Thursday, October 16, 2014

ကထိနသည် ပါဠိဝေါဟာရဖြစ်ပါသည်။

           
ကထိနသည် ပါဠိဝေါဟာရဖြစ်ပါသည်။ ကထိနဟူသော ပါဠိစကားလုံးမှ န-အပေါ်အသတ်တင်၍ (န်) ကထိန်ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကထိန်ဟူသော စကားလုံးသည် ပါဠိမှဆင်းသက်လာကာ မြန်မာမှု ပြုထားသော ပါဠိသက်စကားလုံး ဖြစ်ပါသည်။ ခိုင်မြဲ၍အဓွန့်ရှည်သော ကုသိုလ်ဟု အဓိပ္ပါယ်ရပါသည်။ ဗုဒ္ဓမြတ်ဘုရားနှင့်သူတော်စင်တို့ချီးကျူးအပ်သောကြောင့် အလွန်မွန်မြတ်သည့်အလှူလည်း မည်ပါသည်။
ကထိန်ကို မြတ်စွာဘုရားသခင်က ကောသလမင်းကြီးနှင့်အဖေတူအမေကွဲ ညီအစ်ကိုများဖြစ်ကြသော ဘဒ္ဒဝဂ္ဂီမင်းမျိုးမင်းနွယ်ဝင်ရဟန်းအပါး(၃၀)တို့ အပေါ် ကရုဏာတော်ထား၍ပထမဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်များသည် ဓုတင်ဆောင် သောအရိယသူတော်စင်များဖြစ်ကြသော်လည်း ရဟန္တာများမဟုတ်ကြသေးပါ။ ထိုရဟန်းများသည် အနာထပိဏ် သူဋ္ဌေးကြီး၏ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရန်အတွက် ၎င်းတို့ သီတင်းသုံးရာဇာတိနေရပ်ဖြစ်သော ပါဝါမြို့တော်မှ သာဝတ္ထိမြို့ သို့ခရီးထွက်လာခဲ့ကြသည်။
သို့သော်ထိုရဟန်းတော်များသည် သာဝတ္ထိမြို့တော်သို့မိုးရာသီအစ ဖြစ်သောဝါဆိုလတွင် မရောက်ရှိနိုင်ကြပေ။ ထိုအချိန်ကမိုးရာသီကာလတွင်ရဟန်းသံဃာတော်များသည် ခရီးသွားရန် မလွယ်ကူကြပါ။ ထို့ကြောင့်ရဟန်းများသည်ဝါဆိုဝါကပ်ရက်ရောက်နေသဖြင့် ဝါတွင်းသုံးလတွင်သာကေတ၌သီတင်းသုံးနေထိုင်ခဲ့ ကြရပြီးမှ ခရီးဆက်ခဲ့ကြရပါသည်။
သံဃာတော်များသည် ခြိုးခြံကျင့်ကြံတော်မူသော ရဟန်းတော်များဖြစ်ကြသောကြောင့် သင်္ကန်းများစွာပိုင်ဆိုင်ခွင့်မရှိပါ။တိစီဝရိတ်မည်သော သင်းပိုင်၊ ကိုယ်ဝတ်ဧကသီနှင့်ဒုကုဋ်နှစ်ထပ် သင်္ကန်း စုစုပေါင်းသုံးထည်ကိုသာသုံးခွင့်ရှိပါသည်။ မိုးပြင်းများ၊ စပါးခင်းများ ၊ မြစ်ချောင်းများ၊ ကိုဖြတ်သန်းခရီးနှင်ခဲ့ကြရသည့်ထိုရဟန်းတော်များသည် မြတ်စွာဘုရားကိုဖူးမျှော်ရန်သာဝတ္ထိသို့ ရောက်ရှိကြသည့်အခါတွင် ထိုရဟန်းတို့၏သင်္ကန်းများသည် ရွှံ့နွံများပေကျံကာရွှဲနစ်လျက်ရှိသည်။ မြတ်စွာဘုရားသိတော်မူသည့်အခါ ရှေးဘုရားတို့လည်းခွင့်ပြုတော်မူခဲ့ကြသည့်အတိုင်း ‘‘အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခုနံ ကထိနံ အတ္ထရိတုံ’’စသည်ဖြင့် အကျိုးငါးပါးတို့ကို ခိုင်မြဲစွာရနိုင်သော ကထိန်ခင်းခြင်းအမှုကိုပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ခွင့်ပြုတော်မူခြင်းကြောင့် ကထိန်သည်ဖြစ်ပေါ်လာခဲ့၏။
မြတ်စွာဘုရားသခင်သည် ရဟန်းများ၏ကြံ့ကြံ့ခံနိုင်မှုကိုကရုဏာထားတော်မူလျက် အလှူရှင် ဒါယိကာ၊ဒါယိကာမ များကို ကြီးမြတ်တော်မူသော ကုသိုလ်ကောင်းကျိုးကို အပြည့်အဝရရှိစေနိုင်သည့် ကထိန်သင်္ကန်းများကို ရဟန်းသံဃာတော်များအား မိုးရာသီကုန်ဆုံးသည့်လပြည့်နေ့မှ နောက်လပြည့်နေ့အတွင်း ကထိန်သင်္ကန်းများလှူဒါန်းဆက်ကပ်ရန် ခွင့်ပြုတော်မူခဲ့သည်။အချိန်ကာလအားဖြင့်အောက်တိုဘာလနှင့်နိုဝင်ဘာ လများအတွင်းဖြစ်သည်။
