Monday, November 19, 2012

ဓမ္မာစရိယရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...

ဒီမိုကရေစီသာ တကယ်စစ်ရင် သာသနာရွှေခေတ်ဖြစ်လိမ့်မယ်...

(ဦးလေးဘုန်းကြီးလို သင်္ကန်းဝတ်ချင်တဲ့ တူတော်မောင်များသို့
ရဲရဲတောက်တောက်မှာကြားချက်)

နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာမတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...

ဆယ်စုနှစ်များစွာ ပညာအမှောင်ခေတ်မှာ ဘွဲ့ရပညာတတ်ဆိုသူလည်း ဆိုက္ကားနင်း ။ ဓမ္မာစရိယရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...။ ခုတော့ ပညာအလင်းခေတ်ရောက်တော့မယ် တဲ့။ နိုင်ငံ့ထိတ်တန်းပညာရှင်တွေက အနာဂတ်ပညာရေးစီမံကိန်းတွေ ရေးဆွဲနေကြပြီဆိုပဲ..။

ဒီလိုသာဆို ဘွဲ့ရပညာတတ်ဆိုသူတွေက ဖွံ့ဖြိုးလာတဲ့ ရွှေနိုင်ငံကြီးမှာ ဆိုက္ကားနင်းကြရတော့မှာမဟုတ်....။ ဒီတော့ သင်္ကန်းဝတ်ချင်လှချည်ရဲ့ ဆိုပြီး ငယ်ငယ်ရွယ်ရွယ် အတန်းပညာမစို့မပို့နဲ့ သာသနာ့ဘောင်ထဲဝင်လာ၊ နှစ်ရှည်လများ ပိဋကတ်သက်သက်စာတွေ အာပေါက်အောင် အော်ကျက်ခဲ့ရပြီးပါမှ မပျော်လို့ လူထွက်သွားတဲ့ အခါ ငါ့တူတော်မောင်လေးတွေ ဆိုက္ကားနင်းကြရရှာတော့မယ်..။
(တိုင်းပြည်က ဖွံ့ဖြိုးလာလွန်းလို့ ဆိုက္ကားတွေ အသုံးမပြုကြတော့ဘူးဆိုရင်တောင် ငါ့တူတော်မောင် ပိဋကတ်အိုးကွဲလေးတွေ ခပ်နိမ့်နိမ့်ချွေးသံထွက်တဲ့ အလုပ်တစ်ခုခုမှာ မျက်နှာမွဲနေကြမှာတော့ မြင်ယောင်တယ်..။

တကယ်လို့များ
နိုင်ငံ့အနာဂတ်ကို မြော်ခေါ်ကြည့်တဲ့ခေါင်းဆောင်ကြီးတွေက ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက( ၀ိဇ္ဇာသိပ္ဗ တတ်ကောင်းစွတွေ တစ်ခုမှ မပါတဲ့) ပိဋကတ်သက်သက် စာပေလေးလေးကြီးတွေကိုသာ ကျက်အံနေရရှာတဲ့ ကလေးငယ်(ကိုရင်ငယ်)လေးတွေဟာ (သာသနာ့ဝန်းထမ်းသက်သက်မျှမဟုတ် မပျော်လို့ လူထွက်လာတဲ့ခါ မဲပေးခွင့်ရှိတဲ့ ၊ နိုင်ငံဖွံ့ဖြိုးရေးမှာ အသိပညာရှင် အတတ်ပညာရှင်တစ်ယောက်ဖြစ်စကောင်းတဲ့ နိုင်ငံသားလေးတွေပါလားလို့ ) အသိသတိဝင်ပြီး ကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေအတွက်ပါ ပညာရေးစီမံကိန်းတွေ ထည့်သွင်း စဉ်းစား အကောင်ထည်ဖော်ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ သာသနာ့ဘောင်ထဲ ရဲရဲဝင်ခဲ့ကြပေရော..။

