Saturday, December 29, 2012

ဗဟိုကော်မတီမှ လက်ပံတောင်းဒဏ်ရာရသံဃာများအား တွေ့ဆုံအားပေးခြင်း

ဒီနေ့နေ့လည် ၃နာရီခန့်က MSMO(ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့)၏ ကိုယ်စား ကော်မတီအကျိုးဆောင်ဆရာတော်များမှ လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ဆရာတော်များတက်ရောက်နေသော ထိုင်းဘုရင်မဟာမကုတ်စစ် ဆေးရုံသို့ သွားရောက်၍ အားပေးစကားပြောခြင်း၊ ငှက်သိုက်နှင့်ကြက်ပေါင်းရည်ဗူးများ လှူဒါန်းခြင်းများ ပြုခဲ့ပါသည်။ ယခင်ကလဲ ဆရာတော်ဦးဝီရသူထံသို့ အလှူငွေ ၆သိန်းကျပ် လှူဒါန်းပြီး ဖြစ်ပါသည်။

ဆရာတော်များ၏ ကျန်းမာရေးအခြေအနေများ မေးမြန်းကြည့်ရာ...

ကိုရင်သဇ္ဇန၊ သက်တော်- ၁၄၊ မြို့မရွှေဂူကျောင်း၊ မုံရွာ။

ကိုရင်ကတော့ တယောက်ထဲ နေရတဲ့အခါမှာတော့ အားငယ်တယ်၊ ခြေထောက်တွေကလဲ ညောင်းတယ် ကိုက်တယ်၊ ဒဏ်ရာကတော့ မနာဘူး၊ အိပ်လို့တော့ကောင်းပါတယ်လို့ ကိုရင်လေးမှ ပြောကြားပါတယ်။
ကိုရင်လေးကို ပြုစုစောင့်ရှောက်ဘို့အတွက် ဦးတေဇောသာရနှင့် အစိုးရဆရာဝန်ဒေါက်တာအေးမြင့်ထွန်းတို့ လိုက်ပါလာသည်။

ဆရာတော်ဦးတိက္ခ၊ သက်တော် ၆၄၊ ၀ါတော် ၁၂၀ါ။

ဘန်ကောက်မှာ ဆေးကုရတာ တော်တော်အဆင်ပြေပါတယ်၊ ၀မ်းသွားတဲ့အခါမှာတော့ ဒဏ်ရာက တော်တော်နာတယ်၊ အရင်လက်တွေလှုပ်လို့ မရဘူး အခုညာဘက်လက် လှုပ်လို့ရနေပါပြီ၊ အိပ်လို့လဲပျော်ပါတယ်၊ အော်ပရေးရှင်းဝင်တဲ့ အခါမှာတော့ လူသတ်ကွင်းထဲ ရောက်သွားသလိုပါဘဲတဲ့။

ဘန်ကောက်ဆေးရုံမှာ ဆေးကုစရိတ် တရက်ကို ၁၇၀၀၀၀(၁သိန်း ၇သောင်း)ဘတ်ကုန်ပါတယ်။ ၁၂ရက်ခန့် ဘန်ကောက်ဆေးရုံမှာ ကုသစရိတ်က ဘတ် ၇ သန်းခန့် ကုန်ပါတယ်ဆိုတဲ့အကြောင်း၊ ၎င်းကုန်ကျငွေများကို သမ္မတအစိုးရမှ ရှင်းပေးပါတယ်။ ယခုအခါမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ထိုင်းဘုရင်စစ်ဆေးရုံသို့ ဒီဇင်ဘာ ၂၅ရက်နေ့က ပြောင်းရွှေ့ ကုသနေပါတယ်။

ယခုကုသနေသော ထိုင်းဘုရင်စစ်ဆေးရုံမှ ၅ရက်စာအတွက် ဆေးကုသစရိတ် ၃သောင်း ၅ထောင်ဘတ် ကုန်ပါတယ်။ ဆရာတော်က မိမိရဲ့ခံစားချက်များမိန့်ကြားရာမှာတော့ တပည့်တော်မှာ ဘာစိတ်မှလဲ မထားပါဘူး၊ ဘယ်လို့မှလဲ မအောင့်မေ့ပါဘူး၊အနစ်နာခံတာလဲ မဟုတ်ပါဘူး။ လုပ်စရာရှိတာကို လုပ်သင့်တယ်လို့ ယူဆထားလို့ လုပ်လိုက်တာပါ၊ တပည့်တော်က ဗောဓိဆု ပန်ထားတော့ ဒီလိုကိစ္စမျိုးမှ ၀င်ပါ မဆောင်ရွက်ရင် ငါ ဗောဓိဆုနဲ့ မထိုက်တန်ဘူးဟု မိမိရဲ့ခံစားချက်များကို ရင်ဖွင့်ပါသည်။

ဆရာတော်များ၏ လိုအပ်ချက်အချို့ကို မိမိတို့မြန်မာကျောင်းသားရဟန်းတော်များမှလဲ တတ်စွမ်းသည့်ဘက်မှ အားပေးကူညီပေးသွားပါမည်ဆိုတဲ့အကြောင်း အားပေးစကားများပြောပြီး ပြန်လာခဲ့ကြပါသည်။  (29,12,2012)








By:  ပြန့်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.