ကထိနသဒ္ဒါ(ကထိန်)၏အဓိပ္ပါယ် ကထိန်ကျေးဇူးဟူသည်မှာ
ကထိနသည် မလှုပ်မရှားခိုင်မြဲခြင်း၏အနက်ကိုဟော၏။ အကျိုးတရားငါးပါးတို့ကို ခိုင်ခိုင်မြဲမြဲ ဖြစ်စေတတ်သောကြောင့် ‘‘ကထိန’’ကထိန်ဟုဆိုကြ၏။
(၁) (တစ်နည်း)ဝိနည်းနှံ့စပ် မထေရ်မြတ်တို့ ခင်းအပ်ခြင်းရာ ကထိန်သာမှန်စွာမှတ်လိုက်ပါ။ ကုသလေဟိ အတ္ထရီယတေဟိ ကထိနံ [ထရ-သန္ထရဏေ]
(၂) ကောင်းသောခြင်းရာ မင်္ဂလာပေါင်း၊ ဝင်းထိန်ကြောင်း ထပ်လောင်းကထိန်သာ [ဒိဝု-ဒိတ္တိမှိ]
(၃) အာပတ်ညစ်ကြေး၊ အပြစ်ဘေးမှ ကင်းဝေးစေဟု စင်ကြယ်မှု၊ ခေါ်ပြုကထိန်သာ
[ကတိ-ေဆဒေန ကစ ၦတီတိ ကထိနံ]
(၄) မြဲမြံခိုင်ခန့် တည်တန့်အကျိုး ရည်မျှော်ကိုး ပွါးတိုးကထိန်သာ [ရုဠီ အနိပ္ဖန္နပုဒ်၊ ကထိနံ ထိရန္တိ အတ္ထော။ ကင်္ခါဠီကာသစ်]
(၅) ငြိငြင်မှုကင်း သက်ရှည်ခြင်းဖြစ်၊ ပင်ရင်းသစ်ပင်လို ပမာဆို ခေါ်ဆိုကထိန်သာ [တဋ္ဌ အတိစ္ဆဇီဝနေ-တဋ္ဌတီတိ ကထိနော၊ ကထိနောဝိ ယ ကထိနံ]
ဝဿံ ဝုတ္ထာနံ အတ္ထရိတုံ အနုညာယတေတိ ကထိနံ
ဝိဂြိုဟ်အရ = ပုရိမဝါကျွတ်သောရဟန်းတို့အား ခင်းခြင်းငှါခွင့်ပြုအပ်သောကြောင့် ကထိန်ဟုဆိုပါသည်။
ကထိန်သင်္ကန်းလှူဒါန်းနိုင်သူ
လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခမာန်မဖြစ်စေ၊ မည်သူမဆို ကထိန်ကာလ၌သင်္ကန်းကိုလှူဒါန်းနိုင်၊ ကထိန်ဒါယကာပြုလုပ်နိုင်ကြ၏။
ကထိန်ခင်းသောကာလ
ဘုရားရှင်သည် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုခဲ့သော်လည်း၊ ကထိန်ခင်းခြင်းကို ရာသီမရွေး အချိန်အခါ မရွေး ခင်းချင်တိုင်းတော့ မခင်းရပါ။
ကထိနဿ အတ္ထာရမာသော ဇာနိတဗ္ဗောတိ။
ဝဿာနဿ ပစ္ဆိမော မာသော ဇာနိတဗ္ဗော။ [ပရိဝါ ပါဠိ၊ ကထိန ဘေဒ]
အထက်ပါ ပရိဝါ ပါဠိတော်ကထိနဘေဒ၌ လာသည့်အတိုင်း ကထိန်ခင်းထိုက်သောကာလဟူသည် မိုးလ၏နောက်ဆုံးတစ်လဟုဆို၏။ မိုးဥတု၏နောက်ဆုံးတစ်လကား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသည်သာကထိန်ခင်းအပ်သော ကာလဖြစ်၏။ ထိုကာလတစ်လအတွင်း ကထိန်သင်္ကန်း ဖြစ်ပေါ်ရာ၊ ကထိန်ခင်းရန် သင်္ကန်းရသောနေ့၌ပင် ကထိန်ခင်းရသည်။ ကထိန်ခင်းခြင်းကို တစ်နှစ်မှာ တစ်လသာ တစ်လတွင်း၌ပင်၊ တစ်ရက်တည်းလည်း ကျောင်းတိုက်တစ်တိုက်တွင် တစ်ကြိမ်သာ ခင်းအပ်၏။ တစ်နှစ်တွင် ကျောင်းတိုက်တစ်တိုက်အတွင်း နှစ်ကြိမ်မခင်းအပ်ပါ။
လင်္ကာ**မိုးနောက်ဆုံးလ ၊ ကထိန်ကျ၊ ခင်းရထိုအခါ။ (သံခိပ်)
**သံဃိကစစ် ၊ သင်္ကန်းဖြစ်မှ ခင်းလို့ရ ငါးဝအကျိုးရမည်သာ။
သင်္ကန်းသံဃိ ၊ မဖြစ်ဘိ၊ ခင်းသည့်မမြောက်ပါ။
ကထိန်မအပ် ၊ ကျိုးမမြတ် သိကြများသူငါ။
**ပုရိမဝါ ကောင်းစွာကျွတ်ထ ၊ ပဌမ ပဝါရဏာပြုပြီးခါ၊
သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ၊
ပုဗ္ဗကရဏံ ပစ္စု ဒ္ဓံစ ၊ အင်ရှစ်ဝနှင့်ပြည့်ထသူသာ၊
ကထိနာ ခင်းရာ ထိုက်လေမှတ်။ (သံခိပ်)