ဒီလိုမှ မဟုတ်သေးရင်တော့ တက်လက်စစာသင်ကျောင်းလေးက တက်လက်စ အတန်းထဲမှာပဲ ပညာတွေ သင်ကြပါဦးကွယ်..။ သင်္ကန်းဝတ်ဖို့ စိတ်ထက်သန်လွန်းရင်တောင် စောင့်လိုက်ကြလိုက်ပါဦး..။ သာသနာ့ဘောင်မှာ အသက်နှစ်ဆယ်ရောက်မှ တင်းပြည့်ရဟန်းအဖြစ် လက်ခံပါတယ်ကွယ်..။ လောကီပညာတွေ တတ်ပွန်..။ဝိဇ္ဇာသိပ္ဗံတွေနဲ့ ရင်းနှီးပြီးတဲ့ အခါ ဗုဒ္ဓအဘိဓမ္မာတွေ သင်ရတာ ပိုလွယ်တယ်ဆိုတာ သိလာကြလိမ့်မယ်..။

ဘွဲ့တစ်ခုခုတော့ နိုင်ငံအနာဂတ်အတွက် (မင်းတို့အတွက် မဟုတ်ဘူးလို့ မင်းတို့ ခုချိန်ထင်နေကြသေးရင်တောင်) ရအောင် ယူထားလိုက်ကြပါဦး။ နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာမတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...။

တစ်ချို့က ပြောကြတယ်..။ ဒီမိုကရေစီကြောင့် သာသနာပျောက်သွားနိုင်သတဲ့..။ တကယ်က အဲလို မဟုတ်ဘူး..။ဒီမိုကရေစီကြောင့် ပေါ်ထွန်းလာမယ့် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတာနဲ့ အမျှ သာသနာမှာ မပျော်တဲ့သူတွေ အလွယ်တကူ လူထွက်ကြလိမ့်မယ်။ သာသနာတကယ်ချစ်တဲ့ သဒ္ဓါတရားနဲ့ မွေ့လျော် အကျင့်သီလနဲ့ ပျော်သူတွေသာ ကျန်ခဲ့ပါလိမ့်မယ်..။ ဒီမိုကရေစီကြောင့် လွတ်လပ်လာတဲ့ မီဒီယာက သာသနာ့အမဲစက်တွေကို ပွဲဖျက်ပေးလိမ့်မယ်ကွယ်။။ ဒီမိုကရေစီသာ တကယ်စစ်ရင်သာသနာရွှေခေတ်ဖြစ်လိမ့်မယ်။

တူတော်မောင်တို့
သာသနာ့ဘောင်မှာ လူတိုင်း မပျော်နိုင်တာ ကိုယ်တွေ့မို့ သိသကွဲ့..။ ဥပမာ ငယ်ငယ်က နေခဲ့ဖူးတဲ့ စာသင်တိုက်လေးမှာ စာသင်သားသံဃာ (၆၀)ခန့်မှာ မင်းတို့ ဦးလေးနဲ့ အခြားနှစ်ပါးခန့်သာ ၀ါဝါမြင်ရတော့တယ်..။( မင်းတို့ဦးလေးလည်း ခပ်ယိုင်ယိုင်အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုတာ မင်းတို့ကို အတိအလင်းဝန်ခံလိုက်တယ်..။ )

သူရို့ခမျာ လေးတန်းအောင်၊ ခြောက်တန်းအောင်လေးတွေဆိုထင်ပါရဲ့..။ အတန်းပညာတပိုင်းတစနဲ့ သာသနာ့ဘောင်ဝင်လာတာ ..။နောက်တော့လည်း မပျော်တော့ လူထွက်ကြ..။ ခုပြန်တွေ့တော့ ဆင်းဆင်းရဲရဲပါပဲ..။ အတန်းပညာမတတ်တော့ ဘောလ်ပင်ကိုင်မယ့်ဌာနမှာ နေရာမရှိ.။ ဆွမ်းခံတာဟာ အကြမ်းဆုံးအလုပ်မို့ လောကီနယ်ထဲက ပခုံးထမ်းအလုပ်တွေနဲ့လည်း မ၀င်ဆန့်..။ လွယ်ပါဘူးကွယ်..။ ဒါပေမယ့် သင်္ကန်းကြီးနဲ့ စာရင် အဲဒီဆင်းရဲဝန်က ပေါ့သတဲ့..။တကယ်ဝတ်ကြည့်တော့ တကယ်လေးပါတယ်။

