Saturday, December 29, 2012

ဗဟိုကော်မတီမှ လက်ပံတောင်းဒဏ်ရာရသံဃာများအား တွေ့ဆုံအားပေးခြင်း

ဒီနေ့နေ့လည် ၃နာရီခန့်က MSMO(ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့)၏ ကိုယ်စား ကော်မတီအကျိုးဆောင်ဆရာတော်များမှ လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ဆရာတော်များတက်ရောက်နေသော ထိုင်းဘုရင်မဟာမကုတ်စစ် ဆေးရုံသို့ သွားရောက်၍ အားပေးစကားပြောခြင်း၊ ငှက်သိုက်နှင့်ကြက်ပေါင်းရည်ဗူးများ လှူဒါန်းခြင်းများ ပြုခဲ့ပါသည်။ ယခင်ကလဲ ဆရာတော်ဦးဝီရသူထံသို့ အလှူငွေ ၆သိန်းကျပ် လှူဒါန်းပြီး ဖြစ်ပါသည်။

ဆရာတော်များ၏ ကျန်းမာရေးအခြေအနေများ မေးမြန်းကြည့်ရာ...

ကိုရင်သဇ္ဇန၊ သက်တော်- ၁၄၊ မြို့မရွှေဂူကျောင်း၊ မုံရွာ။

ကိုရင်ကတော့ တယောက်ထဲ နေရတဲ့အခါမှာတော့ အားငယ်တယ်၊ ခြေထောက်တွေကလဲ ညောင်းတယ် ကိုက်တယ်၊ ဒဏ်ရာကတော့ မနာဘူး၊ အိပ်လို့တော့ကောင်းပါတယ်လို့ ကိုရင်လေးမှ ပြောကြားပါတယ်။
ကိုရင်လေးကို ပြုစုစောင့်ရှောက်ဘို့အတွက် ဦးတေဇောသာရနှင့် အစိုးရဆရာဝန်ဒေါက်တာအေးမြင့်ထွန်းတို့ လိုက်ပါလာသည်။

ဆရာတော်ဦးတိက္ခ၊ သက်တော် ၆၄၊ ၀ါတော် ၁၂၀ါ။

ဘန်ကောက်မှာ ဆေးကုရတာ တော်တော်အဆင်ပြေပါတယ်၊ ၀မ်းသွားတဲ့အခါမှာတော့ ဒဏ်ရာက တော်တော်နာတယ်၊ အရင်လက်တွေလှုပ်လို့ မရဘူး အခုညာဘက်လက် လှုပ်လို့ရနေပါပြီ၊ အိပ်လို့လဲပျော်ပါတယ်၊ အော်ပရေးရှင်းဝင်တဲ့ အခါမှာတော့ လူသတ်ကွင်းထဲ ရောက်သွားသလိုပါဘဲတဲ့။

ဘန်ကောက်ဆေးရုံမှာ ဆေးကုစရိတ် တရက်ကို ၁၇၀၀၀၀(၁သိန်း ၇သောင်း)ဘတ်ကုန်ပါတယ်။ ၁၂ရက်ခန့် ဘန်ကောက်ဆေးရုံမှာ ကုသစရိတ်က ဘတ် ၇ သန်းခန့် ကုန်ပါတယ်ဆိုတဲ့အကြောင်း၊ ၎င်းကုန်ကျငွေများကို သမ္မတအစိုးရမှ ရှင်းပေးပါတယ်။ ယခုအခါမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ထိုင်းဘုရင်စစ်ဆေးရုံသို့ ဒီဇင်ဘာ ၂၅ရက်နေ့က ပြောင်းရွှေ့ ကုသနေပါတယ်။

ယခုကုသနေသော ထိုင်းဘုရင်စစ်ဆေးရုံမှ ၅ရက်စာအတွက် ဆေးကုသစရိတ် ၃သောင်း ၅ထောင်ဘတ် ကုန်ပါတယ်။ ဆရာတော်က မိမိရဲ့ခံစားချက်များမိန့်ကြားရာမှာတော့ တပည့်တော်မှာ ဘာစိတ်မှလဲ မထားပါဘူး၊ ဘယ်လို့မှလဲ မအောင့်မေ့ပါဘူး၊အနစ်နာခံတာလဲ မဟုတ်ပါဘူး။ လုပ်စရာရှိတာကို လုပ်သင့်တယ်လို့ ယူဆထားလို့ လုပ်လိုက်တာပါ၊ တပည့်တော်က ဗောဓိဆု ပန်ထားတော့ ဒီလိုကိစ္စမျိုးမှ ၀င်ပါ မဆောင်ရွက်ရင် ငါ ဗောဓိဆုနဲ့ မထိုက်တန်ဘူးဟု မိမိရဲ့ခံစားချက်များကို ရင်ဖွင့်ပါသည်။

