနှင့်ကြုံလျှင် အုတ်သယ်၊ မြေသယ် စသည်များ ပါရှိတတ်ပါသေးသည်။
ထို့ပြင် စာသင်သားထဲမှာ စည်းမကျကမ်းမကျတွေက ပါတတ်သေးတော့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်ဆိုလည်း ကြမ်းရတာကတစ်မျိုး၊ နုရတာက တစ်မျိုး အမျိုးမျိုး ဖြစ်ရပါသည်။ ဤသို့သော သပ္ပါယ=မျှတမှုချင်း ကွဲပြား၊ အခြေအနေချင်း ကွာဟနေမှုတို့ကို မမြင်ပါဘဲ လိုသမျှ စံဖြင့်တိုင်း၍ တရားမကျင့်ခြင်းကြောင့်ဟုသာ ကောက်ချက်ဆွဲ တတ်ကြပါသည်။
ဤအဖြစ်အပျက်မှာ မကြာခင်ကမှ ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ကိစ္စ ဖြစ်ပါသည်။ ဤသို့သော အရိပ်ခိုလိုသူများကြားတွင် အပင်ကို စောင့်ရှောက်လိုသူများလည်း ရှိတော့ရှိကြပါသေးသည်။ အပင်ကို စောင့်ရှောက်သူများ ရှိ၍ အပင်ရှိခြင်းကြောင့်သာ အရိပ်ရှိနိုင်ပါသည်။
(၃)
အပင်ကို စောင့်ရှောက်သူ များစွာ ရှိပေလိမ့်မည်။ သို့ရာတွင် စာရေးသူ သေချာသိရသော ဒကာမတစ်ယောက်အကြောင်းသာ ဆက်လက်ဖော်ပြလိုပါသည်။
ယခင်နှစ်များကလည်း စာသင်သား ကိုရင်ကလေးတွေ၊ ဦးပဉ္စင်းတွေအတွက် ဗလာစာအုပ်၊ ဘောလ်ပင် စသည်များ၊ စာချဦးပဉ္စင်းကလေးတွေ အတွက် ဒိုင်ယာရီစာအုပ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ လက်ကိုင်ပုဝါ၊ ဘောလ်ပင်စသည်များ လှူခဲ့သူဖြစ်ပါသည်။
အခုနှစ်မှာလည်း အလားတူပင် လှူခဲ့ပါသည်။ ပိုလာသည်ကတော့ နှစ်လုံးပေါက် လစဉ် လေ့ကျင့်ခန်းစာမေးပွဲအတွက် အဖြေလွှာအဖြစ်သုံးရန် လျှောက်လွှာ စာရွက်ထုပ်များပါ လှူခဲ့ခြင်း ဖြစ်ပါသည်။ အခြားစာသင်တိုက်၊ ရိပ်သာတို့မှာလည်း အလားတူ လှူသူဖြစ်ပါသည်။ အသိထဲက ကိုရင် ဦးပဉ္စင်းများ ခရီးသွားချိန် (ကျောင်းပိတ်ချိန်) ရောက်လျှင်လည်း ခရီးစရိတ် လှူလေ့ လှူထရှိပါသည်။
ယင်းသို့ လှူဒါန်း ထောက်ပံ့ရာမှာလည်း အသံတိတ် လှူခြင်းမျိုးသာ ဖြစ်ပါသည်။ စာရေးသူတို့ နေထိုင်ရာ သာသနပါရဂူမှာ လှူလျှင် ဆရာတော်ထံလာပြီး စာရေးသူကိုပင့်၍ လိုအပ်သည်ကို မေးလျှောက်ပြီး လှူဒါန်းထောက်ပံ့ပါသည်။ စာရေးသူက ကိုရင် ဦးပဉ္စင်းအသီးသီးသို့ ခွဲဝေ လှူဒါန်းပေးရပါသည်။ အမျှဝေ ပေးရပါသည်။ အခြားစာသင်တိုက် ရိပ်သာတို့မှာ လှူလျှင်လည်း အလားတူပင် ဖြစ်ပါလိမ့်မည်။ (ထို့ကြောင့် ထိုဒကာမ၏ နာမည် စသည်တို့ကို မဖော်ပြခြင်း ဖြစ်ပါသည်။)
