Saturday, December 1, 2012

MSMO အသင်း၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲ

MSMO ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းပွဲကို 1, 12, 2012နေ့၌ ၀ပ်တလုံးကျောင်းတိုက်မှာ စည်းကားစွာကျင်းပခဲ့ကြပါသည်။ ယခုနှစ်၌ ကျောင်းသားရဟန်းတော် 180 ပါးခန့်အား တပါးလျှင် ဘတ် ၂ထောင် ထောက်ပံ့နိုင်ခြင်း၊ ပညာသင်ရဟန်းတော်များ ယခင်နှစ်များထက် ပို၍များလာခြင်း၊ လှူဒါန်းထောက်ပံ့သည့် အလှူရှင်များလည်း ပို၍များလာခြင်းကြောင့် ဗဟိုကော်မတီ သံဃာတော်များမှ ၀မ်းမြောက်ဝမ်းသာ ပီတီဖြစ်ရပါသည်။

မိမိတို့ဗဟိုကော်မတီ သံဃာများမှလဲ သံဃာ့ဝေယျာဝစ္စကို ဆက်၍တတ်အားသည့်အလျှောက် တာဝန်ပြီးဆုံးချိန်အထိ ကြိုးစား၍ ထမ်းဆောင်သွားပါမည်။ ယနေ့ပြုလုပ်သော အစည်းအဝေးမှာ ကျောင်းသားရဟန်းတော်များ အချင်းချင်း စည်းဝေးကြ၊ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊ အဖြေရှာကြသည်မှာ နောင် MSMOအသင်း၏ ရှေ့အနာဂတ်တိုးတက်ဘို့ များစွာအထောက်အကူ ဖြစ်စေပါသည်။ အချင်းချင်းလဲ စိတ်ထဲမှာ မထားဘဲ ပွင့်ပွင့်လင်းလင်း လျှောက်ထားချက်၊ အကြံပြုချက်များသည် တပည့်တော်တို့၏ ညီတော်နောင်တော်များအသင်းအတွက် ၀မ်းသာစရာကောင်းသော မြင်ကွင်းတခုဖြစ်ပါသည်။

လစ်လပ်သွားသော ဒုတိယဥက္ကဋ္ဌနေရာကိုလဲ ပြန်လည်ရွေးချယ် ပေးကြပါသည်။ ရွေးကောက်ရာ၌ ကျောင်းသားသံဃာအများစု၏ မဲဆန္ဒအတိုင်း ရွေးကောက်တင်မြောက်ခြင်းဖြစ်၍ မျှတသော ရွေးကောက်ပွဲဖြစ်ပါသည်။ ကျောင်းသားကော်မတီဥက္ကဋ္ဌဆရာတော်ဦးတေဇဓမ္မမှ မိမိလက်ထက်၌ ကျောင်းသားများအား ပညာသင်စရိတ်ပိုမိုထောက်ပံ့နိုင်ခြင်းကို ၀မ်းသာကြောင်းနှင့် အခြားသော ကော်မတီဝင်သံဃာများမှလဲ မိမိတို့စွမ်းသလောက် ကြိုးစားဆောင်ရွက်သွားမည်ဟု အသီးသီးလျှောက်ထား ပန်ကြားသည်မှာ အသင်းအတွက် အားတက်ဖွယ်ဖြစ်ပေသည်။ ဆရာတော်ဦးပုညသေဋ္ဌမှလဲ အစည်းအဝေးတက်ရောက်သော ကျောင်းသားရဟန်းတော်များအား Lucky Draw ကံစမ်းပွဲလုပ်၍ နေ့ဆွမ်းလဲဆက်ကပ်ပါသည်။

 ထို့အတူ MSMOအသင်း၏ နောက်တကြိမ် ၆-လပတ် အစည်းအဝေးနှင့်  ပညာသင်စရိတ်ထောက်ပံ့ပွဲကို ၄-လပိုင်း၊ ၂၀၁၃၌ ဆက်၍ပြုလုပ်သွားပါမည်။ ၎င်းအချိန်မှာပင် ဗဟိုကော်မတီအသစ် ရွေးကောက်ပွဲကိုလဲ တပြိုင်တည်းပြုလုပ်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း၍ အသိပေးလျှောက်ထားအပ်ပါသည်ဘုရား။ MSMOကျောင်းသားအသင်းဝင် သံဃာများလဲ နောင်လာမည့်အစည်းအဝေး၌ စုံလင်စွာ ကြွရောက်ပေးနိုင်မည်လို့ မျှော်လင့်ပါသည်ဘုရား။

အခမ်းအနားအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကိုလဲ ဝေေ၀ဆာဆာဖြင့် တင်ပြလိုက်ပါသည်....



Posted by: ပြန့်ကြားရေး








1 comment:

  1. ဝမ်းသာပီတိ ဖြစ်ရပါသည်ဘုရား

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.