ဆရာတော်များ၏ လိုအပ်ချက်အချို့ကို မိမိတို့မြန်မာကျောင်းသားရဟန်းတော်များမှလဲ တတ်စွမ်းသည့်ဘက်မှ အားပေးကူညီပေးသွားပါမည်ဆိုတဲ့အကြောင်း အားပေးစကားများပြောပြီး ပြန်လာခဲ့ကြပါသည်။  (29,12,2012)








By:  ပြန့်ကြားရေး

Friday, December 28, 2012

လက်ပံတောင်းတောင်မီးဘေးသင့် သံဃာတော်များအား MSMO မှ အလှူငွေပေးအပ်ခြင်း


လက်ပံတောင်းတောင် မီးဘေးသင့် သံဃာတော်များအတွက် ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များ( M.S.M.O ) အဖွဲ့မှ စုပေါင်း အလှူ ငွေကောက်ခံရရှိငွေ ဘတ် ၁၀၆၁၀ နှင့် MSMO အဖွဲ့မှ ဘတ် ၁၁၈၉၀ မြန်မာငွေ (၆ ) သိန်း ကျပ် ခြောက်သိန်းကျပ်တိတိ ကို မန္တလေးမြို့ ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူ မှ တဆင့် လှူဒါန်းခဲ့ပါသည်။

                                                                                           15.12.2012

Friday, December 14, 2012

Ambition, Ethic and Responsibility


အစည်းအဝေး ပင့်လျောက်ခြင်း

M.S.M.O ဗဟိုကော်မတီဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
သီတဂူဆရာတော် ဦးညာဏိဿရ အား Jan,5,12 တွင် သွားရောက်ဖူးမျှော်ခြင်း။ ဥက္ကဋ္ဌဆရာတော်၏ နှုတ်ထွက်စာအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ လက်ကျန် ဘဏ္ဍာရေးစာရင်းများ ရှင်းလင်းတင်ပြခြင်း နှင့် သံဃာစာရင်းများ အတည်ပြုခြင်း တို့ကို အစည်းအဝေးပြုလုပ်၍ တိုင်ပင်ဆွေးနွေးကြမည် ဖြစ်သဖြင့် ကြွရောက်တော်မူကြပါရန် ရိုသေစွာပင့်လျောက်ထားအပ်ပါသည်ဘုရား။
ပြန်ကြားရေး

နေရာ = ဝတ်တလုံး
အချိန် = ည ဂ နာရီ
နေ့     = 28,12,12

Saturday, December 8, 2012

ပညာသင်စရိတ် ထောက်ပံ့ခြင်း

ထိုင်းနိုင်ငံ၊ တလကုန်း၊ သဟပုညကာရီအသင်းမိသားစုမှ လစဉ် ၁၄ ကြိမ်မြောက်၊ ၁နှစ်ပြည့် အနေဖြင့်ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ငွေ ၆၅၀၀ ဘတ်ကို ဘဏ္ဍာရေး(၂)ဦးပုညသေဋ္ဌအား လာရောက်အပ်နှံသွားကြောင်း သိရှိရပါသည်။

ပညာဥာဏ်ကြီးပွားစေရန်အလို့ငှာ၎င်း၊ သံသရာခရီးလမ်း လျှောက်လှမ်းရာ၌ မပင်မပန်း လျှောက်လှမ်း ဖြတ်သန်းနိုင်ရန်၎င်း၊ နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းအပ်သော ကုသိုလ်အစုစုကို နတ်လူ သာဓု ခေါ်စေသောဝ်။


Posted by: ပြန့်ကြားရေး

Friday, December 7, 2012

MSMO အသင်းအား ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း

၈၊၁၂၊ ၂၀၁၂ခု စနေနေ့တွင်  ထိုင်းနိုင်ငံရောက်မြန်မာကျောင်
းသားရဟန်းတော်များအတွက် ပညာသင်စရိတ်အလို့ငှါ 
 လကပန်  ချာလောင်ကုန်း ဆွယ်(၃၃) ဆွယ်လုနဖာ စက်ရုံမြန်မာအလုပ်သမားမိသားစု
များက စုပေါင်းကာ  ဘဏ္ဍာရေးမှူး(၂) ဦးပုညသေဋ္ဌအား 7000ဘတ်ကို လာရောက်လှူဒါန်းခဲ့ပါကြောင်း သိရပါသည်။

ပညာဥာဏ်ကြီးပွားစေရန်အလို့ငှာ၎င်း၊ သံသရာခရီးလမ်း လျှောက်လှမ်းရာ၌ မပင်မပန်း လျှောက်လှမ်း ဖြတ်သန်းနိုင်ရန်၎င်း၊ နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းအပ်သော ကုသိုလ်အစုစုကို နတ်လူ သာဓု ခေါ်စေသောဝ်။