မကြာသေးမီက ကျောင်းသို့ ရောက်လာပါသည်။ ၆.၁၂.၂၀၀၅-ရက် နေ့လယ်က ထင်ပါသည်။ စာချဦးဇင်း ၇-ပါးအတွက် တစ်ပါးလျှင် ၃၀၀၀-ကျပ် န၀ကမ္မအဖြစ် ကပ္ပိယကာရကဖြင့် လှူဒါန်းထောက်ပံ့ပါသည်။
`သာသနာတော် အကျိုးငှာ ရည်မှန်း၍ စာချဆရာတော်တို့၏ ပစ္စည်းလေးပါး အလိုရှိရာ ကပ္ပိနိုင်စေရန် န၀ကမ္မ၀တ္ထုပါဘုရား´ဟု လျှောက်ထားလှူဒါန်းပါသည်။
ထို့နေ့ကလည်း စာရေးသူပင် အားလုံးကိုယ်စား အလှူခံပြီး သီလပေး၊ တရားစကား တစ်လုံးနှစ်လုံး ဟောပြော၊ အမျှဝေ ပေးလိုက်ပါသည်။ ကိုရင်တွေ၊ ဦးဇင်းတွေအတွက် ဗလာစာအုပ်၊ ဘောလ်ပင်လိုကြောင်း သိရပြီး ၉.၁၂.၀၅-ရက်နေ့မှာ လာလှူပါသည်။ ၆.၁၂.၀၅-ရက်နေ့က စာရေးသူမှာ မျက်မှန်မရှိပေ။ စာရေးသူက ပါဝါမျက်မှန် အမြဲတပ်ထားရသူဖြစ်၍ မျက်မှန်အသစ်ကပ္ပိဖို့ ၁၂၀၀၀-ကျပ် ကပ္ပိယကာရကဖြင့် ထပ်လှူခဲ့ပါ သေးသည်။
၈.၁၂.၀၅ ရက်နေ့မှာ မျက်မှန်ရပါသည်။ ၁၅.၁၂.၀၅-ရက် နေ့လယ်တွင် တစ်ခေါက် လာရောက်ပြန်ပါသည်။ စာရေးသူက ရေးပြီးစ စာမူကလေးကို ပြန်ဖတ်နေခိုက် ကိုရင်တစ်ပါးက အခန်းဝမှာ ရပ်လျက်ဖြင့် `ဦးဇင်း...ဆရာတော်က ခေါ်ပါတယ်ဘုရား´ဟု လျှောက်လာပါသည်။ သင်္ကန်းပြင်ရုံ၍ ဆရာတော့်ထံသို့သွားပြီး ဦးချကန်တော့ပါသည်။
`အေး...ဒကာမတွေ ရောက်နေတယ်၊ စကားပြောလိုက်ဦး´ဟု ဆရာတော်က အမိန့်ရှိပါသည်။ စာသင်သားကိုရင်၊ ဦးပဉ္စင်း (၅၂) ပါးအတွက် န၀ကမ္မ၀တ္ထု ၅၂၀၀၀-ကျပ်တို့ကို လှူဒါန်းပါသည်။ ဦးလေးတော်သူ ဒကာကြီးတစ်ဦးနှင့် ဒကာမကလေးတစ်ယောက် အဖော်ခေါ်လာပါသည်။
`အမျှဝေဦးမလား´ဟု စာရေးသူက မေးသဖြင့် `ညကျမှ ဘုရားရှိခိုးပြီးတော့ အမျှဝေလိုက်ပါ့မယ်ဘုရား´ဟု လျှောက်ထား ပြန်သွားကြပါသည်။ စာရေးသူမှာ အတော် ၀မ်းသာသွားပါသည်။ စာသင်သားဘ၀မှာ အစစအရာရာ ရှားပါးလှပါသည်။ ကိုယ်ကိုယ်တိုင် ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရသူဖြစ်၍ ကိုရင်ကလေးတွေနှင့် ဦးပဉ္စင်းကလေးတွေ ၀မ်းသာကြမှာကိုလည်း ကိုယ်ချင်းစာမိသည်။ မျက်မှန်အတွက် စာရေးသူအား လှူသွားသည်ထက်ပင် ၀မ်းသာမိပါသည်။
စာရေးသူကိုယ်တိုင်က လှူချင်ပါလျက် မလှူနိုင်သော အလှူမျိုးဖြစ်၍ ကြည်နူးဝမ်းသာ `သာဓု´ ခေါ်မိပါသည်။
မစိုးရိမ်စာသင်သား
၂၀၀၇-ခုနှစ်၊ ဧပြီလ၊ အနန္တဂုဏ်ရည်မဂ္ဂဇင်း

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.