ဒါက ခုလူတွေ ပြောပြောနေတဲ့ ဟိုခေတ် ဟိုခေတ် ဆိုတဲ့ မကြာဝေးလှသေးတဲ့ လမင်းအူသံတောင် ကြားရတဲ့ ခေတ်ကြီးမှာလေ..။ ခု ခေတ်ပြောင်းတော့မယ် တဲ့ တူတော်မောင်တို့ ..။
မြင်ရသလောက်တော့ ခေတ်ကြီးက ရွေ့နေတာ သေချာတယ်..။ မြန်မြန်ရွေ့နဲ့ နှေးနှေးရွေ့ ဒါပဲ ကွာတော့မယ်..။

ခေတ်ပြိုင်ရွယ်တူ ကလေးငယ်တွေက ကွန်ပြူတာတဲ့..။ အင်တာနက်တဲ့..၊ နိုင်ငံခြားဘာသာစကား တဲ့.. ဝေါဟာရတွေ ပြောဆိုသုံးစွဲပြီး အိုင်ပက်ကလေးတွေ ၊ ဂိမ်းပလေးယာလေးတွေ ပိုက်ပြီး မော့မော့ သွားနေတာကို ခပ်ငေးငေးကြည့်နေကြရှာတဲ့ ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေကို မြင်တိုင်း ခေတ်ဟောင်းကြီးထဲမှာ ပြတ်ကျန်ခဲ့မယ့် သူတို့ရဲ့ အနာဂတ်အတွက် ရင်လေးမိပါရောလား..။

စင်ကာပူက ဘုန်းတော်ကြီးကျောင်းဝိဟာတစ်ခုမှာ သန့်ရှင်းရေးလုပ်နေကြရရှာတဲ့ ၀န်ထမ်းလင်မယားဟာ လီကွမ်ယုကြီးလျှောက်နေတဲ့ လမ်းအသစ်ကြီးကို မသိလိုက်မသိဘာသာ ငေးကြည့်ရင်း အလေးမထားခဲ့လို့ ပြတ်ကျန်ခဲ့ကြရရှာတဲ့ စင်ကာပူနိုင်ငံသားအစစ်တွေပါပဲ..။

ဆိုတော့ကွယ် လောကီလောကုတ္တရာမခွဲခြားဘဲ အနာဂတ်နိုင်ငံသားတွေအဖြစ် ကလေးငယ်တွေအားလုံးကို တိုင်းပြည်က ကြည့်တဲ့နေ့ မင်းတို့ သာသနာ့ဘောင်ထဲ ရဲရဲသာ ၀င်ခဲ့ကြပေရော..။

သာသနာမှာ ပျော်ရင် မင်းတို့ဟာ ဘက်စုံထူးချွန်တဲ့ သာသနာပြုရဟန်းတော်ကြီးတွေ ဖြစ်လာမယ်..။
သာသနာမှာ မပျော်လို့ လူထွက်ကြရင်လည်း မင်းတို့ဟာ သာသနာကို တကယ်အထောက်အပံ့ပေးနိုင်မယ့် ဥပါသကာကောင်းကြီးတွေ ဖြစ်လာကြလိမ့်မယ်။

ဦးလေးရဟန်း

ဓမ္မဂင်္ဂါ
(၁၈၊၁၁၊၂၀၁၂
(တူတော်မောင်များအတွက် ရေးလိုက်မိတဲ့ စာ..။ )

1 comment:

  1. i like this post to be looked back to us for preparing my life of future and getting some ideal thinking what to do and have ,,,, thanks for that...
    mr minister of Burma

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.