Posted by: ပြန့်ကြားရေး


Saturday, December 1, 2012

MSMO အသင်း၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲ

MSMO ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းပွဲကို 1, 12, 2012နေ့၌ ၀ပ်တလုံးကျောင်းတိုက်မှာ စည်းကားစွာကျင်းပခဲ့ကြပါသည်။ ယခုနှစ်၌ ကျောင်းသားရဟန်းတော် 180 ပါးခန့်အား တပါးလျှင် ဘတ် ၂ထောင် ထောက်ပံ့နိုင်ခြင်း၊ ပညာသင်ရဟန်းတော်များ ယခင်နှစ်များထက် ပို၍များလာခြင်း၊ လှူဒါန်းထောက်ပံ့သည့် အလှူရှင်များလည်း ပို၍များလာခြင်းကြောင့် ဗဟိုကော်မတီ သံဃာတော်များမှ ၀မ်းမြောက်ဝမ်းသာ ပီတီဖြစ်ရပါသည်။

မိမိတို့ဗဟိုကော်မတီ သံဃာများမှလဲ သံဃာ့ဝေယျာဝစ္စကို ဆက်၍တတ်အားသည့်အလျှောက် တာဝန်ပြီးဆုံးချိန်အထိ ကြိုးစား၍ ထမ်းဆောင်သွားပါမည်။ ယနေ့ပြုလုပ်သော အစည်းအဝေးမှာ ကျောင်းသားရဟန်းတော်များ အချင်းချင်း စည်းဝေးကြ၊ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊ အဖြေရှာကြသည်မှာ နောင် MSMOအသင်း၏ ရှေ့အနာဂတ်တိုးတက်ဘို့ များစွာအထောက်အကူ ဖြစ်စေပါသည်။ အချင်းချင်းလဲ စိတ်ထဲမှာ မထားဘဲ ပွင့်ပွင့်လင်းလင်း လျှောက်ထားချက်၊ အကြံပြုချက်များသည် တပည့်တော်တို့၏ ညီတော်နောင်တော်များအသင်းအတွက် ၀မ်းသာစရာကောင်းသော မြင်ကွင်းတခုဖြစ်ပါသည်။

လစ်လပ်သွားသော ဒုတိယဥက္ကဋ္ဌနေရာကိုလဲ ပြန်လည်ရွေးချယ် ပေးကြပါသည်။ ရွေးကောက်ရာ၌ ကျောင်းသားသံဃာအများစု၏ မဲဆန္ဒအတိုင်း ရွေးကောက်တင်မြောက်ခြင်းဖြစ်၍ မျှတသော ရွေးကောက်ပွဲဖြစ်ပါသည်။ ကျောင်းသားကော်မတီဥက္ကဋ္ဌဆရာတော်ဦးတေဇဓမ္မမှ မိမိလက်ထက်၌ ကျောင်းသားများအား ပညာသင်စရိတ်ပိုမိုထောက်ပံ့နိုင်ခြင်းကို ၀မ်းသာကြောင်းနှင့် အခြားသော ကော်မတီဝင်သံဃာများမှလဲ မိမိတို့စွမ်းသလောက် ကြိုးစားဆောင်ရွက်သွားမည်ဟု အသီးသီးလျှောက်ထား ပန်ကြားသည်မှာ အသင်းအတွက် အားတက်ဖွယ်ဖြစ်ပေသည်။ ဆရာတော်ဦးပုညသေဋ္ဌမှလဲ အစည်းအဝေးတက်ရောက်သော ကျောင်းသားရဟန်းတော်များအား Lucky Draw ကံစမ်းပွဲလုပ်၍ နေ့ဆွမ်းလဲဆက်ကပ်ပါသည်။

 ထို့အတူ MSMOအသင်း၏ နောက်တကြိမ် ၆-လပတ် အစည်းအဝေးနှင့်  ပညာသင်စရိတ်ထောက်ပံ့ပွဲကို ၄-လပိုင်း၊ ၂၀၁၃၌ ဆက်၍ပြုလုပ်သွားပါမည်။ ၎င်းအချိန်မှာပင် ဗဟိုကော်မတီအသစ် ရွေးကောက်ပွဲကိုလဲ တပြိုင်တည်းပြုလုပ်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း၍ အသိပေးလျှောက်ထားအပ်ပါသည်ဘုရား။ MSMOကျောင်းသားအသင်းဝင် သံဃာများလဲ နောင်လာမည့်အစည်းအဝေး၌ စုံလင်စွာ ကြွရောက်ပေးနိုင်မည်လို့ မျှော်လင့်ပါသည်ဘုရား။

အခမ်းအနားအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကိုလဲ ဝေေ၀ဆာဆာဖြင့် တင်ပြလိုက်ပါသည်....



Posted by: ပြန့်ကြားရေး








Myanmar Student Monks Organization in Thailand. Powered by Blogger.