ကထိန် အကျိုးကျေးဇူး
ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။

ရဟန်းတော်တို့ ရအပ်သော ကထိန်အကျိုး(၅)ပါး
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်း
အကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်း
အကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း
အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက်
ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကို
ရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]
ကထိန်အလှူရှင်တို့ ရအပ်သော အကျိုး(၅)ပါး
လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊ ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။ [အောင်တော်မူမှတ်စု]
(၁) ပထမအကျိုး
(က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ
ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊
အန္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊
ပထမ ရအပ်အကျိုးပါ။
(၂)ဒုတိယ အကျိုး
(ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊
သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊
ဒုတိယ - ရအပ်အကျိုးပါ၊။
(၃) တတိယအကျိုး
(ဂ) ကထိန်ဒါန ပြုကြသူမှာ
ကောင်းမွန်ဟာရ ၊ စားရပေတာ
အစာစား ဆိပ်ကား ၊ မသင့်တာ။
တတိယ ရအပ်အကျိုးပါ။
(၄) စတုတ္ထ အကျိုး
(ဃ) ကထိန်ဒါန ပြုကြသူမှာ
ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊
စည်းစိမ်များ ပေါများလွန်သာယာ
စတုတ္ထ ရအပ်အကျိုးပါ။
(၅) ပဉ္စမ အကျိုး
(င) ကထိန်ဒါန ပြုကြသူမှာ
ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊
လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။
ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးပါ။

ကထိနအလှူဒါန၏ထူးခြားချက်


ဗုဒ္ဓဘာသာတွင်အကျိုးဖြစ်ထွန်းစေသောအလှူဒါနများစွာရှိပါသည်။ ယေဘုယျအားဖြင့် လှူဒါန်းသူကိုသာ အကျိုးဖြစ်ထွန်းစေပါသည်။ ကထိန်သင်္ကန်းလှူဒါန်းသော ကထိန ဒါနသည် လှူဒါန်းသောအလှူရှင်ကိုသာမက အလှူဒါနလက်ခံသော ရဟန်းကိုပါ ဆုံးစမရှိသောကုသိုလ်အကျိုး ဖြစ်ထွန်းစေခြင်းကြောင့် ထူးခြားသော အလှူဒါနဖြစ်ပါသည်။ ဗုဒ္ဓသာသနာတွင် အလှူရှင်များအနေဖြင့် ရဟန်းသံဃာတော်များ၏ဝိနည်းသိက္ခာမှ ကင်းလွတ်စေပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်သော အလှူမှာ ကထိနဒါန အလှူသာရှိပါသည် ၊ ထို့ကြောင့်ကထိနဒါနသည် အလွန်မွန်မြတ်သော၊ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ချီးကျူးမှုရရှိသော အလှူဒါနဖြစ်ပါသည်။

http://yatanavasa.blogspot.com/2010/10/blog-post_14.html မှ ကူးယူဖေါ်ပြပါသည်.....kozaw ta { Dhamma Mee Ein }

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.